CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 13, 2015
စာမေးပွဲစနစ်ကိုပါ ခြိမ်းခြောက်လာသော အိန္ဒိယ စာခိုးချမှုများ
အိန္ဒိယနိုင်ငံ မဒရာပရာဒေ့ရှ်ပြည်နယ်တွင် ဆေးကျောင်း ၀င်ခွင့်စာမေးပွဲ အကြီးအကျယ် စာခိုးချမှုများကြောင့် နောက်ဆုံးတွင် ဗဟိုတရားရုံးချုပ်ကိုယ်တိုင်က အမိန့်ထုတ်ပြန်ကာ တစ်ပြည်နယ်လုံးမှ စာမေးပွဲဖြေဆိုသူ ခြောက်သိန်းကျော် စာမေးပွဲပြန်ဖြေခိုင်းခဲ့ရသည်။ ထိုဖြစ်စဉ်ကြောင့် အိန်္ဒိယနိုင်ငံတစ်ဝန်း ဆေးကျောင်းဝင်ခွင့် သာမက အမျိုးမျိုးသော စာမေးပွဲများတွင် ခေတ်နဲ့အညီ အမျိုးမျိုးဆန်းလာသော စာမေးပွဲခိုးချမှုများကိစ္စပါ ပြည်သူ့ မြင်ကွင်းထဲ ရောက်လာသည်။
စာခိုးချမှုသည် အိန္ဒိယတွင် ထူးဆန်းသောကိစ္စတော့မဟုတ်။ သို့သော် ယခုအခါ နောက်ဆုံးပေါ် နည်းပညာများပါ အသုံးချပြီး ကျယ်ကျယ်ပြန့်ပြန့် စာခိုးချမှုများ၊ မေးခွန်းဖွင့်ချမှုများ ဖြစ်ပွားလာရာ နိုင်ငံ၏ ပညာရေးစနစ်ကိုပါ ခြိမ်းခြောက်သော အဆင့်ထိ ရောက်လို့လာသည်။
ခေတ်သစ် နည်းပညာ၊ ဆိုရှယ်မီဒီယာ များသည် စာမေးပွဲစနစ်ကို ဘယ်တုန်းကနဲ့မှ မတူအောင် ခြိမ်းခြောက်နေသည်။ သို့ဖြစ်သောကြောင့် စာမေးပွဲများကိုလည်း ခေတ်နှင့်ကိုက်အောင် ကျင်းပလာနေရသည်။ ဆေးကျောင်းဝင်ခွင့် စာမေးပွဲ နောက်တစ်ကြိမ် ပြန်ဖြေရမည့် ကျောင်းသူ ကျောင်းသားများ မည်သည့် ၀တ်စုံမျိုးသာ ၀တ်ရမည်ကိုပါ ကန့်သန်ထားရပြီ။
ခေတ်အသုံးအဆောင် စမတ်ဖုန်းတွေ၊ စမတ်နာရီတွေကို စာမေးပွဲခန်းထဲ ယူခွင့် ကမ္ဘာတစ်ဝန်း ပိတ်ပင်နေရပြီ။ စာမေးပွဲခန်းတွေကို ကောင်းကင်ကနေ မောင်းသူမဲ့ယာဉ်ပျံငယ်တွေနဲ့ပါ စောင့်ကြည့်နေရပြီ။ အိန္ဒိယတွင်လည်း တွင်ကျယ်နေသော စာမေးပွဲ မသမာမှုအချို့ကို ကြည့်ကြစို့။
ဂျိမ်းစ်ဘွန်းစတိုင် နည်းပညာမြင့် ပစ္စည်းများ။
