CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 22, 2015
သူတို့ဘယ်လို လုပ်နေကြသလဲ
မကြာသေးမီကကြည့်လိုက်ရသော ရုပ်ရှင်ကားတစ်ကားတွင် လုပ်ငန်းရှင်ကြီးတစ်ဦး၏ အတွင်းရေးမှူးလုပ်သူက သူဌေး၏ အပြောအဆို ခိုင်းစေမှုများ၊ မောက်မာမှုများကို သည်းမခံနိုင်သောကြောင့် ငိုပြီး အခြားအရာရှိ တစ်ဦးကို သွားတိုင်သည်။ ထိုအရာရှိက
"နင် သက်သက် ဒီမှာလာပြီး အချိန်ဖြုန်းနေတာပဲ။ လူ ၅၀၀ လောက် အလုပ် လုပ်နေချိန်မှာ နင်က နင့်ခံစားချက်တစ်ခုနဲ့ လာငိုနေတယ်။ မကျေနပ်ရင်ထွက်လိုက်။ နင့်လို လူမျိုးကို ငါ သုံးမိနစ်အတွင်း ရှာနိုင်တယ်။ လုပ်ချင်တဲ့လူတွေ ပြည့်နေတာပဲ။ လုပ်နိုင်ရင်လုပ်။ မလုပ်နိုင်ရင်ထွက်။ ဒါမှမဟုတ် စိတ်ညစ်လို့ သတ်သေချင်တယ်ဆိုလည်း တိုက်ပေါ်ကခုန်ချလိုက်။ နင့်မှာ လိုအပ်ချက်ရှိသေးလို့ ဘော့စ်ကလက်မခံတာ။ ကိုယ့်လိုအပ်ချက်ကို မကြိုးစားပဲနဲ့ ဒီမှာသက်သက်လာပြီး အချိန် ဖြုန်းနေတယ်" ဟုပြောဆိုလိုက်သည်။
အထက်ပါစကားသည် အကြင်နာတရားခေါင်းပါးသော စကားဟုဆိုဖွယ်ရာရှိသော်လည်း အလုပ်ကို သရဲစီးကာ လုပ်လေ့ရှိ သည့် သူတို့တိုင်းပြည်မျိုးတွင် အလွန်ဆင်ခြင်တွေးတောဖွယ်ရာ စကားတစ်ခုဖြစ်ပါသည်။
အနောက်နိုင်ငံ လုပ်ငန်းကြီးများတွင် ထိုသို့ ဖိစီးမှုကို ဖြေဖျောက်သည့်အနေဖြင့် အရည်အချင်းရှိသည့် အလုပ်သမားတစ်ယောက်ကို ပြိုင်ဆိုင်ခွင့်ပေးထားသလို၊ ခံစားခွင့်များကိုလည်း ဖန်တီးပေးထားသည်။ သူတို့တွင် ရွေးချယ်ခွင့်ရှိသည်။ ဘဝ အပျက်ခံပြီး လုပ်ငန်းခွင်ကို စွန့်သွားမည်လော၊ စိန်ခေါ်ချက်များကို ရင်ဆိုင်ပြီး ဆက်လုပ်မည်လော ကြိုက်ရာကို ရွေးချယ်ခွင့် ရှိသည်။
သူတို့နိုင်ငံက လုပ်ငန်းခွင်များတွင် စိန်ခေါ်မှုများ တိုက်ခိုက်မှုများဖြင့် ပြည့်နေသည်။ မည်သူမျှ ငါမရှိလျှင် မဖြစ်ဆိုသည့် သဘောမျိုးဖြင့် လုပ်ငန်းခွင်ကို မဖော်ဆောင်ထားသောကြောင့် လက်ရှိနေရာတွင် ငါတည်မြဲရေး နှင့် ငါ့ရာထူးတိုးရေးသည် အသေအလဲ တိုက်ပွဲဝင်နေရသည့် အရေးတစ်ခုဖြစ်နေသည်။ လူတိုင်း သူတို့ဘဝကို သူတို့မပိုင်။ မိသားစုက မပိုင်။ အလုပ်က ပိုင်နေသဖြင့် အလုပ်၏ ထားရာနေ စေရာသွား ဘဝကို ရောက်လာကြ သည်။ အိပ်ယာထဲဝင်လျှင်ပင် အလုပ်ပေါ်လာက ထပြေးကြရသည်။ လုပ်ငန်းခွင်ဆိုင်ရာ သီးခြား တာဝန်ယူရမှုများကြောင့် နောက်တစ်နေ့ ကိုယ့်ဘက်က ပျက်ကွက်မှုတစ်ခုခုအတွက် ပေးဆပ်ရမည်ကို စိုးရိမ်ကြသည်။
အလုပ်တွင် မျက်နှာသာမပေး။ မကြိုက်လျှင် ချက်ချင်းအထုပ်ပြင် သွားတော့ဟု အပြောခံရလေ့ရှိသော သူတို့နိုင်ငံက လုပ်ငန်းခွင်များတွင် နေ့စဉ်ဘဝရပ်တည်နိုင်ရေးအတွက် လူတိုင်းအပြေးအလွှား လှုပ်ရှားရုန်းကန် ကြရသည်။ ကြိုးစားမှုနှင့် ရပ်တည်မှုတို့ကို စိန်ခေါ်ချက်အပြည့်ဖြင့် သရုပ်ဖော်ထားသောနိုင်ငံများတွင်
ရလဒ်တွေ အရမ်းကောင်းသည်။ လုပ်လုပ် မလုပ်လုပ် ရသည့်နိုင်ငံများ၊ မလုပ် မရှုပ် မပြုတ်ဆိုသည့်
သဘောတရားကို လက်ခံထားသည့်နိုင်ငံများတွင် လစာထိုင်စားပြီး ကိုယ့်ကြီးပွားတိုးတက်ရေးကိုလည်း
မလုပ်၊ အလုပ်ကလည်း ကိုယ်နှင့်မဆိုင်သလို လုပ်နေကြသောကြောင့် မကြီးပွား မတိုး တက်ရသည်မှာ
အဆန်းတော့ မဟုတ်ပေ။
ကျွန်တော်တို့လူနေမှုနှင့် အလုပ်ဝန်းကျင်သည် စိန်ခေါ်မှု အလွန် နည်းလှသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းခွင်အတွင်း မလုပ်ဘဲထိုင်နေသူများကို လစာများပေးထားသောကြောင့်ဖြစ်သည်။ လုပ်သူလည်း
တက်လမ်းမရှိ၊ မလုပ်သူလည်း ပုံမှန်လစာ ထုတ်ပြီး နေထိုင်နိုင်ကြသော လူ့ဘောင်တွင် နေ့စဉ်
အလုပ်ပြုတ်မှာလည်း မပူရသောကြောင့် အလုပ်အပေါ်အရေးမလုပ်ကြခြင်းမှာ အထူးအဆန်းတော့မဟုတ်ဟု ဆိုရမည်သာဖြစ်သည်။
Written by တင်ညွန့်
http://www.maukkha.org/index.php/book-store/essay-maukkha/7716-2015-06-02-00-36-36
သူတို့ဘယ်လို လုပ်နေကြသလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment