Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 14, 2015

တောင်သမန်အင်းထဲက သစ်ခြောက်တစ်ပင်

တောင်သမန်အင်းထဲရှိ နာမည်ကျော်သစ်ခြောက်ပင် နှစ်ပင်အနက်မှ တစ်ပင် မရှိတော့သည့်အကြောင်း ပြောပြသောအခါ မောင်က ပေါ့ပေါ့တန်တန်ပင် သဘောထားကာ ရယ်တော့
ထိုသစ်ပင်တို့၏ပုံပြင်အကြောင်း မောင့်ကို ကျွန်မပြောပြခဲ့မိသည်။ ကျွန်မအတွက်တော့ ထိုသစ်ခြောက်ပင် နှစ်ပင်သည် အဓိပ္ပာယ်များစွာရှိပါသည်။

သူတို့နှစ်ပင်ကို လွန်ခဲ့သည့် ရာစုနှစ် တစ်ခုကျော် ၁၈၇၅ ခုနှစ်ကတည်းက သည်တောင်သမန်အင်း နေရာမှာ တူတူမွေးဖွားခဲ့ကြသည်။ ငယ်တုန်းကတော့ သူတို့ အမည်သည် မယ်ဇယ်ပင်ဟု ခေါ်ပါလိမ့်မည်။

သူတို့သည် အခြားသော မယ်ဇယ်ပင်များ၏အဝေး တောင်သမန်အင်းနေရာမှာ နေပူပူ မိုးရွာရွာ တူတူရှိခဲ့ကြမည်။ အခက်အလက်တွေ ဝေဆာခဲ့ကြမည်။ မဉ္ဇူသကနတ်ပန်းဟုတင်စားသော ပျားရည်ရောင် အပွင့် ၀ါဝါနုနုတို့ အပြိုင်ပွင့်ခဲ့ကြမည်။ သူတို့ပုခုံးမှာ ငှက်မောင်နှံများ၊ သူတို့အရိပ်မှာ စုံတွဲများ နားခိုခဲ့ကြဖူးမည်။

မိုးဒဏ်၊ ရေဒဏ်၊လေဒဏ်တို့ကို အတူရင်ဆိုင်ရင်း ကြံ့ကြံ့ခံပြီး သေဆုံးသွားကြတော့လည်း နှစ်ဦးသား မခွဲခွာခဲ့ကြ။ အရိုးပြိုင်းပြိုင်းနှင့် ရံဖန်ရံခါ ရေထဲ၊ ရံဖန်ရံခါ ကုန်းကမူပေါ် ။ရေအတက်အကျကသာ ပြောင်းသွားမည်။ သူတို့ကတော့ ဘာမှမပြောင်းလဲခဲ့။

ဦးပိန်တံတား၏ အလှသည် သူတို့နှင့်တွဲမှ ပိုအသက်ဝင်လာတတ်သည်။ သူတို့သည် အသက်မဲ့နေသော်လည်း တောင်သမန်၏ သက်ရှိချစ်ပုံပြင်သာဖြစ်သည်။
ယခုတော့ ထိုပုံပြင် တစ်ခြမ်းပျောက်ရှသွားခဲ့ပြီ။ တောင်သမန်အင်းရေထဲကို ကျပျောက်သွားသလား၊ မြေကြီးထဲ ငုပ်လျှိုးသွားပြီလား ဘယ်သူမှမသိနိုင်တော့။

တစ်ပင်တည်းသာ ကျန်တော့သော သစ်ခြောက်ပင်ကြီးကို ကြည့်ရသည်မှာ ပြန်မလာနိုင်တော့မည့် ငယ်ချစ်ဦးကို စောင့်မျှော်နေသည့် အဘိုးအိုတစ်ဦးလို တိတ်ဆိတ်ကြေကွဲစရာကောင်းလွန်းလှသည်။

သေအတူ ရှင်မကွာရှိခဲ့သည့် သစ္စာအကြောင်းသည် မောင့်အတွက် ပြက်လုံးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွန်မအတွက်တော့ မျက်ရည်များသာဖြစ်ပါလိမ့်မည်။
ပုံပြင်အဆုံးတွင် မောင့်ရယ်သံများတိတ်ဆိတ်သွားခဲ့မည်ဆိုပါက ကျွန်မ မောင့်ကို သစ္စာထားရကျိုးနပ်ပါပြီ။
ယဉ် ယဉ်နှောင်း

Photo credit - Ko Kyaw Thu

No comments:

Post a Comment