မဒရာပရာဒေ့ရှ်ပြည်နယ်တွင် ပယ်ဖျက်လိုက်ရသော ဆေးကျောင်းဝင်ခွင့် စာမေးပွဲတွင် ဘလူးတုသ် စနစ်သုံး မိုက်ခရိုအဆင့် ဆက်သွယ်ရေးပစ္စည်းငယ်လေးမျိုး၊ အင်္ကျီအသားမှာ ဆင်းမ်ကတ်ကို ကပ်ချုပ် ထည့်သွင်းထားနိုင်သော အထူး လျှို့ဝှက် ဆက်သွယ်ရေးစက်ငယ်မျိုး၊ ဓာတ်ပုံရိုက်ပြီး ဘလူးတုသ်စနစ်ဖြင့် ဓာတ်ပုံကို ပေးပို့နိုင်သော စပိုင်အဆင့် နည်းပညာမြင့် ဘောပင်မျိုးကိုပါ ဖမ်းမိခဲ့သည်။
ပြီးခဲ့သည့် ရှေ့ပိုင်းနှစ် စာမေးပွဲ ကာလများတုန်းကလည်း နားကြပ်သေး သေးလေးများ၊ ကြယ်သီးလောက်သာရှိသော ကင်မရာငယ်များ ဖမ်းမိခဲ့သည်။ ထိုကိရိယာငယ်များသုံးပြီး မေးခွန်းများကို စာမေးပွဲခန်းအပြင်က စောင့်နေသူများထံ ပေးပို့လိုက်သည်။ ထိုသူက အဖြေရှာပြီး အသံဖြင့် အဖြေကို ရွတ်ပြသည်။ စာမေးပွဲ ခန်းထဲကလူက နားကျပ်ကနေ နားထောင်ကာ လိုက်ရေးရုံ ဖြစ်သည်။
စာမေးပွဲ ခိုးချဖို့ အထူး ကင်မရာ များကိုပင် အွန်လိုင်းမှာ ပေါ်ပေါ်ထင်ထင် ရောင်းနေကြသည်။ ကင်မရာနဲ့ မေးခွန်းလွှာကိုရိုက်၊ အပြင်ကို ဘလူးတုစနစ်နဲ့ပို့၊ အပြင်က အဖြေရှာပြီး အသံနဲ့ ရွတ်ပြတာကို လျှို့ဝှက်နားကျပ်ကနေ နားထောင်ပြီး ရေးချရုံပင်။ “ခက်ခက်ခဲခဲ စာမေးပွဲများကိုပင် လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်စေမည့် အထူးကင်မရာ နားကြပ်”ဟု ၀က်ဘ်ဆိုက်များမှာ ကြော်ငြာ ရောင်းချနေသည်အထိ ဖြစ်ပွားလျက်ရှိသည်။
နည်းပညာ တိုးတက်လာမှု၊ အလွယ် တကူ ၀ယ်ယူရရှိမှုတို့ကြောင့် အစိုးရသည်ပင် စာခိုးချသူများ၏ ခြေလှမ်းကို မီအောင် မနည်းလိုက်ကာ ဖြိုခွဲဖို့ ကြိုးပမ်းနေရသည်။
အုပ်လိုက် ကူး၊ အစုလိုက် ခိုးချ။
အုပ်လိုက် ကူးခြင်း၊ အစုလိုက် ခိုးချခြင်း ပြဿနာသည်လည်း အိန္ဒိယ စာမေးပွဲ လောကတွင် မသေးသော ပြဿနာ ဖြစ်သည်။ နိုင်ငံမြောက်ပိုင်း ဘီဟာ ပြည်နယ်တွင် ထိုသို့ စာမေးပွဲခန်းအတွင်း တစ်စုတည်းကျသော ကျောင်းသားများပေါင်းပြီး အစုလိုက် စာခိုးချမှုများ ပေါ်ပေါက်လာသဖြင့် နိုင်ငံတစ်ဝန်း တုန်လှုပ်ခဲ့ရသည်။ နိုင်ငံတစ်ဝန်း နှစ်စဉ် စာမေးပွဲရာသီရောက်တိုင်း အုပ်စုလိုက်ပေါင်းပြီး စာခိုးချသည့် ကျောင်းသားအစုများ အမြဲလိုလို ဖမ်းမိသည်။ အာတာ ပရာဒေ့ရှ်၊ ဘီဟာ၊ မဒရာ ပရာဒေ့ရှ်၊ ဟာရာနာ၊ ရာဂျက်စတန် ပြည်နယ်များတွင် အများဆုံး ဖြစ်ပွားနေသည်။ ထိုင်ခုံချင်း ကပ်ပြီးကျသော ကျောင်းသား ကျောင်းသူများအချင်းချင်း ပူးပေါင်းပြီး စစ်ဆေးမှုများကို ပုံစံအမျိုးမျိုးဖြင့် ကျော် ဖြတ်ကာ ဖတ်စာအုပ်များ၊ မှတ်စု စာအုပ်များကို အလုံးအရင်းနှင့် ယူလာကြပြီး စာခိုးချခြင်းဖြစ်သည်။ ကျောင်းသား ကျောင်းသူများသာမက မိဘဆွေမျိုးများကလည်း စာမေးပွဲခန်းအပြင် ပြတင်းပေါက်များကနေ အဖြေလွှာ ကမ်းပေးခြင်းများထိ ကျူးလွန်နေ ကြသည်။ ထိုသို့ မြင်ရဆိုးဝါးသည်အထိ ကျောင်းအဆောက်အအုံ အပြင်ဘက်ကနေ တွယ်တက်ကာ ပြတင်းပေါက်များ ကနေ အဖြေလွှာများ ကမ်းပေးနေသူများကို ရိုက်ကူးထားသည့် ဓာတ်ပုံများ အွန်လိုင်းပေါ် ပြီးခဲ့သည့် လပိုင်းများက တက်လာမှုကြောင့် အိန္ဒိယတစ်ဝန်း ပွက်လောရိုက်သွားခဲ့သည်။
လူစားထိုး။
“ဘဏ် အရာရှိ စာမေးပွဲတွင် လူစားထိုး ၀င်ဖြေသူသုံးဦး ဖမ်းမိ” ဟူသော သတင်းခေါင်းစဉ်မျိုး အိန္ဒိယ သတင်းစာ တွေမှာ မကြာမကြာ တွေ့နိုင်သည်။ တစ်နှစ် တစ်နှစ်ကို လူပေါင်း သိန်းချီ ဘွဲ့ရနေသော အိန္ဒိယတွင် အစိုးရ ၀န်ထမ်း အလုပ်နေရာက ရှားပါးသဖြင့် အလုပ်ခွင်ဝင်ခွင့် စာမေးပွဲကို နည်းမျိုးစုံဖြင့် ဖြတ်သန်းဖို့ ကြိုးစားကြ စမြဲ ဖြစ်သည်။ လူစားထိုး စာမေးပွဲဖြေ ၀န်ဆောင်မှုသည် အကုန်အကျလည်း များသည်၊ သိမ်လည်း သိမ်မွေ့သည်။ စာမေးပွဲ ဖြေခွင့် လျှောက်လွှာတင်ကတည်းက စစီစဉ် ရသည်။ အစားထိုး ဖြေပေးမည့်လူသည် အလုပ်အပ်မည့်သူနှင့် ခုံနံပါတ်ချင်း ကပ်ပြီး ကျအောင် လျှောက်လွှာတင်ကတည်းက အလိမ်အညာတွေ သုံးရသည်။ စာမေးပွဲ ခန်းထဲတွင် အပြီးအစီး ဖြေပြီးပြီဆိုမှ အဖြေလွှာချင်း မသိမသာ လဲလိုက်ကြခြင်း ဖြစ်သည်။ အစားထိုး ဖြေပေးသူသည် ကျွမ်းကျင်သူ ဖြစ်သောကြောင့် ကျိန်းသေပေါက် အောင်မှတ်ကျော်အောင် ဖြေနိုင်သူ ဖြစ်ရာ အလုပ်အပ်သူသည် ကျိန်းသေပေါက်နီးပါး အောင်မြင်မည့် အခွင့်အရေးရှိသည်။ ထိုသို့ အတူဖြေပြီး အဖြေလွှာ လဲပေးခြင်းမျိုး အပြင် စာမေးပွဲ မှတ်ပုံတင်မှာ လိမ်ညာပြီး လုံးဝ လူစားထိုး ၀င်ဖြေပေးခြင်းမျိုးထိ ရှိသည်။
လှေကြီးထိုး ရိုးရိုး လာဘ်ထိုးခြင်း။
အဖြေလွှာ စစ်သူများ၊ စာမေးပွဲရလဒ် ထုတ်ပြန်မည့်သူများအား လာဘ်ထိုးကာ ရလဒ်ကို လိုသလို ပြောင်းယူခြင်းသည်လည်း ရှေးယခင်ကတည်းက ရှိခဲ့သော လှေကြီးထိုး ရိုးရိုးပုံစံဖြစ်သည့်တိုင် ယခုထိ အမြစ်မပြတ်နိုင်သေးသော စနစ်ဆိုးကြီးလည်း ဖြစ်သည်။ မဒရာ ပရာဒေ့ရှ်ပြည်နယ် တစ်ခုတည်းမှာပင် ပြီးခဲ့သည့်နှစ်က စာမေးပွဲ လာဘ်ပေးလာဘ်ယူမှုများကြောင့် တာဝန်ရှိသူ ရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။
ဆိုရှယ်မီဒီယာ။
မိုဘိုင်ဖုန်း ကင်မရာနှင့် ဆိုရှယ် မီဒီယာ ပေါင်းလိုက်သည့်အခါ စာမေးပွဲစနစ်ကို ကောင်းကောင်း အနှောင့်အယှက်ပေးသော ရန်သူတော်ကြီး ဖြစ်လာသည်။ မေးခွန်းလွှာများထားသည့် နေရာကို တစ်ယောက်ယောက်က ဖောက်ဝင်ပြီး မေးခွန်းလွှာများကို ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ် တင်ခြင်းဖြင့် စာမေးပွဲစနစ် တစ်ခုလုံးကိုပါ ကမောက်ကမဖြစ်အောင် နှောင့်ယှက်မှုများ ရှိလာသည်။ အာတာ ပရာဒေ့ရှ် ပြည်နယ်တွင် What Apps ဆိုရှယ်မီဒီယာ၌ ပြီးခဲ့သည့်နှစ်က မေးခွန်းလွှာ ပေါက်ကြားမှုကြောင့် စာမေးပွဲအဖြေလွှာ လေးသိန်း ခွဲကျော်ကို ပယ်ဖျက်ခဲ့ရဖူးသည်။
ဒေလီ တက္ကသိုလ်နှင့် အိန်္ဒိယ တောင်ပိုင်းခြမ်းရှိ ကောလိပ်အများအပြားတွင် ကျင်းပသည့် စာမေးပွဲများတွင်လည်း ဆိုရှယ်မီဒီယာအပေါ် မေးခွန်းလွှာ ပေါက်ကြားမှုများ ကြုံခဲ့ရဖူးသည်။ တက္ကသိုလ် ၀င်ခွင့်စာမေးပွဲ မေးခွန်းလွှာရအောင် စာစစ်အဖွဲ့၏ ကွန်ပျူတာစနစ်ကို ဟက်ကာ တိုက်ခိုက်ခြင်းများထိ ဖြစ်ပွားနေသဖြင့်လည်း အစိုးရအနေဖြင့် ကွန်ပျူတာ သတင်း အချက်အလက် လုံခြုံရေးကိုပါ အလေးပေး ကိုင်တွယ်နေရသည်။
messenger news journal
စာမေးပွဲစနစ်ကိုပါ ခြိမ်းခြောက်လာသော အိန္ဒိယ စာခိုးချမှုများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment