Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 26, 2015

အစာအဆိပ်သင့်သေဆုံးကြောင်း ရဲကိုတိုင်ကြားမှု စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်


နတ်တလင်း ဧပြီ ၂၅

 ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် နတ်တလင်းမြို့နယ် တောင်ညို ရဲစခန်းသို့ ဧပြီ ၂၁ ရက်ညတွင် ခင်စန္ဒာဝင်း(ခ) မာမား၊ မမေသူ(ခ) သူသူ၊ မမေစုလှိုင်(ခ) မေသက်ပိုင် တို့က သန်းဇော်ဝင်း(၄၃ နှစ်) မှာ ရန်ကုန်မှအလာ အစာအဆိပ်သင့် ဖြစ်ပြီး သေဆုံးကြောင်း သတင်းပို့ခဲ့ရာ သေမှုသေခင်း အမှတ်စဉ် ၂/၂ဝ၁၅ ဖြင့် အမှုဖွင့်ခဲ့သည်။

ရန်ကုန်မှ တောင်ညိုသို့ လာရောက်ကြသူ ခင်စန္ဒာဝင်း(ခ) မာမား၊ မမေသူ(ခ) သူသူ၊ မမေစုလှိုင် (ခ) မေသက်ပိုင်တို့ကို နတ်တလင်း မြို့မရဲစခန်းသို့ခေါ်ယူ၍ ခေတ္တ ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဇော်လွင်က ကြီးကြပ်လျက် စုံစမ်းစစ်ဆေးခဲ့ရာ ရန်ကုန်သစ်ရပ်ကွက် သင်္ဃန်းကျွန်း မြို့နယ်နေသူ ခင်စန္ဒာဝင်း (၄၃နှစ်) မှာ သေဆုံးသူနှင့်ကိုးလခန့် ချစ်ကြိုက် ခဲ့ပြီး ခင်စန္ဒာဝင်း၏နေအိမ်တွင် နှစ်ဦးသဘောတူ နေထိုင်ခဲ့ကြ ကြောင်း၊ သန်းဇော်ဝင်းမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်ပြီး အိမ်ထောင်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၉ ရက် နံနက် ၉ နာရီတွင် ၄င်းသည် ခင်စန္ဒာဝင်း၏အိမ်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ဧပြီ ၂ဝ ရက် နံနက် ၉ နာရီခန့်တွင် မင်္ဂလာ ဒုံမြို့နယ် အနမ်းပင်ရပ်ကွက်နေ မမေသူ(ခ)သူသူအား ခင်စန္ဒာဝင်းက ဖုန်းဆက် ခေါ်ယူ၍ နံနက် ၁၁ နာရီခွဲခန့်တွင် မေသူရောက်လာ ကြောင်း၊ သန်းဇော်ဝင်းမှာ အော့အန် ဝမ်းသွားနေကြောင်း၊ ဇနီးဖြစ်သူ ခင်စန္ဒာဝင်းကို ဆေးတိုက်ပါဟု ပြောသည့်အခါ မြေပဒေသာကျွန်းမှ ဝယ်ယူထားခဲ့သည့် ပဲဆေးပြား တစ်ပြားမှ တစ်ခြမ်းကို ၄င်း၏ပါးစပ်ထဲသို့ထည့်ကာ ရေဖြင့်တိုက် လိုက်ကြောင်း၊ နာရီဝက်ခန့်အကြာ တွင် သေဆုံးသွားခဲ့သည်။

ထို့နောက် အလောင်းအား ၄င်းတို့နှစ်ဦးက မိုးကာဖျင်ဖြင့်ထုပ်၍ အဝတ်ထည့်သည့် ပလပ်စတစ်ပုံး အစိမ်းရောင်တွင်ထည့်ကာ စောင်နှင့် အုပ်လျက် အဖုံးပိတ်ပြီး တိပ်အဝါ ရောင်ဖြင့်ကပ်လျက် နိုင်လွန်ကြိုးဖြင့် ချည်နှောင်ခဲ့ကြကြောင်း၊ အဆိုပါပုံးကို သေဆုံးသူ၏ လိုက်ထရပ်အဖြူရောင် ကား ၈ြ။ ----ဖြင့်တင်၍ နတ်တလင်း မြို့နယ် တောင်ညိုမြို့သစ်သို့ သယ်ယူခဲ့ရာ ဧပြီ ၂ဝ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိပြီး ဧပြီ ၂၁ ရက် ည ၁၁ နာရီတွင် တောင်ညိုရဲစခန်းသို့ သွားရောက်ကာ သန်းဇော်ဝင်းမှာ ရန်ကုန်မှအလာ အစာအဆိပ်သင့်ရာ သေဆုံးကြောင်းဟု လိမ်ညာ၍ သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ မေစုလှိုင်ခေါ် မေသက်ပိုင် (၂၈နှစ်) ငမိုးရိပ်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူမှာ တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှု မရှိကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

သို့ဖြစ်၍ တောင်ညိုရဲစခန်းမှူး ရဲအုပ်အောင်ဇော်က တရားလိုပြုလုပ် ၍ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက် သူ ခင်စန္ဒာဝင်း(ခ) မာမားနှင့် မေသူ (ခ)သူသူတို့အား အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment