Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 28, 2015

ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားကို ပြသတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို အမှုဖွင့်အရေးယူ

သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် ဇမ္ဗုဒိပ်လမ်း အမှတ် (၂၂) အခြေခံပညာ မူလတန်းကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်မှာ ဇွန်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ‘ကျွန်မ နှင်းဆီပါမောင်’ အမည်ရှိ မြန်မာ
ရုပ်ရှင်ဇာတ်လမ်းကို ပြသခဲ့တဲ့ ဆိုင်ပိုင်ရှင် အမျိုးသားကို ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပုဒ်မနဲ့ အမှုဖွင့်
အရေးယူထားတယ်လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရပါတယ်။
“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့က ရုံတင်ထားတဲ့ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားကို အပြင်မှာ ခိုးကူးအခွေတွေ ထွက်နေလို့ ဖမ်းဆီးအရေးယူပေးဖို့ ရဲတပ်ဖွဲ့ကို အကူအညီတောင်းတယ်။ ဒီဇာတ်ကားအပြင် တခြား ဆင်ဆာမဲ့ အခွေတွေကိုလည်း ရန်ကုန်မှာ စီမံချက်နဲ့ ဖမ်းဆီးရေး ဆောင်ရွက်နေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
Memory Stick ထဲမှာ ထည့်သွင်းထားတဲ့ ကျွန်မ နှင်းဆီပါမောင် ဇာတ်ကားကို လက်ဖက်ရည်ဆိုင် နံရံမှာ တပ်ထားတဲ့ TV ကနေတစ်ဆင့် ပြသခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ်ဆိုင်ပိုင်ရှင် အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့မ ရဲစခန်းထံမှ သိရပါတယ်။
“ဒီဇာတ်ကားက ရုံမတင်ခင်ကတည်းက အွန်လိုင်းပေါ်မှာ ဟော့နေခဲ့တာ။ ရုံတင်ပြချိန်မှာ လူတွေက ရုပ်ရှင်ရုံကို လာမကြည့်တော့ဘဲ အွန်လိုင်းပေါ်ကနေ Download ဆွဲပြီး ကြည့်ကြလို့ ရုပ်ရှင်အစည်းအရုံးအဖွဲ့က ရုပ်ရှင်ဇာတ်ကားကို တရားမဝင် ကူးယူနေတဲ့သူနဲ့ ပြသနေသူတွေကို အရေးယူပေးဖို့ တိုင်ကြားလာခဲ့တာပါ” လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဇွန်လ ၂၀ ရက်နေ့က စပြီး မြို့နယ်ပေါင်းစုံမှာ စီမံချက်နဲ့ ဆင်ဆာမဲ့ အခွေတွေကို ဖမ်းဆီးခဲ့ရာ အငြိမ့်ခိုးကူးခွေ၊ ဆင်ဆာမဲ့ မြန်မာသီချင်းခွေ တွေအပြင် ကျွန်မကနှင်းဆီပါမောင် ဇာတ်လမ်းအခွေတွေကို နေ့စဉ် သိမ်းဆည်းရမိတယ်လို့ သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးတွေထံမှ စုံစမ်းသိရှိရပါတယ်
The Voice

No comments:

Post a Comment