Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

အားလုံးက ချစ်သူရသွားပြီလို့ ထင်ပေမယ့် အချစ်ရေးက Single ပါလို့ ဆိုလိုက်တဲ့ မေမြတ်နိုး

အချစ်ရေးနဲ့ပတ်သက်ပြီး Single ပါလို့ပြောပြလာတဲ့ မေမြတ်နိုးက တလောက မင်းသားတစ်လက်နဲ့သူ့ကို ထင်ကြေးပေးနေကြတာ မဟုတ်တဲ့အကြောင်း၊ အချစ်အကြောင်းကို မစဉ်းစားသေးသလို အနုပညာ အလုပ်တွေနဲ့ပဲ အချိန်ကုန်ဖြစ်နေတဲ့အကြောင်း ပြောပြလာပါတယ်။

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ဒီနေ့ရိုက်တဲ့ကားလေးက မော်တာနဲ့ပန်ကာတဲ့။ ကိုဖြိုးရယ်၊ ကိုနေသူရိန်ရယ်၊ မြတ်နိုးရယ်ပေါ့။ သူတို့နှစ်ယောက်က မော်တာနဲ့ပန်ကာ၊ မြတ်နိုးကတော့ ပုလဲဖြူဆိုတဲ့ ကောင်မလေးနေရာကပေါ့။ ဒီသုံးယောက်ဆုံသွားတော့ ငလိမ်၊ ငဘက်တွေပေါ့။

-ဒီကားကညီမလေးရိုက်ထားတဲ့ ဗီဒီယိုတွေထဲမှာ ဘယ်နှစ်ကားမြောက်လို့ပြောလို့ရမလဲ။

၁၅ ကားမြောက်ပါ။

-အခုလောလောဆယ် ညီမလေးရိုက်ဖြစ်နေတဲ့တိုက်တွေက ဘယ်တိုက်တွေများဖြစ်မလဲ။

လပ်ကီးဆဲဗင်း၊ လပ်ကီးဘော့စ်၊ သင်္ကေတအပြင် အခု 77 ပေါ့။ ကမ်းလှမ်းထားတဲ့တိုက်မှန်သမျှနဲ့တော့ရိုက်ဖြစ်ပါတယ်။ ညီမကစာချုပ်မရှိဘူး။ အလွတ်ပဲရိုက်တာပါ။

-ကားကြီးကရော ဘယ်နှစ်ကားလောက်ရိုက်ထားပြီးပြီလဲ။

ကားကြီးက လောလောဆယ် ၂ကားရိုက်ထားတယ်။ လပ်ကီးဆဲဗင်းနဲ့ထပ်ရိုက်ဖို့ရှိတယ်။ သူတို့စီစဉ်နေတုန်းပါပဲ။

-ရိုက်ထားပြီးသား ၁၄ ကားမှာဆိုရင် အချစ်၊ ဖန်စီ၊ ရိုမန့်စ်၊ ဟာသ၊ ဒရာမာ ဘယ်ဟာပိုများမလဲ။

ဟာသနဲ့ဖန်စီနဲ့ပိုများတယ်။ ဒရာမာကတော့ ၃ကား ၊ ၄ကားပဲရှိတယ်ရှင့်။

-အခုနောက်ပိုင်းမှာ အလှအပနဲ့ပတ်သက်ပြီး မျက်နှာခွဲစိတ်ပြုပြင်မှုတွေအပေါ် မြတ်နိုးရဲ့ အမြင်က ဘယ်လိုရှိလဲ။

မြတ်နိုးကတော့ အများကြီးမဝေဖန်ချင်ပါဘူး။ လူဆိုတဲ့အမျိုးက ကိုယ်စိတ်ချမ်းသာဖို့အရေးကြီးတယ်။ ကိုယ်ဘယ်လိုနေရင်စိတ်ချမ်းသာမလဲပေါ့။ အဲ့ဒါကိုပဲ ထွက်ပေါက်ရှာနေကြတဲ့လူချည်းပါပဲ။ အဲဒီတော့ လူတစ်ယောက်အနေနဲ့ကိုယ်က ကိုယ့်မျက်နှာပေါ်မှာ မလှတာတွေ ဘာတွေကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူးဆိုရင် ဒါပြုပြင်ချင်ရင်ပြုပြင်သင့်တယ်လို့ထင်ပါတယ်။ ခွဲစိတ်ပြုပြင်ပြီးတဲ့အခါမှာ လှပပြီးတော့ ကိုယ့်ရဲ့ ယုံကြည်မှု ပိုတက်လာစေတယ်ဆိုရင် ပြုပြင် လိုက်တဲ့သူအတွက်ကောင်းတယ်လို့ပြောလို့ရပါတယ်ရှင်။ သူများလုပ်လို့ လိုက်လုပ်တာမျိုးကြီးကိုတော့ မြတ်နိုး အားမပေးဘူး။ ပြင်ပြီးလို့မလှသွားရင်လဲ ကိုယ့်အတွက် ပိုပြီးတော့ ခံစားရမယ်လို့ထင်ပါတယ်။ ပြီးတော့ အရင်ဦးဆုံး စူးစမ်းလေ့လာဆရာဝန်တွေနဲ့တိုင်ပင်ပြီးသေချာစဉ်းစားပြီးလုပ်သင့်ပါတယ်။ တချို့ကပြင်ပြီး လှသွားတာမျိုးရှိတယ်။ တချို့ကတော့ ပြင်ပြီးရုပ်ဆိုးသွားတာမျိုးရှိတယ်။ အဲဒါလေးတွေကိုတော့ နည်းနည်းလေးဂရုစိုက်သင့်တယ်လို့ထင်ပါတယ်။

-အနုပညာရှင်တော်တော်များများအခုနောက်ပိုင်းပြင်လာကြတယ်။ ညီမလေးရော ပြင်ဖို့စိတ်ကူးရှိမလား။

ညီမကဆေးထိုးတာတောင်ကြောက်တဲ့သူမို့လို့ ခွဲစိတ်ပြုပြင်ဖို့တော့လောလောဆယ်အစီအစဉ်မရှိသေးပါဘူး။

-အသားဖြူဆေးထိုးတာတို့၊ အသားဖြူဆေးသောက်တာတို့ရော ရှိလား။ အဲ့ဒီဆေးတွေအပေါ်မှာရော ဘယ်လိုမြင်မိလဲ။

အသားဖြူဆေးထိုးတာက ဖြူဖွေးပြီးအသက်အန္တရယ်ရှိတာတွေလဲရှိသလို ကိုယ်လိုအပ်တဲ့ Vitamin C တို့၊ Minerals တို့ပေးတာတွေလဲရှိတယ်။ ကိုယ်က ဆေးခန်းမှာထိုးတဲ့ခါ အကြောဆေးထဲမှာ Vitamin C တို့၊ အားဖြည့်ဆေးတို့အကုန်ပါတယ်လေ။ အဲ့ဒါထိုးပြီးတဲ့အခါ ကိုယ်ကလန်းဆန်းသွားတာမျိုးပေါ့။ Cosmetics Clinic တွေမှာထိုးတဲ့အခါ Vitamin C ထိုးပေးတယ်။ Vitamin C ထဲမှာမှ Gluterine ဆိုတဲ့ အသားဖြူတဲ့ဟာပါတယ်။ အဲ့ဒီ Gluta ပါတဲ့ဟာက အသည်းကို ထိခိုက်စေတယ်။ အဲ့ဒီတော့ ကိုယ်သုံးတဲ့ အချိန်မှာဒေါက်တာတွေကိုသေချာမေး ကိုယ်လှဖို့အဓိကမထားနဲ့။ ရေရှည်မှာ ကိုယ့်ခန္ဒာကိုယ် အစိတ်အပိုင်းထဲက မမြင်ရတဲ့ အရာတွေမထိခိုက်ဖို့ကို သေချာစဉ်းစားပြီးထိုးသင့်တယ်။ မြတ်နိုးလဲ မထိုးဘူးမဟုတ်ဘူး။ ထိုးပါတယ်။ ဒါပေမဲ့ မြတ်နိုးက အသားဖြူဆေးမဟုတ်ဘူး။ Vitamin C အသားစိုဆေး ပေါ့။ လိုအပ်တဲ့ Vitamin C ကို အရေပြားအတွက် ခံနိုင်ရည်ရှိအောင် အဲ့ဒါပဲ ထိုးဖြစ်တယ်။

-အသားအရေပိုင်းနဲ့ပတ်သက်ပြီး ဘယ်ဆေးခန်းမှာလုပ်ဖြစ်လဲ။

Skin Doll Clinic မှာပဲ လုပ်ဖြစ်တာများတယ်ရှင့်။ သူကကျတော့ မြတ်နိုးကို Gluterine ကိုမသုံးပေးဘူး။ Vitamin C အသားစိုဆေးပဲထိုးပေးတာပါ။ ခန္ဒာကိုယ်အတွက်လိုအပ်တာကိုပဲထိုးတာပါ။

-အားကစားရောလုပ်ဖြစ်လား။

မြတ်နိုးက ကျောင်းမှာဆိုရင် ဘောလုံးလဲကန်တယ်။ ဘတ်စကတ်ဘောလဲဆော့တယ်။ ဘောလီဘောလဲဆော့တယ်။ ဟော်ကီလဲဆော့တယ်။ လောလောဆယ် ကျောင်းနားနေတဲ့အချိန်မှာတော့ Gym ပဲဆော့ဖြစ်တယ်။

