Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 27, 2015

မဲစာရင်းစစ်ဆေးဖို့ ဒေါ်အောင်ဆန်း စုကြည် တစ်အိမ်တက်ဆင်း တိုက်တွန်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ နေထိုင်သူတွေကို မဲစာရင်း မှန်ကန်မှု ရှိ မရှိ ဇွန်လ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု စစ်ဆေးစဉ် Photo: Win Ko Ko Latt/RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ နေထိုင်သူတွေ ကို မဲစာရင်း မှန်ကန်မှု ရှိ မရှိ သွားရောက်ကြည့်ရှု စစ်ဆေးကြဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံတိုက်တွန်း ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ ပုဗ္ဗသီရိ မြို့နယ်ကို သွားရောက်ပြီး မဲစာရင်းတွေကို သွားရောက်စစ်ဆေးကြဖို့ တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ရွေးကောက်ပွဲဟာ အရေးကြီးတယ်နော်၊ လူငယ်တွေအတွက်အရေးကြီးတယ်၊ လူကြီးတွေအတွက်လည်း အရေးကြီးတယ် ဒါပေမယ့် လူငယ်တွေက ဒီနိုင်ငံမှာနေသွားရမှာ နှစ်ပေါင်းပိုပြီးတော့ ကြာကြာနေသွား ရမှာပေါ့၊ အဲ့ဒီတော့ အဲ့ဒါကြောင့်မို့လို့ ဒီနိုင်ငံက ဘယ်လမ်းသွားမလဲဆိုတာကို အခုရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာ အဲ့ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ မဲပေးဖို့ကအားလုံးရဲ့တာဝန်ဖြစ်တယ်၊ သားတို့ ကျလို့ရှိရင် ကိုယ်တိုင်မဲမပေးနိုင်ပေမယ့် သားတို့ကိုယ်စားပေါ့နော် မဲပေးနိုင်တဲ့ အစ်ကိုတွေ အစ်မတွေ မိဘတွေကပေးနေတယ်လို့ အဲ့ဒီလိုစိတ်ထဲမှာထားရမယ်၊ အဲ့ဒါကြောင့်မို့လို့ မဲစာရင်းထဲမှာ မဲပေးနိုင်တဲ့ လူတွေပါဝင်ရေးဟာ ကလေးတွေကလည်း စိတ်ဝင်စားရမယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ မနေပါနဲ့"

အခြေခံမဲစာရင်းတွေ ထုတ်ပြန်ထားရာမှာ နေရပ်လိပ်စာနဲ့ မွေးသက္ကရာဇ်မှားယွင်းတာတွေ ၊ သေဆုံးသူတွေရဲ့ အမည်တွေပါနေတာတွေ ၊ မဲစာရင်းမှာလုံးဝ အမည်တောင်မပါတာတွေ ရှိနေပါတယ်။

နေပြည်တော်ကောင်စီက မြို့နယ်တွေမှာလည်း အမှားတွေရှိနေတာကြောင့် သက်ဆိုင်ရာ မဲပေးပိုင်ခွင့်ရှိသူတွေ အနေနဲ့ အမှားတွေတွေ့ရှိရင် ပြင်ဆင်နိုင်ဖို့ အသိပညာပေး အချက်အလက်ပါတဲ့ စာရွက်စာတမ်းတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေငှခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment