တာမွေမြို့နယ်တွင် အမျိုးသား(၄)ဦးစီးနင်းလာသောဆိုင်ကယ် တိမ်းမှောက်ခဲ့သည့် ဖြစ်စဉ်အမှန်အား အသိပေးဖော်ပြခြင်း
ရန်ကုန်၊ ဇွန် ၂၂
၂၁.၆.၂၀၁၅ ရက်နေ့ ၀၁၃၀ အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း၊ အခွန်လွတ်ဈေး၊ အဝေရာလမ်းထိပ်အနီးတွင် အမျိုးသား(၄)ဦးစီးနင်းလာသည့် ဆိုင်ကယ်တိမ်းမှောက်ကာ (၂)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများတွင် “တာမွေ စခန်း ၄၀ က ရဲတွေရဲ့လူမဆန်တဲ့လုပ်ရပ်”ဟု ခေါင်းစဉ်ဖြင့် ရဲတပ်ဖွဲ့ကား(၂)စီးမှ လိုက်လံဖမ်းဆီးစဉ် ပွတ်ဆွဲပြီး လမ်း၏အောက်ကြောကိုအတင်းဆွဲချခဲ့သဖြင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ရေးသားဖော်ပြကာ ပြန့်နှံ့လျက် ရှိသည်ကိုတွေ့ရှိ ရပါသည်။
၎င်းဖြစ်စဉ်မှ ဆိုင်ကယ်စီးနင်းသည့် အမျိုးသား(၄)ဦးမှာ မင်္ဂလာဒုံမြို့နယ်နေ မင်းမင်း(ခ)မျိုးမင်းထွဋ်၊ (၂၅)နှစ်၊ စိုးမိုးသူ၊ (၂၂)နှစ်၊ ပြည့်ဖြိုးလျှံ၊ (၂၀)နှစ်နှင့် နေပြည်တော်နေ အောင်သူ၊ (၁၉)နှစ်တို့ဖြစ်ကြပြီး မျိုးမင်းထွဋ်နှင့် အောင်သူ တို့(၂)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကာ ကျန်(၂)ဦးမှာဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ကုသမှုခံယူလျက်ရှိပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းမှ လှည့်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင် များ၊ ဒဏ်ရာရရှိသူ(၂)ဦး အပါအ၀င် ပတ်ဝန်းကျင်ရှိပြည်သူများအား စစ်ဆေး အတည်ပြုချက်များအရ ၎င်းတို့(၄)ဦးသည် ရွှေပြည်သာမြို့နယ်မှ ဘီယာ သောက်စားခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်သို့ ဆိုင်ကယ်တစ်စီးတွင် (၄)ယောက်စီး၍ လာခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်အား အောင်သူမှ မောင်းနှင်ခဲ့ပြီး ၎င်းမှာ ဆိုင်ကယ်စီးကျွမ်းကျင်မှုမရှိကြောင်းသိရှိရပါသည်။
အခင်းမဖြစ်မီက လှည့်ကင်းတာဝန်ဆောင်ရွက်ပြီး တာမွေမြို့မရဲစခန်းရှေ့သို့
ပြန်လည်ရောက်ရှိလာသော မီးတန်းမော်တော်ယာဉ်မှ အချက်ပြမီးလည်နေ သည်ကို ဆိုင်ကယ်စီးသူများမှတွေ့မြင်ပြီး မောင်းနှင်ထွက်ပြေးကြရာ အခင်းဖြစ်နေရာအရောက်တွင် အငှားယာဉ်တစ်စီးအား ယာဘက်မှကျော် တက်ခဲ့သဖြင့် လမ်းချဲ့ထား၍ လမ်းပေါ်တွင် ယခင်က စိုက်ထူလျက်ရှိနေသည့် ကွန်ကရစ်ဓါတ်တိုင်နှင့် တိုက်မိခဲ့ခြင်းသာဖြစ်ပါသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
လူမှုကွန်ယက်တွင် ရေးသားဖော်ပြထားသကဲ့သို့ ရဲတပ်ဖွဲ့ကား(၂)စီးက ပွတ်ဆွဲပြီး လမ်း၏ အောက်ကြောကိုအတင်းဆွဲချခဲ့သဖြင့် ဖြစ်ပွားခဲ့သည် ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
https://www.facebook.com/yangonpolice
- လှည့်ကင်းအဖွဲ့ကို ရှောင်တိမ်းထွက်ပြေးရာမှ ဆိုင်ကယ်စီးနင်းသူ နှစ်ဦး သေဆုံး
- facebook ပေါ်ကသတင်း(တာမွေ စခန်း၄၀ က ရဲတွေရဲ့ လူမဆန်တဲ့လုပ်ရပ်)
"ဖေ့ဘွတ် ပေါ်ကသတင်း(တာမွေ စခန်း၄၀ က ရဲတွေရဲ့ လူမဆန်တဲ့လုပ်ရပ်) http://www.themeltingpot4u.com/2015/06/blog-post_588.html...
Posted by The Melting Pot 4 U on Monday, 22 June 2015


No comments:
Post a Comment