Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

တရုတ်တွင် မွေးရာပါ နှုတ်ခမ်းကွဲနေသည့် နှစ်ရက်သား ကလေးငယ်ကို သတ်ဖြတ်မှုဖြင့် လူနှစ်ဦးကို ဖမ်းဆီး


မွေးရာပါ နှုတ်ခမ်းကွဲ ပါလာသည့် ကလေးငယ် တစ်ဦးကို သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံတွင် လူ ၂ ဦးကို ရဲများက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။


ချောင်မင်းရှိ အမှတ် ၂ ပြည်သူ့ဆေးရုံတွင် ပြီးခဲ့သည့် သီတင်းပတ်က အသက် နှစ်ရက်သား မွေးကင်းစ ကလေးငယ် သေဆုံးနေသည်ကို ဆရာဝန်များက ရှာဖွေ တွေ့ရှိခဲ့သည်။ အဆိုပါ သေမှုသေခင်းကို ဆက်လက် စစ်ဆေးရာ ကလေးငယ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဓာတုဆေးဝါးများ ထိုးသွင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကွင်းဆက်များ တွေ့ရှိလာသည်။

ယခုသီတင်းပတ် အတွင်းတွင်မူ ရဲတပ်ဖွဲ့က ကလေးငယ်၏ အဖိုးဖြစ်သူနှင့် ဆရာဝန် တစ်ဦးတို့ကို လူသတ်မှု၏ သံသယ တရားခံများအဖြစ် ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။ ကလေးငယ်များ နှုတ်ခမ်းကွဲတတ်ခြင်းသည် မွေးရာပါ ချွတ်ယွင်းချက်တစ်ခု ဖြစ်သော်လည်း အလွယ်တကူ ခွဲစိတ်ပြင်ဆင်နိုင်သည်။ နှုတ်ခမ်း အထက်ပိုင်းတစ်လျှောက် အပေါက်ဖြစ်အောင် ကွဲနေခြင်းမျိုးက ပိုမိုသတိထားသင့်သည့် အခြေအနေမျိုးဖြစ်ပြီး အစာရေစာ ကျွေးမွေးရာတွင် အခက်တွေ့နိုင်သလို အကြားအာရုံနှင့် စကားပြောနိုင်စွမ်းတို့ကို ထိခိုက်နိုင်သည့် သက်ရောက်မှုမျိုးလည်း ဖြစ်ပေါ်တတ်သည်။

နှုတ်ခမ်းကွဲမှုကို ပြုပြင်ခြင်းသည် အသေးစား ခွဲစိတ်မှုမျိုးဖြင့်ပင် လုပ်ဆောင်နိုင်သည့်တိုင် တရုတ်နိုင်ငံတွင် ယင်းခွဲစိတ်မှုကို မတတ်နိုင်သည့် မိသားစုပေါင်းများစွာ ရှိနေဆဲ ဖြစ်သည်။ ယခုကလေးငယ် သေဆုံးမှုတွင် ပိုတက်ဆီယမ် ကလိုရိုက်ဒ် ဓာတ်ပစ္စည်းများကို ကလေးငယ်၏ ဦးခေါင်းထဲ လွန်လွန်ကဲကဲ ထိုးသွင်းထားသည်ဟု ယုံကြည်ရသည်။ အဆိုပါ ဓာတ်ပစ္စည်းသည် ပိုတက်ဆီယမ် ချို့တဲ့မှုကို ကုသရာတွင် အသုံးပြုလေ့ ရှိသော်လည်း မသင့်တော်သည့် နည်းလမ်းမျိုးဖြင့် သုံးစွဲပါက နှလုံးရပ်သွားနိုင်သည့် အန္တရာယ်မျိုး ရှိသည်။

ယခု အထိန်းသိမ်းခံရသည့် ဆရာဝန်သည် မီးယပ်နှင့်သားဖွား ဌာနမှဖြစ်ပြီး ကလေးငယ်၏ အဖိုးကို အဆိုပါ ဆေးဝါး ပေးအပ်ခဲ့ပြီး မည်သို့မည်ပုံ အသုံးပြုရမည်ကို ညွှန်ကြားခဲ့ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။ ယခုကိစ္စကို လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကလေးငယ်တစ်ဦး နှုတ်ခမ်းကွဲမှုကို ခွဲစိတ် ပြုပြင်ရန်အတွက် ယွမ်ငွေ ၅၀၀၀ မှ ၇၀၀၀ ကြားခန့် (ဒေါ်လာ ၈၀၀ ကျော်မျှ) ကျသင့်ပြီး ယင်းငွေပမာဏမျိုးကို မတတ်နိုင်သည့် မိသားစု သန်းပေါင်းများစွာ ရှိနေဆဲဖြစ်ကြောင်း အဆိုပါ မွေးရာပါ ချွတ်ယွင်းမှုအတွက် ကူညီပေးသည့် ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုမှ ဒေါက်တာ ရှန်လီက ဆိုသည်။ တရုတ်တွင် ပျမ်းမျှအားဖြင့် ကလေးပေါင်း ၁၀၀၀ ၌ ၁ ဦးသည် အဆိုပါ အခြေအနေမျိုးဖြင့် မွေးဖွားလာတတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယခင်ကလည်း ထိုကဲ့သို့သော ကလေးငယ်များကို မိသားစုများက စွန့်ပစ်ထားသည့် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ယခုနှစ် မေလအတွင်းက မွေးရာပါ နှုတ်ခမ်းကွဲနှင့် ကလေးငယ် တစ်ဦးသည် ဂွမ်ရှီးဒေသရှိ တောစပ်တစ်ခုတွင် စွန့်ပစ်ခံထားရပြီး ၁၀ ရက်မျှ အကြာတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။

7daydaily


Popular Post

No comments:

Post a Comment