-အွန်လိုင်းသုံးတဲ့သူတစ်ယောက်အနေနဲ့ ကောလဟလတွေအပေါ် ဘယ်လိုမြင်မိပါသလဲ။

မြတ်နိုးကတော့ အွန်လိုင်းမှာ ကိုယ့်ကို မကောင်းတာပဲပြောပြော၊ ကောင်းတာပဲပြောပြော ပြန်မဖြေရှင်းဘူး။ ဘာလို့လဲဆိုတော့ ဝေဖန်မှုဆိုတာ မြတ်နိုးတို့အနုပညာရှင်တွေအနေနဲ့လက်ခံရမယ်။ ဒါဖြစ်သင့်တဲ့အရာပေါ့။ လက်ခံနိုင်ရမယ်။ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ လက်ခံရမယ်။ သုံးသပ်ရမယ်။ ပြုပြင်ရမယ်။ အဲ့ဒီတော့ဘယ်လိုတွေဘယ်သူတွေဘာပဲပြောပြော မြတ်နိုးကတော့ဖတ်တယ်။ ပြီးရင်ဘာ့ကြောင့်အဲ့ဒီလိုပြောတာလဲ ဆိုတာကို ကိုယ့်ဟာကိုပြန်လေ့လာတယ်။ ပြန်ပြုပြင်တယ်။ တချို့ကျတော့လဲ ဗလိုင်းကြီးမုန်းပြီး ဆဲဆိုထားတာဆိုရင်လဲ လူတိုင်းတော့မချစ်နိုင်ဘူး။ ချစ်တဲ့သူရှိသလို မုန်းတဲ့သူလဲရှိမှာပဲလေ။ အဲ့ဒီတော့ အဲ့ဒါကိုလက်ခံသင့်တယ်။ အနုပညာရှင်ဖြစ်လာပြီဆိုရင်ပေါ့။ အဲ့ဒါတွေကြည့်ပြီးတော့ စိတ်ဝေဒနာဖြစ်နေမဲ့အစား သူတို့မကြိုက်တာတွေကို သုံးသပ်ပြီးကိုယ့်ဟာကိုယ်ပဲ ပြုပြင်တယ်။ အဲ့ဒီလိုလုပ်ရင် သြော်ဒီကောင်မလေးက ငါတို့ပြောတာပြုပြင်တယ်ဆိုပြီး မုန်းတဲ့သူတွေကလဲချစ်ရင်ချစ်လာမှာပဲ။ မပြောနိုင်ဘူးလေ။ အနုပညာရှင်ဆိုတာ ပရိသတ်တွေကို Entertain လုပ်ရတာလေ။ ပရိသတ်တွေလိုချင်တာကို ကိုယ်ကပေးဆပ်နိုင်ရမယ်။ ကိုယ်ကပေးဆပ်နိုင်မှ ပရိသတ်တွေပိုပြီးသဘောကျမယ်လို့ထင်ပါတယ်။ မြတ်နိုးကို comment ပေးတဲ့ဘယ်သူမဆို ကောင်းတာပဲပေးပေး၊ ဆိုးတာပဲပေးပေး မြတ်နိုး Like လုပ်ပေးတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဖတ်တယ်ဆိုတာကိုသိအောင်လို့ပါ။

-အချစ်ရေး နဲ့ပတ်သက်ပြီး ဘယ်လိုရှိလဲ။ မင်းသားတစ်ယောက်နဲ့တွဲနေတယ်ဆိုပြီး သတင်းတွေထွက်နေလို့ပါ။

အချစ်ရေးက တစ်ယောက်တည်းပါ။ ဒီအချိန်မှာ အဲ့ဒါတွေလဲမစဉ်းစားသေးပါဘူး။

-ရေဘေးသင့်တွေကိုရောလှူဒါန်းဖို့ရှိလား။

ကိုခန့်တို့နဲ့တော့ ရေမြုပ်သွားတဲ့ဒေသကိုလှူဒါန်းဖို့အတွက်မြတ်နိုးတို့ပါဝင်ဖို့ရှိပါတယ်။

-ပရဟိတနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်ဖို့ရှိဦးမလဲ။

မြတ်နိုးမွေးနေ့လာမဲ့ ၁၀လပိုင်း ၁၃ ရက်နေ့မှာတော့ ဆရာတော်တစ်ပါးနဲ့ လိုအပ်တဲ့မိဘမဲ့ဂေဟာအတွက်စာသင်ကျောင်းလုပ်ဖို့စီစဉ်ထားပါတယ်။ မွေးနေ့ထက်နောက်ကျရင်လဲနောက်ကျမယ်ပေါ့။ လူတွေလဲစုပြီး သေချာလေးလုပ်ရမှာမို့လို့ပါ။
TrendMyamar

No comments:

Post a Comment