Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 28, 2015

ကျွန်တော် သေဒဏ်ကျခဲ့သော ၁၇ လ ၁၇ ရက် အမှတ်- ၁၂


(တပ်ကြပ်ဇော်နီနှင့် အင်းစိန်ထောင်၏ သံမဏိစည်းမျဉ်းများ) 
========================================
ဇော်သက်ထွေး
တွဲဖက် အကျဉ်းထောင် အဆောင်(၁) အရှေ့ခြမ်းတွင် နေ့ဘက် တာဝန်ကျသော 
ဝန်ထမ်းမှာ သူ့ရင်ဘတ်တွင် ရေးထိုးထားသော ကတ်ပြားအရ ဇော်နီဟု သိရပြီး 
ရာထူးမှာ တပ်ကြပ်အဆင့် ဖြစ်သည်။ တွဲဖက်ထောင်၏ တာဝန်ရှိ ၀ါဒါများအနက် 
အင်းစိန်ထောင်၏ စည်းမျဉ်းစည်းကမ်းများကို အတိအကျ အလိုက်နာဆုံးသူ အဖြစ် 
နာမည်ကြီးသည့် အတွက် ကျွန်တော်တို့ အဆောင်တွင် တာဝန်ချထားခြင်း ဖြစ်သည်
ဟု ဆိုသည်။ ကိုသားကြီးနှင့် ဝေလင်းဆန်းကို စည်းရုံး၍ မရသည့် အတွက် ကျွန်တော်
၏ မြှားဦးမှာ အကျဉ်းဦးစီးဌာန ၀န်ထမ်းများထံ လှည့်သွားသည်။
ပထမဦးဆုံး နေ့စဉ် တွေ့ဆုံနေရသော တပ်ကြပ် ဇော်နီနှင့် ရင်းနှီးရန် ကြိုးစားသည်။ 
သို့သော် ကျွန်တော်၏ ကြိုးပမ်းမှုက ထူးထူးခြားခြား မထိရောက်လှပေ။ တပ်ကြပ်
ဇော်နီက ကျွန်တော်တို့နှင့် စကားပြောဖို့ကိုပင် ကြောက်လန့်နေပုံရသည်။ ကျွန်တော် 
စကားပြောဖို့ ကြိုးစားတိုင်း ထောက်လှမ်းရေးရုံး ဘက်ကို လှမ်းလှမ်းကြည့်ကာ လက်ဝါးကာ ပြလေ့ရှိသည်။ လူလစ်သည့် အခါမှ အခန်းရှေ့လာပြီး အမောတကော ရှင်းပြသည်။
“ကျွန်တော်နဲ့ စကားသိပ် မပြောနဲ့ဗျ။ ထောက်လှမ်းရေးရုံးက လှမ်းကြည့်နေသလား မသိဘူး။ တော်ကြာ ကျွန်တော့်ကို ပူတာအိုတို့ ကော့သောင်းတို့ ပို့လိုက်မှ ဒုက္ခ
ရောက်ကုန်မယ်”
သူ့စကားကို ကြားကြားချင်း ကျွန်တော့် စိတ်ထဲတွင် ငိုအားထက် ရယ်အားသန် 
ဖြစ်သွားသည်။ ကျွန်တော်တို့ ၉ ယောက်မှာ ထောက်လှမ်းရေး၏ ဖမ်းဆီးစစ်ကြော
ခြင်းကြောင့် အင်းစိန် ထောင်ထဲ ရောက်လာပြီးသည့်နောက် ထောက်လှမ်းရေးကို 
ကြောက်လန့်စရာ မလိုတော့ဟု တွေးတောမိသည်။ သို့သော် ကျွန်တော်တို့ကို 
စောင့်ကြပ်သည့် အကျဉ်းဦးစီး ၀န်ထမ်းတွေရော၊ အခွင့်အရေး အနည်းငယ် ရနေသည့် အကျဉ်းသားတွေရော ထောက်လှမ်းရေးကို နေ့စဉ် ကြောက်လန့်နေရသည် အထိ 
သြဇာအာဏာက ကြီးမားနေသည်။ အစပထမပိုင်းတွင် တပ်ကြပ် ဇော်နီမှာ သတိ
အနေအထားဖြင့် နေထိုင်သော်လည်း ရက်ပေါင်း အတန်ကြာလာပြီး နေ့စဉ်ထိတွေ့ပါ 
များလာသည့် အတွက် ရင်းနှီးမှု စရလာသည်။ တပ်ကြပ်ဇော်နီ၏ ၀ါသနာမှာ ရုပ်ရှင်
အင်မတန် ကြိုက်ခြင်းဖြစ်သည်။ ထိုအချက်ကို ကျွန်တော် သိသိချင်း သူ့ကို ရုပ်ရှင် ဇာတ်လမ်းများကို ပြောပြသည်။ သူလည်း ကျွန်တော်တို့ အဆောင်တွင် နေ့စဉ် 
စောင့်ကြပ်နေရသည့် အတွက် ပျင်းရိငြီးငွေ့လာပုံရသည်။ နောက်ရက်များတွင် 
သူ့ကုလားထိုင်ကို ကျွန်တော့် အခန်းရှေ့တွင် အမြဲလာချပြီး ထိုင်တော့သည်။
ကျွန်တော်က ရုပ်ရှင် နှင့် ဗီဒီယို ဇာတ်ကားပေါင်း ၂၀၀ခန့် ဇာတ်ညွှန်း ရေးသား
ခဲ့သည်ဟု ပြောသောအခါ သူက သိပ်မယုံ။ ကျွန်တော် ရေးသော ရုပ်ရှင်ဇာတ်ကား အမည်များကို ပြောပြသော အခါ သူကောင်းကောင်း သိနေသည်။ သူက အားသည့် 
အချိန်တိုင်းတွင် အင်းစိန်ထောင်နှင့် အနီးဆုံး ရုပ်ရှင်ရုံတွင် အမြဲသွားပြီး ရုပ်ရှင်
ကြည့်လေ့ရှိသည်ဟု ဆိုသည်။ သို့သော် ကျွန်တော့်ကို ဇာတ်ညွှန်းရေးသူ အဖြစ် မမြင်ဘဲ ဖောက်ခွဲရေးသမား အဖြစ်သာ ရှုမြင်ထားပုံရသည်။
အင်းစိန်ထောင်ထဲတွင် အဆောင်(၁)နှင့်(၂)သည် နှစ်ထပ်ဆောင်ဖြစ်ပြီး အပေါ်ထပ်
သည် ဟောလ်တိုက်ပုံစံ ဖြစ်သည်။ အပေါ်ထပ်တွင် ဘောက်ဆင်းနှင့် အမြဲဆင်းဟု 
ခေါ်သော တစ်နှစ်နှင့်အောက် ပြစ်ဒဏ်ကျသော အကျဉ်းသားများကို ထားသည်။ သူတို့ အားလုံးသည် နံနက် ၆ နာရီတွင် အကျဉ်းထောင် အပြင်ဘက်သို့ ထွက်ခွင့်ရပြီး 
ထောင်ဧရိယာအတွင်း လုပ်ရမည့် စိုက်ပျိုးရေး၊ သန့်ရှင်းရေးနှင့် မွေးမြူရေး လုပ်ငန်း
များကို ဆောင်ရွက်ရသည်။ ညနေ ၅ နာရီအချိန်တွင် ထောင်တွင်းသို့ ပြန်ဝင်ရသည်။ 
ယခင်က သီးသန့်ထောင်၌ ကျွန်တော် နေထိုင်စဉ် အတွင်း အပေါ်ထပ်များတွင် မြန်မာ့
ပင်လယ်ပြင်၌ ငါးခိုး၍ ဖမ်းဆီးရမိသော ထိုင်း ရေလုပ်သားများကို ထားခဲ့သည်။ 
အပေါ်ထပ် အဆောင်များတွင် အလုပ်လုပ်ရသည့် အကျဉ်းသားများ ကြည့်ရှုနိုင်ရန် ရုပ်မြင်သံကြားစက် တစ်လုံးစီ ထားပေးသည်။ နေ့လည်ဘက် ထောင်ပိတ်ချိန်တွင် 
တပ်ကြပ်ဇော်နီမှာ အပေါ်ထပ်သို့ တက်ပြီး ရုပ်မြင်သံကြား ကြည့်ကာ အနားယူလေ့
ရှိသည်။ တစ်ရက်တွင် ရုပ်မြင်သံကြား ကြည့်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာသည်။ 
ကျွန်တော့်ကို ယခင်ကထက် ခင်မင်ရင်းနှီးလာပုံဖြင့် အခန်းရှေ့တွင် ထိုင်ကာ 
လှမ်းပြောသည်။
“စာရေးဆရာ အခုနေ့လည်က မြန်မာ့ရုပ်မြင်သံကြားမှာ ခင်ဗျားရေးတဲ့ ဗီဒီယိုဇာတ်ကား လွှင့်သွားတယ်”
ကျွန်တော့် ရင်ထဲတွင် ထိတ်ခနဲ ၀မ်းသာသွားသည်။ ဤအချက်ကို အသုံးပြုကာ တပ်ကြပ် 
ဇော်နီကို စည်းရုံးရသည်။ သို့သော် ဟန်မပျက် သူ့ကို ပြန်မေးလိုက်သည်။
“ဟုတ်လား ဇာတ်ကား အမည်က ဘာလဲ”
“နှင်းကျောင်းပုံပြင်တဲ့ ဒွေးနဲ့ နန္ဒာလှိုင် သရုပ်ဆောင်ထားတာ ခင်ဗျားနာမည်ကိုပါ 
ထိုးသွားတယ်”
ထိုဇာတ်ကားကို တပ်ကြပ် ဇော်နီ ကြည့်ပြီးသည့် နောက်ပိုင်း ကျွန်တော့်ကို ပိုမိုခင်မင်
လာသည်။ ကျွန်တော်တို့ အမှုတွဲ ၉ ယောက် အနက် ကျွန်တော် တစ်ယောက်တည်းကိုသာ ရင်းရင်းနှီးနှီး စကား ပြောသည်။ သို့သော် ကိုသားကြီးနှင့် ဝေလင်းဆန်း ရောက်လာလျှင် တွန့်တွန့်သွားတတ်သည်။ အဘယ့်ကြောင့်ဆိုသော် ထောက်လှမ်းရေးထံသို့ သတင်းရောက်သွားမည် စိုး၍ဟု ပြောသည်။ ကိုသားကြီးတို့ ကလည်း ကျွန်တော့်ကို တစ်ခုခု ပြောတိုင်း တပ်ကြပ်ဇော်နီကို အရမ်းမယုံနဲ့ဟု သတိပေးထားပြန်သည်။ 
ထိုဖြစ်စဉ်ကို ကျွန်တော် မအံ့သြပါ။ ထိုသို့ဖြစ်ရန် ထောက်လှမ်းရေးနှင့် အကျဉ်းဦးစီး
ဌာနက တမင်ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် တစ်ဖွဲ့
နှင့် တစ်ဖွဲ့ မယုံမှသာ ထောင်ထဲတွင် ဘာတွေဖြစ်ပျက်နေသည်ကို အချိန်မရွေး သိခွင့်
ရမည် မဟုတ်လား။
နောက်တစ်ရက်တွင် ကျွန်တော် အချိန်ကြာကြာ မဆိုင်းဘဲ တပ်ကြပ်ဇော်နီကို ဗြောင်မေး
လိုက်သည်။
“ဆရာဇော်နီ...ဆရာ့ ယူနီဖောင်းလည်း တော်တော် ဟောင်းနေပြီ။ ယူနီဖောင်း အသစ်
တစ်ထည် လက်ဆောင် မလိုချင်ဘူးလား”
ကျွန်တော့်စကား ဆုံးဆုံးချင်း တပ်ကြပ်ဇော်နီမှာ သူ့ယူနီဖောင်းကို ငုံ့ကြည့်ပြီး မဆိုင်းမတွ
ပြန်ပြောသည်။
“ဟာ ရရင် လိုချင်တာပေါ့”
“လိုချင်ရင် တစ်ခုပဲလုပ်ပေး ကျွန်တော့်မိန်းမဆီကို ဖုန်းဆက်ပြီး ကျွန်တော် ထောင်
ထဲမှာ ကျန်းကျန်းမာမာ ရှိတယ်လို့ ပြောပေးပါလား။ သူ့ဆီက ယူနီဖောင်းဖိုးပါ တောင်း
လို့ရတယ်”
ကျွန်တော့်စကား ဆုံးဆုံးချင်း ဆရာဇော်နီ တုန်လှုပ်သွားသည်။
“ဟာ ဒါတော့မလုပ်ပါနဲ့။ ကျွန်တော် ချက်ချင်းအလုပ် ပြုတ်သွားလိမ့်မယ်”
“ဘယ်သူမှ မသိပါဘူး”
“ဘယ်ပြောလို့ရမလဲ။ ထောက်လှမ်းရေးက ဖုန်းတွေကို အသံဖမ်းထားရင် ဘယ်လို 
လုပ်မလဲ”
ကျွန်တော် စိတ်ဓာတ် အကြီးအကျယ် ကျသွားသည်။ တပ်ကြပ် ဇော်နီအား ထောင်မှ
ရွေးချယ်၍ ကျွန်တော်တို့ အဆောင်သို့ တာဝန်ချထားခြင်းမှာ အလွန်မှန်ကန်သော လုပ်ရပ် ဖြစ်ခဲ့သည်။ ကျွန်တော်တို့ တွဲဘက်ထောင်တွင် နေထိုင်သည့် ၃လလုံးလုံး တပ်ကြပ် ဇော်နီသည် တရားမ၀င် အလုပ်ဟူ၍ ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ ကျွန်တော့် 
အနေဖြင့် စိတ်ဓာတ် အကြီးအကျယ် ကျသွားသည်။
တပ်ကြပ်ဇော်နီကို စည်းရုံး၍ မရသည့်အတွက် ညတာဝန်ကျ ၀န်ထမ်းတွေကို လေ့လာ
ရပြန်သည်။ ညတာဝန်ကျ ၀န်ထမ်းကတော့ ၁၄ရက် တစ်ကြိမ်သာ တာဝန်ကျသော
သူများ ဖြစ်သည်။ ထိုသူတွေထဲကလည်း အများအားဖြင့် အရက်လေးဘာလေး သောက်
ပြီး ဂျူတီ ၀င်လာသူများ ရှိနေသည်။ ကျွန်တော်၏ ပစ်မှတ်ကို စိတ်ရှည် သည်းခံစွာ 
စောင့်ဆိုင်းနေသည်။ တစ်ညတွင် မထင်မှတ်ဘဲ ၀န်ထမ်း တစ်ယောက်နှင့် စကား 
စမြည်ပြောရင်း ခင်မင်သွားသည်။ သူ့အမည်က ဒုတပ်ကြပ် ဌေးလွင်။ သူက ကျွန်တော်
နှင့် စကားပြောရင်း ကျွန်တော့် ကိုယ်ပေါ်မှ သားရေ ဂျာကင်ကို တရစ်ဝဲ၀ဲ ကြည့်
နေသည်။ ထို့နောက် စိတ်မထိန်းနိုင်ဘဲ ကျွန်တော့်အင်္ကျီကို လှမ်းကိုင်ကြည့်သည်။
“တော်တော်ကောင်းတဲ့ သားရေပဲ။ အစစ်ထင်တယ်”
ထိုအခွင့်အရေးကို ကျွန်တော် လက်လွတ်ခံ၍ မဖြစ်။ သားရေဂျာကင်ကို ချက်ချင်းချွတ်ပြီး သူ့ကို ပြလိုက်သည်။ ပြီးနောက် လေသံတိုးတိုးဖြင့် ဗြောင်မေးလိုက်သည်။
“ကျွန်တော့်အိမ်ကို ဖုန်း ဆက်ပေးမလား”
သူက ကျွန်တော့် အင်္ကျီပေါ်က အကြည့်ကို မခွာဘဲ ခေါင်းညိတ်ပြသည်။ လူ့လောဘ
သည် ကြောက်စရာ ကောင်းသည်။ ယခင်က ဇနီးသည်နှင့် ဖုန်းအဆက်အသွယ်
ရလျှင် သေပျော်ပြီဟု တွေးထားရာကနေ ဖုန်းတစ်ခါ ဆက်ရုံမျှဖြင့် သားရေဂျာကင် တစ်ထည် ပေးလိုက်ရမှာကို နှမြော နေပြန်သည်။ ထို့ကြောင့် ထပ်မံ ဈေးဆစ်
လိုက်သည်။
“ကျွန်တော့် အတွက်လည်း စားစရာ တစ်ခုခု ယူလာပေးမလား”
ဒုတပ်ကြပ်ဌေးလွင် ခေတ္တ တွေဝေသွားသည်။
“ဘာစားချင်တာလဲ”
“ငါးပိကြော်တို့ သရက်သီး သနပ်တို့ ပဲကြီးလှော်တို့ပေါ့ဗျာ”
သူစဉ်းစားပြီး ခေါင်းညိတ်ပြသည်။ ဘေးဘီကို စောင်းငဲ့ကြည့်ကာ စက္ကူအစုတ် တစ်ရွက်
ပေါ်တွင် ကျွန်တော့် ဇနီးထံကို ဆက်သွယ်၍ရမည့် ဖုန်းနံပါတ်ကို ရေးခိုင်းသည်။ ကျွန်တော့် ရင်ထဲတွင် ၀မ်းသာပီတိ ဖြစ်မှု၊ စိတ်လှုပ်ရှားမှုတို့ကြောင့် လက်တွေတုန်နေသည်။ 
ထိုညက သားရေဂျာကင် တစ်ထည်နှင့် ဒုတပ်ကြပ်ဌေးလွင်အား အောင်မြင်စွာ 
အပေးအယူ လုပ်ခဲ့သည်။
သို့သော် နောက်တစ်ညတွင် ကိုဌေးလွင် ယူလာသော အစားအစာ ဆိုသည်မှာ ....။ ။
(ဆက်ပါဦးမည်)
ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၅၂) ပါအခန်းဆက်ဆောင်းပါး )

No comments:

Post a Comment