Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

၂၀၁၅ ရွေးကောက်ပွဲကြီးကို ရွေးကောက်ပွဲ ကော်မရှင်လက်ထဲ ယုံပြီး၊ ပုံပြီး ထိုးအပ် လိုက်ကြတော့မှာလား – လင်းထိုက် (Y.I.T)


လက်ရှိဥက္ကဋ္ဌ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ပါတီက နုတ်ထွက်လို့ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာသူ တစ်ဦးဖြစ်ပါတယ် …

ပါတီပေါင်းစုံ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့်၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ပါတီရဲ့ ထိပ်သီးခေါင်းဆောင် တစ်ယောက်ဟာ ဘက်မလိုက်၊ သမာသမတ်ကျရ မယ့် ရွေးကောက်ပွဲကော် မရှင် ဥက္ကဋ္ဌတစ်ယောက် ဖြစ်ပါရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ကောင်းနေ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပစ္စက္ခ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း အကျပ်အတည်း ဆိုက်နေချိန်။ ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု အတွက်ကိုလည်း အတိုက်အခံနဲ့ ပြည်သူ တစ်ရပ်လုံးက စိုးရိမ်ဗျာပွေလျက် ရှိကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေရဲ့ အထူးစောင့်ကြည့် စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်နဲ့သာ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဖြတ်သန်းရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား ဆိုတာ လေ့လာဆန်းစစ် ကြည့်ရအောင်ပါ။

ရွေးကောက်ပွဲ တစ်ရပ်မှာ ဒိုင်လူကြီးပမာ ဘက်မလိုက်ရတဲ့၊ သမာသမတ်ကျရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရဲ့ တရားမျှတမှုဟာ အထူးပဲ အရေးကြီးလှပါတယ်။ ဒါဆိုရင် လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရဲ့ နောက်ကြောင်း ရာဇ၀င်ကို ပြန်ကြည့်ရင် လက်ရှိဥက္ကဋ္ဌ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့ဖူးပြီး ကော်မရှင်ဥက္ကဋ္ဌ အရည်အချင်း သတ်မှတ်ချက်အရ ပါတီက နုတ်ထွက်လို့ ကော်မရှင် ဥက္ကဋ္ဌဖြစ်လာသူတစ်ဦး ဖြစ်ပါတယ်။ ပါတီပေါင်းစုံ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် ၂၀၁၅ ရွေးကောက် ပွဲကြီးမှာ ပါတီရဲ့ ထိပ်သီးခေါင်းဆောင် တစ်ယောက်ဟာ ဘက်မလိုက်၊ သမာသမတ် ကျရမယ့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တစ်ယောက် ဖြစ်ပါရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။ ဘောလုံးပွဲ ဥပမာနဲ့ တင်စားရရင် ၀င်ရောက် ယှဉ်ပြိုင်ဖို့ရှိတဲ့ ဘောလုံးအသင်းက နှုတ်ထွက်ပြီး အဲဒီအသင်း ကန်မယ့် ပြိုင်ပွဲမှာ ဒိုင်လူကြီး ပြန်လုပ်မယ်ဆိုတော့ ဘယ်လိုမှ သဘာဝမကျဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌဟာဆိုရင် လက်ရှိ သမ္မတ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးသိန်းစိန်နဲ့ စစ်တက္ကသိုလ် တစ်ပတ်တည်းဆင်း ဖြစ်ပြီး လက်ရှိအထိ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးစွဲရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး လည်း ဖြစ်ပါတယ်။ သမ္မတရဲ့ ပြည်ပ ခရီးစဉ်တွေမှာလဲ မကြာခဏ ဆိုသလို လိုက်ပါဖူးပြီး စစ်တပ်ပိုင် ဦးပိုင် လီမိတက် ဥက္ကဋ္ဌဖြစ် တာဝန်ယူဖူးသူ တစ်ယောက်ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပုဒ်မ ၃၉၈(ခ)ရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အရည်အချင်း ၉ ချက်ထဲက နံပါတ် ၃ မှာ ဘာပြဋ္ဌာန်းထားလဲဆိုရင်-

၃ (ကက) ပြည်ထောင်စု တရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အဖြစ် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီး အဖြစ်ဖြစ်စေ၊ အလားတူ ရာထူးမျိုး တစ်ခုခုတွင်ဖြစ်စေ အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်

(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေး အရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်

(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါ ဆောင်ရွက်ခဲ့သူ ဖြစ်ရမည် သို့မဟုတ်

(ဃဃ) ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်း ရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ ဖြစ်ရမည်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အရည်အချင်း အမှတ်စဉ်(၃)အရ ဆိုရင် လက်ရှိ ကော်မရှင် ဥက္ကဋ္ဌဟာ ၃(ဃဃ) အရ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာသူပါ။ ဒီနေရာမှာ အငြင်းပွားဖွယ်ရာ တစ်ချက်က ထင်ပေါ်ကျော် ကြားတဲ့ ဂုဏ်သတင်းရှိတဲ့ ပုဂ္ဂိုလ်လို့ သမ္မတက ယူဆရင်ကို ကော်မရှင်ဥက္ကဋ္ဌနဲ့ ကော်မရှင် အဖွဲ့ဝင်တွေဟာ အရည်အချင်း ပြည့်မီပြီဆိုတဲ့ သဘောသက်ရောက် နေပါတယ်။ ဘယ်သူမှ မယူဆရင်နေ သမ္မတက ယူဆရင် ရပြီဆိုတဲ့ သဘောဖြစ်နေပါတယ်။

၃ (ဃဃ)ဟာ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်ဖြစ်ရမည် ဆိုတာမျိုးသာ ဖြစ်သင့်ပါတယ်။ ဒီစာသားရပ်မျိုးသာ ပြင်ဆင်ဖြစ်ခဲ့ရင် ပြည်သူအပေါင်းက လေ့လာဆန်းစစ် နိုင်မှာဖြစ်ပေမယ့် သမ္မတက ယူဆသူ ဖြစ်ရင်ရပြီဆိုတဲ့အခါ ကော်မရှင်ရဲ့ သမာသမတ်ကျမှုကို ကြိုတင်လေ့လာ ဆန်းစစ်ခွင့် အခွင့်အလမ်း နည်းပါး သွားပါတယ်။

နောက် ကော်မရှင်ရဲ့ ဖွဲ့စည်းပုံအရ အမှုထမ်း၊ အရာထမ်း စုစုပေါင်း နှစ်ထောင်ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ကော်မရှင်ရဲ့ ထိပ်ပိုင်းအဖွဲ့ဝင်တွေ များဟာဆိုရင်လည်း တပ်မတော်က ဗိုလ်မှူးအဆင့်ရှိ ၅၀ ကျော်ကို ယူနီဖောင်းချွတ် ပုဆိုးဝတ် ခန့်ထားတဲ့အတွက် အဲဒီအဖွဲ့ဝင် ၅ ဦးထက်မနည်း ဆိုတာကို ၃၉၈(က)အရ ထင်ပေါ်ကျော်ကြားတဲ့ ဂုဏ်သတင်းရှိသူ ပုဂ္ဂိုလ်အဖြစ် သမ္မတဟာ ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ယူဆ ခဲ့တာလဲ ဆိုတာလည်း အငြင်းပွားဖွယ်ရာ ကောင်းတဲ့ အချက်ပါပဲ။

နောက် ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ အရည်အချင်း အမှတ်စဉ် ၄ ၃၉၈။ ၃။ (၄) သီလသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ရမည် ဆိုသည့်အချက် ပါဝင်တဲ့အခါ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တွေရဲ့ သီလသမာဓိနဲ့ ပြည့်စုံမှုကို ဘယ်စံပေတံနဲ့ တိုင်းတာမှာလဲ ဆိုတဲ့ အငြင်းပွားဖွယ်ရာ မေးခွန်း ပေါ်လာပါတယ်။ အရည်အချင်း ၄ စကားရပ်ထဲက ““အတွေ့အကြုံ ရင့်ကျက်သူဖြစ်ရမည်”” ဆိုတာမှာလည်း ဘယ်နယ်ပယ်မှာ အတွေ့အကြုံ ရင့်ကျက်ရမှာလဲဆိုတာ ရှင်းလင်းပြတ်သားမှု လုံးဝမရှိပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆင့်ဆင့်သော ဖွဲ့စည်းပုံမှာ တပ်မတော်က အငြိမ်းစားယူထားတဲ့ အရာရှိဟောင်းတွေကို ခန့်အပ်ထားခြင်းက ၂၀၁၅ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို စိန်ခေါ်နေတဲ့ အချက်လို့ နိုင်ငံရေး ရပ်ဝန်းအတွင်း ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

သမာသမတ်ကျ၊ ဘက်မလိုက် ဒိုင်လူကြီးသဖွယ် ဖြစ်ရ မယ့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြားဖူးတဲ့ ပြောကြား ချက်တွေကို ပြန်ပြောင်း လေ့လာကြည့်ရင် နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံ ရာမှာ ““လာမယ့် ရွေးကောက်ပွဲ မဲဆွယ်ကာလကို သတ်မှတ်ပေးပါမယ်။ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေပဲ ပြောပါ။ မဆိုင်တဲ့သူ လာမပြောနဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့၊ ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော် ပြောဖို့ပဲ လိုတာပေါ့။ တစ်ခြားလူလာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျွန်တော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါက ကျွန်တော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်””ဆိုပြီး ပါတီခေါင်းဆောင်တွေ ရွေးကောက်ပွဲ နယ်မြေတိုင်းမှာ မဲဆွယ်စည်းရုံးခွင့် မရှိလို့ ပြောကြားခဲ့တာဟာ NLD ပါတီကို ရည်ညွှန်းခြင်းသာ ဧကန်ဖြစ်နိုင် ကြောင်း နိုင်ငံရေး ရပ်ဝန်းက သုံးသပ်ခဲ့ကြဖူးပါတယ်။ ကြံ့ခိုင်ရေးပါတီဝင် ဟောင်းကြီးရဲ့ ဘက်လိုက်မှု ကင်းမှုကို သံသယဖြစ်ဖွယ် ကောင်းတယ် လို့လည်း ဝေဖန် ခဲ့ကြဖူးပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရပြီး နောက်ပိုင်းမှာလဲ NLD ပါတီကို ရည်ညွှန်းပြီး ““လွတ်လပ်လွန်းတာမှ ရွေးကောက်ပွဲ မဲဆွယ်တာနဲ့တောင် မတူဘူး။ ဆန္ဒပြနေသလား။ ၈၈ အရေးအခင်းများ ပြန်ရောက်နေသလား မှတ်ရတယ်။ နဖူးစည်းလည်းပါတယ်။ ကြယ်ငါးပွင့်အလံလည်း ပါတယ်။ ဘယ်သူကမှလည်း ကန့်ကွက်မယ့်သူ မရှိဘူး။ ကန့်ကွက်ရင်ကျွန်တော် အရှုံးပေးပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ကြပါ။ ကျွန်တော် အရှုံးပေးပစ်ပါမယ်။ ဒါက ဥပဒေဖောက်ဖျက်ပြီး လုပ်တာပဲ။ အလံဥပဒေ ဆိုတာရှိပါ တယ်”” ဆိုပြီး ကော်မရှင်ဥက္ကဋ္ဌရဲ့ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်ပြစကား ပြောကြားခဲ့ဖူးပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ၀င်မယ့် ပါတီများ သတိထားစရာ တစ်ချက်ပါပဲ။

အထက်ပါ စကားရပ်တွေဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ယောက်ရဲ့ ရွေးကောက်ပွဲနဲ့ ဆိုင်ရာ ဆိုင်ကြောင်း ဖြစ်လို့ ဆိုဖွယ်ရာ သိပ်မရှိပေမယ့်၂၀၁၄ ဒီဇင်ဘာ ၁၆ ရက်နေ့က မီကာဆာဟိုတယ်မှာ ပြုလုပ်တဲ့ ရုပ်ရှင်ဂီတ အနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားသွားတဲ့ စကားရပ်တွေဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်၊ ပြောဆိုခွင့် ဘောင်ကို ကျော်သွားတာကတော့ နိုင်ငံရေး ရပ်ဝန်းအတွင်း ဝေဖန်သံတွေ ကျယ်လောင်စွာ ထွက်လာပါတယ်။

ပြောဆိုတဲ့ အကြောင်းအရာတွေအကြောင်း မဆန်းစစ်ခင် မေးခွန်းထုတ်စရာ တစ်ခုက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အနုပညာရှင်တွေနဲ့ ဘာလိုတွေ့ဆုံရတာလဲ ဆိုတာပါ။ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံတယ် ဆိုတာမျိုးက အဓိပ္ပာယ် ရှိပေမယ့် အနုပညာရှင်တွေနဲ့ တွေ့ဆုံတယ် ဆိုတာကတော့ စဉ်းစားရ ခက်လှပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ စကားရပ်တွေကတော့ ပိုလို့ဝေဖန်စရာ ဖြစ်နေပါတယ်။ အနုပညာရှင်များနဲ့ တွေ့ဆုံပွဲ မှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတစ်ယောက် ပြောကြားသွားပုံက တပ်မတော်နေ့ အခမ်းအနားမှာ ပြောကြားရမယ့် ကာချုပ်တစ်ယောက်ရဲ့ မိန့်ခွန်းမျိုး ဖြစ်နေတာကလည်း အများပြည်သူ နားမလည်နိုင် ဖြစ်စေပါ တယ်။ ကော်မရှင်ဥက္ကဋ္ဌပြောကြားသွားတဲ့ စကားရပ်တချို့ကို အကြမ်း ဖျင်း ကောက်နုတ် ဖော်ပြချင်ပါတယ်။

““၆၂ မှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းတာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိကြောင်း၊ ၄၇ အခြေခံ ဥပဒေရဲ့ အားနည်းချက်ကြောင့် ခွဲထွက်မှာကို စိုးရိမ်ပြီး တပ်မတော်က အာဏာသိမ်းလိုက်တာ ဖြစ်ကြောင်း အပါအ၀င် ခေတ်အဆက်ဆက် တပ်မတော် အာဏာသိမ်းရတာဟာ ခိုင်လုံတဲ့အကြောင်း၊ မလွှဲမရှောင်သာလို့ ဖြစ်ကြောင်း””တွေကို စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်ပမာ သမိုင်းကြောင်းချီပြီး တပ်မတော်ကို ကာကွယ်ပြောဆို သွားတာတွေ့ရပါတယ်။ နောက် ““ NLD ပါတီက အာဃာတတရား ရှေ့ထားလို့ ကျွန်တော်တို့ အာဏာလွှဲလို့ မရဘူး”” ဆိုတဲ့ စကားရပ်နဲ့ တပ်မတော်ကို ကိုယ်စားပြုပြီး ပြောဆိုသွားတာဟာဖြင့် ဘယ်ပါတီ၊ ဘယ်အဖွဲ့ အစည်းဘက်ကိုမှ ဘက်မလိုက်ရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်ဘူး လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ပြောကြားတာတွေကလည်း ဒီပုံစံပါပဲ။ ““ကျွန်တော်တို့လွှဲ ထားတဲ့ နိုင်ငံတော်ကြီးက ကျွန်တော်တို့ ဒီမိုကရေစီ အပြည့်ပေးထားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရေချိန် အဆင့်လိုက်ပေး သွားဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းနည်း တင်းကျပ်ထားတာ ရှိပါတယ်”” ဆိုပြီး လက်ရှိ အာဏာပိုင် တစ်ယောက်လို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

နောက် … ပြည်သူကြားမှာ အဝေဖန်ခံရဆုံး စကားကတော့ ““ကျွန်တော် ခဏခဏ ပြောပါတယ်။ တပ်မတော် ဘာကြောင့် ပါနေလဲ။ ဒီခါးသီးတဲ့ အတွေ့အကြုံတွေ ကျွန်တော်တို့ မလိုချင်တော့ဘူး။ အာဏာ ပြန်သိမ်းရတာ ကျွန်တော်တို့ မလိုချင်တော့ဘူး။ စစ်တပ်ကစစ်တပ်မှာ သူ့ဘာသာသူ နေမှာပဲ။ တည်ငြိမ် အေးချမ်းနေသမျှ စစ်တပ်က အာဏာသိမ်းစရာ မလိုဘူး။ သူ့နေရာသူနေမှာ။ မတည်ငြိမ်၊ မအေးချမ်းလာရင် စစ်တပ်က အာဏာသိမ်းရမှာပဲ”” ဆိုပြီး စစ်တပ်အကြီးအကဲ တစ်ယောက်ပမာ ပြောကြားသွားတာကဖြင့် ရာထူးတာဝန်နဲ့ အံချော်ပြီး နောက်ကို ပြန်ရွေ့နေတဲ့ စကားရပ်တွေလို့ သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။

နောက် ““တည်ငြိမ်အေးချမ်းအောင် စစ်တပ် ၂၅ ရာခိုင်နှုန်း ပါနေတာက ပြောကြေးဆိုရင် အာဏာပြန် မသိမ်းနိုင်အောင် လွှတ်တော်ထဲမှာဝင်ပြီး ထိန်းပေးမယ်ဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ ပါခဲ့တာ”” ဆိုတဲ့ စကားကတော့ လုံးဝယုတ္တိ မတန်ဘူးလို့တောင် ပြောလို့ရပါတယ်။

အာဏာပြန်မသိမ်းနိုင်အောင် စစ်တပ် ၂၅ ရာခိုင်နှုန်း ပါနေတာလား။ အာဏာကို ကာကွယ်ဖို့ ၂၅ရာခိုင်နှုန်း ပါနေတာလားဆိုတာ ပြည်သူတိုင်း အသိ ဖြစ်ပါရဲ့နဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့ အတွေးအခေါ် ကိုယ်၌က မဖြောင့်မတ်ဘူးဆိုတာ ထင်ရှားနေတယ်လို့ နိုင်ငံရပ်ဝန်းက ဝေဖန် သုံးသပ်သံတွေ ညံခဲ့တာ တွေ့ရပါတယ်။

အနှစ်ချုပ်ရရင်တော့ လွပ်လပ်မှု၊ ကြားနေမှု၊ သမာသမတ်ရှိမှု၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ ကင်းစင် သန့်ရှင်းမှုတို့ ရှိရမယ့် လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ကိုသာ ၂၀၁၅ ရွေးကောက်ပွဲကြီးကို ထိုးအပ်ခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေး အနာဂတ်ဟာ ရတက်မအေးစရာတွေနဲ့ ကြုံတွေ့ရနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။

လင်းထိုက် (Y.I.T)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment