Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 28, 2015

NLD ကိုယ်စားလှယ်လောင်း အမည်စာရင်း ဇူလိုင် ၂၉ မှာ ထုတ်ပြန်မည်

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ် Photo: RFA
 NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မနက်ဖြန် ဇူလိုင် ၂၉ ရက်ကစပြီး ထုတ်ပြန်ကြေညာ သွားမယ်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းနဲ့တကွ သူတို့ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေစာရင်းများကိုပါ ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"မနက်ဖြန်ညနေကစပြီးတော့ ပြီးသလောက်ကို ထုတ်ပေးမယ်၊ ရွေးချယ်ပြီး NLD ကိုယ်စားလှယ်အဖြစ် လက်ခံပြီဆိုရင် ဒီလူတွေဟာ NLD ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာချက်ထုတ်မယ်"

NLD ပါတီအတွက် ကိုယ်စားလှယ်လောင်းတွေကို ပါတီဝင်မဟုတ်တဲ့ ပြင်ပက တတ်သိပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က စိစစ်ရွေးချယ်ဆောင်ရွက်နေတာဖြစ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံအတွက်အကျိုးပြုနိုင်တဲ့ အရည်အချင်းရှိသူတွေသာ ရွေးချယ်တာဝန်ပေး မှာဖြစ်ကြောင်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ပြုလုပ်တဲ့ ဟောပြောပွဲ မှာ ပြောကြားထားပါတယ်။

ဒီအတောအတွင်း လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်သွင်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအရေအတွက်ဟာ ဒီနေ့အထိ ၆၈ ဦးသာ ရှိသေးတယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖံွ့ဖြိုးရေးပါတီက ၇ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁၆ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ၇ဦး၊ ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီက ၇ဦး၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီက ၃ဦး၊ ကရင်ပြည်သူ့ပါတီက ၄ဦး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)က ၁ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၂ဦး၊ ပြည်သူ့ဒီမိုကရေစီပါတီက ၁ဦး၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ၁ဦးနဲ့ တစ်သီးပုဂ္ဂလ ၁၈ ဦးတို့ ပါဝင်ပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေကို စိစစ်နေဆဲကာလဖြစ်တာကြောင့် ပါဝင်ယှဉ်ပြိုင် ကြမယ့်စာရင်းကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတဲ့ သြဂုတ်လ ၈ ရက်နေ့မတိုင်ခင် ကော်မရှင်ထံ အပြီးသတ်တင်ပြကြရမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment