အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်နေသော ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံခဲ့သည့် ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်သူများအား ဖြိုခွင်းမှုသတင်းကို မတ်လ ၆ ရက်ထုတ် အစိုးရသတင်းစာများ၏ ဖော်ပြချက်မှာ အဖြစ်မှန်နှင့် ကွဲလွဲနေကြောင်း သိရသည်။
အစိုးရသတင်းစာ သတင်းတွင် “ဆန္ဒပြသည့်အဖွဲ့မှ ပြန်လည်ရန်ပြုခဲ့သဖြင့် လူစုခွဲ ရှင်းလင်းကာ ဆန္ဒပြသူအချို့အား ထိန်းသိမ်းခဲ့ကြောင်း သိရသည်”ဟု ဖော်ပြထားရာ ထိုအချက်မှာ ကွဲလွဲနေခြင်းဖြစ်ကြောင်း သိရသည်။
“အစိုးရသတင်းစာမှာ ဖော်ပြထားသလို မဟုတ်ဘူး။ အရပ်သား စွမ်းအားရှင်တွေက အရင်စလုပ်တာ။ ကျောင်းသားတွေက တစ်ယောက် တစ်လှည့် မိန့်ခွန်းပြောတယ်။ Campaign ပုံစံလုပ်ဖို့ ပထမ စီစဉ်ထားတယ်။ အဲဒီမှာပဲ မိနစ် ၃ဝ အတွင်း လူစုခွဲပေး။ မိနစ် ၃ဝ လို့ ပြောတယ်။ သူတို့ အော်ပြီး ၁ဝ မိနစ် မကြာဘူး။ ကျောင်းသားတွေက ပြီးခါနီးပြီ။ အဲဒီအချိန်လောက်မှာ ဝင်လုပ်တာ။ မိနစ် ၃ဝ မပေးဘဲ ၁ဝ မိနစ်လောက်မှာ ဝင်လုပ်တာ။ ပထမဦးဆုံး ဝင်လုပ်တာက စွမ်းအားရှင်ပုံစံ လူတွေက အရင်ဝင် လုပ်တာ။ ပထမ ဝင်ရိုက်တယ်။ ဝင်ရိုက်တော့ ကျောင်းသားတွေကို ထောက်ခံတဲ့သူတွေက တားတယ်။ တားတော့ လူစုနည်းနည်း ပြန်ခွဲသွားတယ်။ ခွဲသွားပြီး ငါးမိနစ်လောက်ကြာတော့ ထပ်ပြီးဝင်လုပ်တယ်။ ဒီတစ်ကြိမ်မှာ အမျိုးသမီးတွေကို အရင်ဝင်ဆွဲတယ်။ သူတို့ဆွဲလို့ ပါသွားတဲ့သူတွေကို ကျောင်းသားတွေက ပြန်ဆွဲတယ်။ အဲဒီလို ပြန်ဆွဲချိန်မှာ ရဲတွေက နံပါတ်တုတ်တွေနဲ့ ဆန္ဒထုတ်ဖော်သူတွေကို ဝင်ရိုက်တယ်”ဟု အခင်းဖြစ်စဉ်ကို စောင့်ကြည့် သတင်းရယူခဲ့သော သတင်းထောက်တစ်ဦးက ပြောကြားသည်။
အခြားသော မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရသူများ၏ ပြောကြားချက်အရလည်း ဆန္ဒထုတ်ဖော်သူများကို အရပ်သား စွမ်းအားရှင်များနှင့် ရဲတပ်ဖွဲ့က စတင်ရိုက်နှက် ဖြိုခွင်းခဲ့ခြင်းဖြစ်သည့်နည်းတူ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များတွင် ပါရှိချက်များအရလည်း အရပ်သား စွမ်းအားရှင်များက စတင် အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအပြင် ဖြိုခွင်းမှုတွင် ဥပဒေမဲ့ ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့သော အရပ်သား စွမ်းအားရှင်များထဲတွင်အချို့မှာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ အချို့မှာ အခြေအနေမဲ့ အလုပ်ကြမ်းသမားများ၊ လေလွင့်ဆိုးသွမ်းနေသူများ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူများ ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းတို့၏ နေရပ်လိပ်စာများနှင့် မည်သူမည်ဝါဆိုသည်များကို ပြည်သူလူထုက ဖော်ထုတ်၊ ပြောကြားမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
အစိုးရသတင်းစာသတင်းတွင် အရပ်သား စွမ်းအားရှင်များ အသုံးပြုပြီး အင်အားသုံး ဖြိုခွင်းခဲ့ခြင်းအချက်အား ဖော်ပြမှုမရှိသည်ကို တွေ့ရှိရသည်။
.
Credit : Eleven Media Group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 6, 2015
ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်သူများအား ဖြိုခွင်းမှုသတင်း အစိုးရသတင်းစာဖော်ပြမှု အဖြစ်မှန်နှင့် ကွဲလွဲနေ
ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်သူများအား ဖြိုခွင်းမှုသတင်း အစိုးရသတင်းစာဖော်ပြမှု အဖြစ်မှန်နှင့် ကွဲလွဲနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment