သူတို့ဆိုတော့ ဘယ်ကသူတို့လဲ မေးစရာရှိပါတယ်။ သူတို့ဆိုတာ တိုးတက်တဲ့
နိုင်ငံတွေကိုရည်ညွှန်း ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေဆိုတော့ ဥရောပ၊
အမေရိကန်နဲ့ကနေဒါအပြင် သြစတြေးလျနဲ့ ဂျပန်တို့ လည်းပါပါတယ်။
ကိုယ်ကျင်လည်ခဲ့ဖူးတာကတော့ ဥရောပဖြစ်တဲ့အတွက် ဥရောပကအလုပ်သမားတွေနဲ့ ဥရောပက ကျောင်းသားတွေအကြောင်း ပြောပြချင်ပါတယ်။
သူတို့ဆီက အယူအဆလေးတွေ၊ တိုးတက်မှုလေးတွေနဲ့ အမြော်အမြင်ရှိမှုလေးတွေတချို့ပါ။
ဥပမာ-ကျောင်းသားတွေ စာသင်ကြားနေတာကို တိုင်းပြည်အတွက် အလုပ်လုပ်နေတယ်လို့
သတ်မှတ် တာမျိုး၊ ထူးဆန်းတယ်နော်။
ဒါကြောင့်စာသင်ကြားနေတဲ့ကျောင်းသားတိုင်းကို အစိုးရကလုပ်အားခ သဘောမျိုး
ထောက်ပံ့ငွေပေးထားပါတယ်။ ကျောင်းပြီးသွားလို့ အလုပ်အကိုင်ရှာနေဆဲ၊ အလုပ်မရ
သေးတဲ့ အချိန်မှာလည်း မပူနဲ့။ ကျောင်းသားဘဝတုန်းက ထောက်ပံ့တဲ့ငွေနဲ့
အလုပ်သမားတစ် ယောက်ရဲ့ဝင်ငွေကြားမှာရှိတဲ့ ထောက်ပံ့ငွေပေးထားပါတယ်။
အဲဒီကျောင်းအပြီးနဲ့ အလုပ်မရခင်ကြား ကထောက်ပံ့ငွေကို
အလုပ်လက်မဲ့ထောက်ပံ့ကြေးလို့ ခေါ်ပါတယ်။
သူတို့ဆီက အခြေခံမူဝါဒက
အလုပ်လုပ်ချင်တဲ့သူတွေကို အလုပ်မပေးနိုင်တာဟာ အစိုးရမှာတာဝန်ရှိ တယ်လို့
ခံယူချက်ရှိပါတယ်။ ဒါကြောင့်အလုပ်လက်မဲ့တွေကို အစိုးရကထောက်ပံ့ရပါတယ်။
တာဝန်ရှိ တဲ့နေရာမှာနေရင် တာဝန်ယူရတဲ့သဘောပါ။
နောက်အရေးကြီးတဲ့အချက်တစ်ချက်က နှစ်စဉ်အနိမ့်ဆုံးလုပ်အားခငွေ
သတ်မှတ်ပေးရပါတယ်။ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့အစည်း၊ လွှတ်တော်နဲ့
အစိုးရဘက်ကပညာရှင်တွေ ဆွေး နွေးပြီး ဆုံးဖြတ်ရတာပါ။ ကျွန်တော်တို့ဆီမှာလို
အဘိုးလက်ထက်က တွက်ချက်နေတဲ့ အနိမ့်ဆုံးလစာ ငွေဟာ မြေးလက်ထက်ကျမှ
ပြီးလို့မရပါဘူး။ ပြဿနာတွေ တက်သွားနိုင်ပါတယ်။ ဒီအရေးကြီး ကိန်း
ဂဏန်းတစ်ခုတောင် ဒီလောက်ဖင့်နွှဲ့နေရင် အစိုးရတစ်ရပ်ရဲ့
အုပ်ချုပ်မှုစွမ်းရည်အပေါ် ပြန်စဉ်းစားကြ ရမှာဖြစ်ပါတယ်။
သူတို့ဆီမှာ အနိမ့်ဆုံးလစာ သတ်မှတ်ပြီးသွားပြီထား၊ အစိုးရရဲ့ တာဝန်ယူမှုက
ပြီးမသွားသေးပါဘူး။ ဆိုလိုတာက သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာနဲ့
မိသားစုတစ်စုဟာ မလောက်ငဘူးဆိုရင် သူ့မှာခိုင် လုံတဲ့ အကြောင်းပြချက်တွေနဲ့
လူမှုဖူလုံရေးဌာနမှာ လျှောက်ထားပြီး လိုတဲ့ငွေထုတ်ယူလို့ရပါသေး တယ်။
ဒါဟာလည်းအစိုးရရဲ့ တာဝန်ထဲမှာပါရှိနေပါတယ်။
ဒီအခွင့်အရေးတွေကို
ပေးဖို့ရာအစိုးရတိုင်းမှာ တာဝန်ရှိပါတယ်။ အစိုးရကသူလုပ်ပေးရမယ့်တာဝန်ကို
ပျက်ကွက်တဲ့အခါမှာ အလုပ်သမားတွေဘက်က တောင်းဆိုမှုတွေပေါ်ပေါက်လာရတာပေါ့။
အလုပ်သ မားတွေမှာ အပြစ်မရှိပါဘူး။ ဘယ်သူမဆို လုံလောက်တဲ့လစာငွေနဲ့
မိသားစုတွေပျော်ရွှင်နေမယ်ဆိုရင် ဆန္ဒထုတ်ဖော်ဖို့အကြောင်း မရှိပါဘူး။
ဘယ်အလုပ်သမားမှ အပျော်ဆန္ဒပြတယ်လို့မရှိပါဘူး။ ဒါဟာ ဘဝနဲ့ဆိုင်ပါတယ်။
ပုံမှန်ဘဝတစ်ခုမှာ အဆင်ပြေနေရင် ဘယ်သူမှအလုပ်ပျက်ခံမှာ မဟုတ်ပါဘူး။
ရဲတွေနဲ့လည်း ဘယ်သူမှရင်ဆိုင်မတိုးချင်ပါဘူး။
တကယ်ဆိုရင်
မြန်မာနိုင်ငံက အလုပ်သမားတွေ အလွန်သနားစရာကောင်းပါတယ်။ သူများနိုင်ငံတွေ
ထက်ပိုပြီး ပင်ပင်ပန်းပန်း လုပ်ကြရပေမယ့် သူများနိုင်ငံကအလုပ်သမားတွေထက်
လုပ်အားခတွေ အဆမတန်နည်းပါတယ်။
အခုရွှေပြည်သာ စက်မှုဇုန်နယ်မြေက
အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ လစာငွေကျပ်တစ် သိန်းအောက်နဲ့
လုပ်ကြရသူတွေပါ။ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို မခံနိုင်တာကြောင့် ဘယ်လိုမှမတတ်
သာတဲ့အဆုံးမှာ တစ်လကိုကျပ်သုံးသောင်းနှုန်းတိုးပေးဖို့
တောင်းဆိုကြရတာဖြစ်ပါတယ်။ တခြားယုံ ကြည်စရာနည်းလမ်းသာရှိခဲ့ရင် သူတို့ခမျာ
အဲဒီတခြားနည်းကိုပဲ သုံးချင်မှာပါ။ ဒါပေမဲ့သူတို့မှာ တခြား
အသက်ရှူဖို့ထွက်ပေါက် မရှိခဲ့ပါဘူး။
ဗျူရိုကရက်ဆန်တဲ့
အုပ်ချုပ်ရေးကြားမှာ သူတို့ဟာကိုယ့်အားကိုယ်ကိုးခဲ့ကြရတာ ဖြစ်ပါလိမ့်မယ်။
တိုင်းပြည်တစ်ပြည်မှာ အလုပ်သမားအရေးကိစ္စဟာ နံပါတ်တစ်အရေးကြီးဆုံးဖြစ်ပါတယ်။
ဒုတိယ လယ်သမားနဲ့ တတိယကျောင်းသားအရေးကိစ္စဖြစ်ပါတယ်။ ဒါတွေကိုမှ
ပြေလည်အောင်ဆောင်ရွက် မပေးနိုင်ရင် အစိုးရဆိုတာဘာလုပ်ဖို့ထားတာလဲလို့
မေးစရာဖြစ်နေပါတယ်။
ပြေလည်အောင် မဖြေရှင်းပေးနိုင်တဲ့အပြင်
အကြမ်းဖက်ပြီး နှိမ်နင်းဦးမယ်ဆိုရင်တော့ သားသမီးတွေ ကို ရှာဖွေမကျွေးဘဲ
ရိုက်နှက်ဖို့လောက်ပဲသိတဲ့ အဖေမျိုးနဲ့တူနေပါတယ်။
ဂျာမနီနိုင်ငံမှာ Minimum Salary ခေါ်အနိမ့်ဆုံးလုပ်အားခကို လောလောလတ်လတ်
တစ်နာရီ ၈ ဒသမ ၅ ယူရိုနှုန်းသတ်မှတ်ထားပါတယ်။ ၈ ဒသမ ၅ ယူရိုနှုန်းနဲ့တွက်ရင်
သူတို့နိုင်ငံရဲ့ လုပ်အားခက တစ်နာရီမှာ မြန်မာငွေနဲ့ ၉၈၈၈ ဒသမ ၉
(တစ်သောင်းနီးပါး) ရကြပါတယ်။ တစ်ရက်လုပ်အားခ၊ ရှစ် နာရီအလုပ်လုပ်သူဟာ
မြန်မာငွေနဲ့ ကျပ်ရှစ်သောင်းရသွားပါတယ်။
ဒီတော့
ကျွန်တော်တို့ဆီမှာ တစ်လလောက်လုပ်မှ သူတို့ဆီက တစ်ရက်လုပ်ခလောက်ရတော့ အလွန်
ကွာခြားလွန်းနေပါတယ်။ ကြက်ဥတစ်လုံးဈေးနှုန်းချင်းကျတော့ မတိမ်းမယိမ်းပါ။
ကိုယ့်နိုင်ငံက အလုပ် သမားတွေဟာ လူလူချင်းတူပါလျက်၊
လုပ်အားချင်းလည်းတူပါလျက် ဒီလောက်အထိ နိမ့်ပါးတဲ့လုပ် အားခပဲရတာက
ဒီကမ္ဘာမှာနေတဲ့ လူတွေမှဟုတ်ရဲ့လား။ သနားမိပါတယ်။ ဒါကြောင့်သူတို့တစ်တွေ
တိုးပြီးတောင်းဆိုနေတဲ့ ကျပ်သုံးသောင်းတောင် နည်းလွန်းနေပါသေးတယ်။
အမှန်ပြောရရင် စာရေး သူလည်းရပ်ကွက်ထဲမှာနေသူတွေချင်းဆိုတော့ သိတယ်။
လင်မယားနှစ်ယောက်၊ ကျောင်းသားငယ် နှစ်ယောက်နဲ့ဆိုရင်
တစ်လကျပ်နှစ်သိန်းခွဲဘယ်လိုမှ မလောက်ပါဘူး။
ကျွန်တော်တို့ဟာ
တိုင်းပြည်ထူထောင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ
လိုအပ်တာအမှန်ပါပဲ။ ဒါပေမဲ့သူတို့ကို ကြိုဆိုတယ်ဆိုတာက သူ့ဘက်ကိုယ့်ဘက်
မျှမျှတတနဲ့ ဒိုးတူပေါင်ဖက်အကျိုးရှိဖို့ပါ။ သူတို့ကိုကျွန်တော့်တို့ရဲ့
ညီငယ်၊ ညီမငယ်တွေကလည်း စင်းပေးဖို့အထိတော့ မဟုတ်ပါဘူး။
အုပ်ချုပ်သူလူကြီးမင်းများဟာ နိုင်ငံခြားသားအလိုမရှိဘူးဆိုတော့လည်း
သူတို့ပဲ။ ပြည်ပအားကိုးရင်ပဲ သစ္စာဖောက်ဖြစ်တော့မယောင်ညာသံပေးပြီး ဟော . . .
. အခုကျတော့လည်း သူတို့မှဟုတ်ပါစ။ နိုင်ငံ ခြားဆိုရင်ပြီးရော
အိမ်ဦးခန်းမှာတင်ထားပြီး ကိုယ့်နိုင်ငံသားတွေ ဘာဖြစ်ဖြစ်
ကုပ်သွေးကြိုက်သလို စုပ်ခွင့်ပေးထားသလို ဖြစ်နေပြန်ပါတယ်။
ပြည်ပကိုအားကိုးရုံတင်မကဘဲ ကြောက်ချေးတောင်ပါမယ့် သဘော။ စားသုံးရန်မသင့်တဲ့
တရုတ်ပြည်ကလာတဲ့မုန့်ကို တရုတ်မုန့်လို့မခေါ်နဲ့တဲ့။ ရှူးတိုးတိုး။ ဖုန်
ကြားရှင်ကို တရုတ်တပ်မတော်သားဟောင်းတွေကူတာကို မဖြစ်နိုင်ဘူးတဲ့။
တရုတ်ပြည်ထဲမှာနေတဲ့ ကိုးကန့်တွေနေမှာပါတဲ့၊ ရှူးတိုးတိုး။ သခင်မျိုးဟေ့
တို့ဗမာအော်ရင်လည်း ရှူးတိုးတိုးလုပ်ကြဦးမှာလား လို့ မေးကြည့်ချင်ပါတယ်။
တကယ်တော့ တောင်းဆိုချက်မှန်သမျှတွေဟာ အစိုးရကဖြည့်ဆည်းမပေးနိုင်လို့ လိုအပ်ချက်အရ ပေါ် ထွက်လာတာပါ။
အခုကျောင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီပညာရေးစနစ်ဆိုတာဟာ
သူများနိုင်ငံတွေမှာ အစိုး ရနဲ့လွှတ်တော်က အသင့်ဖန်တီးပေးကြရတာပါ။
ကျောင်းသားတွေတောင်းဆိုဖို့တောင်မလိုပါဘူး။ အခု ကျောင်းသားတွေ
အပင်ပန်းဆင်းရဲခံပြီး တောင်းဆိုနေကြရတာက အစိုးရနဲ့လွှတ်တော် တင်းခံထားခဲ့
ကြလို့သာ ဖြစ်ပါတယ်။
ကျောင်းသားတွေ တောင်းဆိုနေတာဟာလည်း
နိုင်ငံတကာစံတွေကို မလေ့လာဘဲ အဓိပ္ပာယ်မရှိ တောင်းဆိုနေတာ မဟုတ်ပါဘူး။
လက်ရှိမြန်မာနိုင်ငံ ပညာရေးစနစ်က နိုင်ငံတကာနဲ့ယှဉ်ရင် ကျောက်
ခေတ်ကိုရောက်နေတယ်လို့ပြောနိုင်ပါတယ်။ နိုင်ငံတကာမှာက တစ်နှစ်ပြီးတစ်နှစ်၊
တစ်လပြီးတစ်လ၊ တစ်ရက်ပြီးတစ်ရက်တောင်မတူဘဲ ပြောင်းနေတာပါ။
ကျွန်တော်တို့အရွယ်တွေတောင် လိုက်မမီနိုင်တော့ပါဘူး။ ဒါကြောင့် မသိတာကို
မသိသလိုနေလိုက် ခြင်းက ကျောင်းသားတွေကို ကူညီရာရောက်ပါလိမ့်မယ်။
ဥပမာ-အလွတ်ကျက်ဖြေ စာမေးပွဲစနစ်က နိုင်ငံတကာမှာ ဘေးရောက်သွားပါပြီ။
ကိုယ်ကြိုက်တဲ့လိုင်းကို အမှတ်ကန့်သတ်မထားဘဲ လျှောက်နိုင် တာမှန်တယ်။
ဒါပေမဲ့ ဝင်ခွင့်ဖြေရမယ်။ အမှန်တကယ် ဆေးပညာဝါသနာပါပြီး လူသားတွေအပေါ်
ကြင်နာမယ့်သူတွေကိုသာ ရွေးချယ်ပါလိမ့်မယ်။ အဓိကက ဆရာဝန်ဘွဲ့ရပြီး
ဆေးမကုဘဲတခြားအ လုပ်လုပ်မယ့်သူတွေကို ရှောင်နိုင်လိမ့်မယ်။ အနစ်နာခံပြီး
နယ်စွန်နယ်ဖျားသွားမယ့်သူတွေ လမ်းဖွင့် လာလိမ့်မယ်။ မူလတန်းမှာ
တိုင်းရင်းသားကျောင်းသားက တိုင်းရင်းသားဘာသာနဲ့ သင်ခွင့်ပေးရင် လည်း
တိုင်းရင်းသားကျောင်းသားတွေ စိတ်ပျက်ပြီးလုံးလုံးမသင်တာနဲ့စာရင်
အကျိုးရှိမှာပါ။ ကိုယ့် ပြည်မက ကလေးတွေကို မူလတန်းမှာ ဗမာလိုမသင်ဘဲ
တိုင်းရင်းသားဘာသာနဲ့သင်ရင် ဘယ်လိုနေ မှာတဲ့လဲ။
စံတော်ချိန်သတင်းစာ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 23, 2015
သူတို့ဆီက အလုပ်သမား သူတို့ဆီက ကျောင်းသား
သူတို့ဆီက အလုပ်သမား သူတို့ဆီက ကျောင်းသား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 23, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment