Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 1, 2014

ရန်ကုန်စတော့ အိတ်ချိန်းတွင် ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီများစတင်ခေါ်

စတော့အိတ်ချိန်း
ရန်ကုန်ရှိ Myanmar Securities Exchange Centre (MSEC) တွင် ဈေးနှုန်းများကို ဝန်ထမ်းတဦးက လက်ဖြင့် ရေးသွင်းနေသည်ကို ၂၀၁၁ စက်တင်ဘာလက မြင်ရစဉ် (ဓာတ်ပုံ – Reuters)
ရန်ကုန်စတော့ အိတ်ချိန်းအတွက် ရှယ်ယာ ရောင်းဝယ်မှုများ လုပ်ရာတွင် ကြားခံ ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို ဇန်န၀ါရီ ၁၉ ရက်နေ့မှ စတင်ကာ လျှောက်လွှာများ ရောင်းချသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ဇန်န၀ါရီလ ၁၀ ရက်နေ့က မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သည့် ရန်ကုန် စတော့အိတ်ချိန်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “၀န်ဆောင်မှု ပံ့ပိုးပေးရမယ့် ကုမဏီ အမျိုးအစား ၄ မျိုးအတွက် လိုင်စင် စတင်ခေါ်ယူသွားပါမယ်” ဟု ပြောသည်။
စတော့အိတ်ချိန်း စတင်လျှင် စတင်လုပ်ကိုင်နိုင်မည် ဖြစ်သော အဆိုပါ ၀န်ဆောင်မှုလုပ်ငန်း အမျိုးအစား ၄ မျိုးအတွက် လျှောက်လွှာကို ဇန်န၀ါရီ ၁၉  ရက်နေ့တွင် စတင်ရောင်းချ ခေါ်ယူပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် လျှောက်လွှာများ ပိတ်မည်ဖြစ်သည်။
အဆိုပါ ၀န်ဆောင်မှုလုပ်ငန်း ၄ မျိုးမှာ Underwriter  ဟုခေါ်သည့် စတော့အိတ်ချိန်းတွင် ပါဝင်သော အများပိုင် ကုမ္ပဏီကြီးများ၏  ရောင်းချလိုသော အစုရှယ်ယာပမာဏကို တာဝန်ယူဖြန့်ပေးသည့် ကုမဏီများ၊ Dealer ဟုခေါ်သည့် ၀ယ်ရောင်း ၂ ခု စလုံးလုပ်ကိုင်သည့် ကုမ္ပဏီများ၊ Broker ဟုခေါ်သည့် ပွဲစား ကုမ္ပဏီများနှင့် Consultant အကြံပေးကုမ္ပဏီများတို့ ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းကို ယခုနှစ် အောက်တိုဘာလ မတိုင်ခင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး စတော့အိတ်ချိန်း စတင်သည်နှင့် ၎င်းကုမ္ပဏီများလည်း လုပ်ငန်းများ စတင် လုပ်ကိုင်နိုင်ကြမည် ဖြစ်သည်။
ယင်းကုမ္ပဏီ အမျိုးအစား ၄ မျိုးအတွက် လျှောက်လွှာ ခေါ်ယူရာတွင် အနည်းဆုံး ရင်းနှီးမတည်ငွေ သတ်မှတ်ထားပြီး Underwriter ကုမ္ပဏီအဖြစ် လျှောက်ပါက မတည်ငွေကျပ် ၁၅ ဘီလီယံ၊ Dealer ကုမ္ပဏီဆိုပါက ၁၀ ဘီလီယံကျပ်၊ Broker ကုမ္ပဏီဆိုပါက ၇ ဘီလီယံကျပ်နှင့် အကြံပေးကုမ္ပဏီများအတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။
ကုမ္ပဏီလုပ်လိုသူများအတွက် လျှောက်လွှာဖောင်ကို စီဒီပြားဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကုမ္ပဏီအသစ် မှတ်ပုံတင်ပြီးမှသာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ ယခင် ကုမ္ပဏီအဟောင်း အမည်များဖြင့် လျှောက်ထား၍ ရမည် မဟုတ်ကြောင်း ဒေါက်တာ မောင်မောင်လေးက ပြောသည်။
၎င်းက “လျှောက်မယ့် ကုမ္ပဏီဟာ အရင်ကုမ္ပဏီ ရှိပြီးသား ကုမ္ပဏီနဲ့ လျှောက်လို့မရဘူး။ Security exchange ဆိုတဲ့နာမည်နဲ့ ကုမ္ပဏီတွေ သတ်သတ်ထောင်ရမယ်။ DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန) မှာ မှတ်ပုံတင်၊ ဒါကို ကျနော်တို့က သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုမှ လိုင်စင်ချပေးမှာ” ဟု ပြောသည်။
လျှောက်ထားသော ကုမ္ပဏီများအတွက် လိုင်စင်ကို ဧပြီလအတွင်း ချပေးသွားရန် လျာထားကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို လုပ်ကိုင်ကြမည့် ကုမ္ပဏီများအတွက် နိုင်ငံခြား ဖက်စပ်လုပ်ပိုင်ခွင့်ပါ ပေးသွားမည် ဖြစ်သော်လည်း မြန်မာဘက်မှ ရှယ်ယာအများဆုံး ပိုင်ဆိုင်မှု ဖြစ်ရမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းမှာ ပထမဆုံး စတင်ပေါ်ပေါက်မည် ဖြစ်သည့်အတွက် ၀န်ဆောင်မှု လုပ်မည့် ကုမ္ပဏီများမှာ အတွေ့အကြုံ လိုအပ်ချက်ရှိနေပြီး နိုင်ငံခြားနှင့် ဖက်စပ်လုပ်ကိုင်မှု လိုအပ်ဦးမည်ဖြစ်ကြောင်း Thura Swiss ကုမဏီအမှုဆောင် အရာရှိချုပ် ဒေါက်တာ အောင်သူရက ပြောသည်။
၎င်းက “မြန်မာပြည်မှာက အဲဒီလို Business ကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေက အရမ်းနည်းနေတော့ ဖက်စပ်လုပ်ဖို့က လိုအပ်လိပ်မယ် ထင်တယ်။ JV ဖက်စပ် မဟုတ်ရင်တောင် မြန်မာကုမ္ဗဏီက ထောင်ပြီးတော့ နိုင်ငံခြားအကြံပေးတွေ ခေါ်တာပဲ ဖြစ်ဖြစ် လိုပါလိပ်မယ်။ လက်ရှိအချိန်မှာတော့ မြန်မာကုမ္ပဏီတွေက အတွေ့အကြုံ မရှိသေးဘူးလို့ ပြောလို့ရတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီများ ခေါ်ယူမှုအပြီးတွင် နောက်တဆင့်အဖြစ် Listed ကုမ္ပဏီဟုခေါ်သော စတော့အိတ်ချိန်းတွင် စာရင်းဝင်၍ ရှယ်ယာများ ရောင်းချနိုင်မည့် အများပိုင်ကုမ္ပဏီများအတွက် လိုအပ်မည့် စံနှုန်းသတ်မှတ်ချက်များ ထုတ်ပြန်သွားမည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါ စတော့အိတ်ချိန်း စာရင်းဝင်မည့် အလားအလာရှိသော အများပိုင်ကုမ္ပဏီ အရေအတွက်မှာ ၁၀ ခု ၀န်းကျင်သာရှိပြီး အဆိုပါ ကုမ္ပဏီများအတွင်းမှ ထပ်မံ ရွေးချယ်သွားမည်ဖြစ်သည်ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ-ဂျပန် ဖက်စပ်တည်ထောင်ထားပြီး မြန်မာ့စီးပွားရေးဘဏ်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ဒိုင်ဝါ သုတေသနအဖွဲ့မှ ၃၀ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် တိုကျိုစတော့အိတ်ချိန်းမှ ၁၈ ဒသမ ၇၅ ရာခိုင်နှုန်း ထည့်ဝင်ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။
http://burma.irrawaddy.org/business/2015/01/10/69659.html

No comments:

Post a Comment