Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 25, 2015

၄၃၆ ပြင်ဆင်ရေးပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အားလုံးနီးပါး လက်ခံဟု ဦးအေးမောက်ပြောကြား


Saturday, April 25, 2015
ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရေးကြီးဆုံးပုဒ်မဖြစ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အာဏာရ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် အားလုံးနီးပါးက လက်ခံသည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက် ကပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သူ ဦးအေးမောက်က “ပါတီက ကိုယ်စားလှယ် အားလုံးနီးပါးက အကြမ်းဖျင်း မူအားဖြင့် ၄၃၆ပြင်ဆင်ရေးကို လက်ခံကြပါတယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့်ပြောသည်။
အချို့သော ကိုယ်စားလှယ်များက ၄၃၆ ပြင်ဆင်ရေးကို လက်မခံသည် ရှိနိုင်သော်လည်း ပါတီ၏ မူဝါဒအရ အများ၏ ဆန္ဒကို လိုက်လျော၍ လက်ခံကြ သည်ဟု လည်း ၎င်းကဖြည့်စွက်ပြော ကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ ပါ ပုဒ်မ ၄၃၆(က)သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို တားဆီးထားသည့် ပုဒ်မ ၅၉(စ) အပါအ၀င် အရေးကြီး သည့်ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်နှင့်ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲတွင် မဲပေးနိုင် သူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒဖြင့် သာပြင်ဆင် ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ပြင်ဆင်ရန် ခက်ခဲသည့် ဥပဒေဟု ဝေဖန်မှုများလည်း ရှိသည်။
ထို့ကြောင့်လွှတ်တော်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် တာဝန်ပေး ခန့်ထားသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အဓိက ကျသည့်အခန်း ကဏ္ဍမှ ပါဝင်လာသည်။
ဦးအေးမောက်က “တပ်မတော်ကတော့ အဓိက တပ်ချုပ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ရဲ့ လမ်းညွန်မှုပေါ် မူတည်တာပဲလေ’’ ဟု ဆိုသည်။ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြီးခဲ့ သည့်နှစ်က ၄၃၆ပြင်ဆင်ရေး အတွက် လူထုလက်မှတ် ငါးသန်းကောက်ယူ ကာပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ဖူးသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
ယင်း အစီရင်ခံစာတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံ သို့မဟုတ် တစ်ဝက်ကျော်နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးသူဦးရေ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရန် အဆိုပြုထားသည်။
တပ်မတော်သား ကိုယ်စားလှယ်များကမူ မပြင်ဆင် လိုပါကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြပေး ရန်နှင့်ပြည်ထောင်စု လွှတ်တော် တွင်ဆွေးနွေးရန် အကြံပြုထားသည်။
လာမည့် မေလ ၁၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို အပြီးသတ်ဆောင်ရွက် ရမည်ဖြစ်သည်။
Mizzima

No comments:

Post a Comment