Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

ဖော်မလင် (Formalin) ဓာတ်များ ပါဝင်နေ သောကြောင့် ပုသိမ်မြို့ရှိ ပဲပြား အရောင်းဆိုင်များ ရောင်းချခွင့်ပိတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ရောင်းချနေသော ပဲပြားများတွင် ဖော်မလင် (Formalin) ဓာတ်များ ပါဝင်နေ သောကြောင့် ရောင်းချခွင့် ပိတ်ပင် ထားကြောင်း မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။

ဖော်မလင် (Formalin) ဓာတ်ကို အစားအသောက်များ မပုပ်မသိုးအောင်နှင့် ရေရှည် အထားခံ နိုင်အောင် ပြုလုပ်ရာတွင် သုံးစွဲပြီး စားသုံးသူများ အနေဖြင့် အသည်းခြောက်စေကာ အသည်း ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အူမကြီး ကင်ဆာ ရောဂါများ ဖြစ်ပွား တတ်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ သန်းထိုက်က The Messenger Media သို့ ပြောသည်။

ကမ္ဘာ့ စားနပ် ရိက္ခာအဖွဲ့ (FAO) နှင့် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန တို့က ပုသိမ်မြို့မ ဈေးကြီးအတွင်း ရောင်းချနေသော ပဲပြားဆိုင် သုံးဆိုင်ရှိ ပဲပြားများကို စစ်ဆေးခဲ့ရာ တွင် ဖော်မလင် (Formalin) ဓာတ်များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ရောင်းချခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ အမှုဆောင် အရာရှိ ဦးအောင်တိုးက ပြောသည်။

ကျွန်တော်တို့ စစ်ဆေးလိုက်တော့ အဖြူမှာတော့ မပါဘူး။ အ၀ါရောင်ရှိတဲ့ ပဲပြားတွေမှာ (Formalin) တွေ ပါတယ်လို့ သိရတယ်။ အဲဒါနဲ့ ပစ္စည်းတွေ သိမ်းလိုက်တာ ပေါ့ဗျာ။ စားသုံးသူတွေ အန္တရာယ်ရှိမှာ စိုးလို့ ရောင်းချတဲ့ သူတွေကို ဆက်ပြီး မရောင်းဖို့ ခံဝန် လက်မှတ် ထိုးခိုင်းပြီး ဖမ်းဆီး ရမိတဲ့ ပဲပြား တွေကို မီးရှို့ ဖျက်ဆီး လိုက်တယ်။ အခု တော့ တစ်မြို့လုံးမှာ ရှိတဲ့ ဈေးတွေမှာ ပဲပြား ရောင်းချ ခွင့်ကို ပိတ်ထားပါတယ် ဟု ၎င်းက ဆို သည်။
ဆက်လက်၍လည်း စားသောက်ကုန် ပစ္စည်းများကို စစ်ဆေး သွားမည် ဖြစ်ရာ ထုတ်လုပ်သည့် နေရာ များတွင် စားသုံးသူ အန္တရာယ် ဖြစ်စေ နိုင်သော အရာများ တွေ့ ရှိပါက မီးရှို့ ဖျက်ဆီးကာ ပထမ အဆင့် ပညာပေးမည် ဖြစ်ပြီး နောက်တစ်ဆင့် ကျူးလွန်ပါက ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း ဦီးအောင် တိုးက ပြောသည်။

ကျွန်မတို့ကတော့ ကိုယ်တိုင် လုပ်ရောင်းတာ မဟုတ်ပါဘူး။ ပဲပြား လာပို့တဲ့ သူတွေ ဆီကပဲ တစ်ဆင့် ယူရောင်းချ ရတာပါ။ အဲဒါတွေ ထည့်ပြီး လုပ်ထားတယ် ဆိုတာ မသိပါဘူး။ နောက်ပိုင်း ကြိုတင် စစ်ဆေးပြီးမှ ရောင်းချခွင့် ရမယ်ဆိုရင်လည်း အားလုံး အတွက် အဆင်ပြေပါတယ် ဟု ပုသိမ်မြို့ တွင် ကုန်စိမ်းဆိုင် ဖွင့်လှစ် ရောင်းချနေသူ တစ်ဦးက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က ပြဋ္ဌာန်းထားသော အမိန့် ၃/၂၀၁၂ အစား အသောက်နှင့် ဆေးဝါး ဆိုင်ရာ ဥပဒေပုဒ်မ (၇၇၊ ၇၈၊ ၇၉) တို့တွင် တားမြစ်ချက် များကို မလိုက်နာပါက ဒဏ်ငွေကျပ် တစ်သိန်းမှ ဒဏ်ငွေ (၁၀) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်သည် အထိ အပြစ်ပေးနိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။

Credit: messenger

No comments:

Post a Comment