Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

အာဏာရှင်ဟောင်းတချို့၏ ကြွယ်ဝမှုများ မဖုံးနိုင်မဖိနိုင် ပေါ်လာခဲ့သည့် ၂၀၁၄


အနှစ် ၆ဝ ခန့် အာဏာရှင်စနစ်အောက်၌ ရပ်တည်ခဲ့ရသော မြန်မာနိုင်ငံတွင် အစိုးရအရာရှိများ နှင့် နီးစပ်သူများ၏ အကျင့်ပျက်လာဘ်စားမှုများကြောင့် ကမ္ဘာတွင် နာမည်ပျက်ခဲ့ရသည်။
ထိုသို့ နာမည်ပျက်ခဲ့သော်လည်း အကျင့်ပျက်လာဘ်စားမှုများတွင် ပါဝင်သူများကိုယ်တိုင် ထုတ်ဖော်မှသာ အကျင့်ပျက်လာဘ်စားမှုကို ဖော်ထုတ်နိုင်မည်ဖြစ်သည့်အတွက် အစိုးရအရာရှိအများစုသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ယနေ့တိုင် ဖုံးဖိထားနိုင်ဆဲဖြစ်သည်။
ထိုသို့ အစိုးရအရာရှိဟောင်းများ၏ ပိုင်ဆိုင်မှုများသည် ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အဆမတန်များပြားနေသော အိမ်ခြံမြေငှားရမ်းခရရှိမှုနှင့်အတူ ပြည်သူများအကြားတွင် အာဏာရှင်ဟောင်းတချို့၏ ပိုင်ဆိုင်မှုများ မဖုံးနိုင် မဖိနိုင် ပေါ်လာခဲ့သည်။ ပထမဆုံး ပေါ်လာခဲ့သည့် ပြဿနာမှာ ယခင်စစ်အစိုးရလက်ထက်က လယ်/ဆည်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ညွန့်တင်၏ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂၇ သန်းခန့် တန်ဖိုးရှိ ခြံဝင်းကို UNICEF က တစ်လ ဒေါ်လာ ၈၇ဝဝဝ နှင့်ငှားရမ်းခပေးချေနေကြောင်း ဧရာဝတီသတင်းဝက်ဘ်ဆိုက်က ရေးသားသည်။
ထိုသို့ တစ်လဒေါ်လာ ၈၇ဝဝဝ နှင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်ဆိုသည့် ပမာဏနှင့် ဗိုလ်ချုပ်ညွန့်တင် (ငြိမ်း) ၏ ရွှေတောင်ကြား ၂ ရပ်ကွက် အင်းလျားမြိုင်လမ်းမှခြံကို ခုနစ်နှစ်တာ ငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်ကို ဗိုလ်ချုပ်ညွန့်တင် ရရှိခဲ့သည်။
အဆိုပါ ပမာဏကိုသာ အမှန်တကယ် အခွန်ပေးဆောင်မည်ဆိုပါ က တစ်နှစ် အမေရိကန်ဒေါ်လာ နှစ်သိန်း နိုင်ငံအတွက် အခွန်ငွေအဖြစ် ရရှိမည်ဖြစ်သည်။ သို့သော် ယခုအချိန်အထိ အိမ်ငှားရမ်းခအခွန်ဆောင်မှု လွန်စွာနည်းနေသလို ကျပ်သိန်းထောင်ဂဏန်းအထိ အခွန်ဆောင်သော မြေပိုင်ရှင်ကလည်း ယနေ့အထိ မရှိခဲ့ချေ။
UNICEF ကဲ့သို့ WHO က လည်း မြန်မာနိုင်ငံတွင် ခြံဝင်းများ ငှားရမ်းရာတွင် တစ်လ အမေရိကန်ဒေါ်လာ ၇၉ဝဝဝ ကျော်နှင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ကိုးသိန်းကျော် သုံးစွဲခဲ့သည်။ အဆိုပါပမာဏသည် WHO ၏ မြန်မာနိုင်ငံအတွင်း အသုံးပြုမည့် အမေရိကန်ဒေါ်လာ ကိုးသန်း၏ ၁ဝ ရာခိုင်နှုန်းကျော် ဖြစ်နေသည်။
WHO ၏ သတင်းထုတ်ပြန်မှုအရ ၎င်းတို့ ငှားရမ်းထားသည့် အဆောက်အအုံများ၏ ပိုင်ရှင်သည် ဒေါ်ခင်နွယ်မာထွန်းဟု ထုတ်ပြန်ခဲ့သော်လည်း ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော်ကမူ အစစ်အမှန်ပိုင်ဆိုင်သူသည် ယခင် စစ်အစိုးရနဲ့ ဆက်နွှယ်နေသူသာ ဖြစ်နိုင်သည်ဟု သုံးသပ်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ဆွေမျိုးများ ပိုင်ဆိုင်သည့် ရွှေတောင်ကြားရိပ်သာရှိ ခြံဝင်းနှင့် အဆောက်အအုံကို ငှားရမ်းခဲ့သည့် ဝါရှင်တန်အခြေစိုက် ပုဂ္ဂလိက ဖွံ့ဖြိုးရေးလုပ်ငန်းကုမ္ပဏီ ( Development Alternatives Inc:) ၏ ဖြစ်ရပ်များကလည်း ယခင် စစ်အစိုးရ အရာရှိဟောင်းများနှင့် ဆက်နွှယ်နေသူများ၏ ပိုင်ဆိုင်မှုကို မီးမောင်းထိုးပြနိုင်ခဲ့သည်။
ထိုသို့ အာဏာရှင်များ၏ ပိုင်ဆိုင်မှုပြဿနာများသည် ပြည်သူများအကြားတွင် ထိုမျှနှင့် ရပ်တန့်မသွားချေ။ ယခင် အေဒီလမ်း ယခု မေခလမ်းရှိ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် အစပြုခဲ့သော ဦးနေဝင်း၏ မိသားစုပိုင်ဆိုင်ထားသည့် ခြံဝင်းကို ဥရောပသမဂ္ဂ၏ သံအမတ်ကြီး Roland Kobia နေထိုင်ရန် ငှားရမ်းခဲ့သည့် ဖြစ်စဉ်ကလည်း ၂ဝ၁၄ ခုနှစ်အတွင်း အတော်လှုပ်ခတ်ခဲ့သည်။
အဆိုပါ နေအိမ်အတွက် ငှားရမ်းခကို ဦးနေဝင်း၏မိသားစုဘက်ကရော ဥရောပသမဂ္ဂကပါ မထုတ်ပြန်ခဲ့သော်လည်း အဆိုပါနေအိမ်ခြံဝင်းမှ ငှားရမ်းခအဖြစ် တစ်နှစ် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကို ဦးနေဝင်း၏ မိသားစုများ ရရှိနိုင်သည်ဟု ဧရာဝတီအယ်ဒီတာချုပ် ကိုအောင်ဇော်က သုံးသပ်ခဲ့သည်။ ထိုသို့ သုံးသပ်မှုအပေါ်မှာ ဥရောပသမဂ္ဂနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဘက်ကပါ တုံ့ ပြန်မှုမရှိခဲ့ချေ။
ရန်ကုန်မြို့၏ အချက်အချာမြေများ၊ အဆောက်အအုံများကို စစ်အာဏာရှင်ဟောင်းများနှင့် ၎င်းတို့ နှင့် ဆက်နွှယ်နေသူ ခရိုနီများက ထိန်းချုပ်ထားခြင်းဖြစ်သည်။ ထို့အတွက် သံရုံးအရာရှိများ၊ နိုင်ငံတကာ အန်ဂျီအိုများ၊ မြန်မာနိုင်ငံအတွင်း လာရောက် မြှုပ်နှံသောလုပ်ငန်းရှင်များက အဆိုပါ အာဏာရှင်ဟောင်းများ၏ နေအိမ်များကို ငှားရမ်းနေထိုင်ကြခြင်း ဖြစ်သည်။
ယခုအချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာနက မြန်မာနိုင်ငံအတွင်း လာရောက်နေထိုင်သော နိုင်ငံခြားသားများ၏ အိမ်ခြံမြေငှားရမ်းမှုများအပေါ် နောက်ကြောင်းပြန် အခွန်ကောက်ခံမည်ဟု ပြောထားသည်။ ထိုသို့ နောက်ကြောင်းပြန် အခွန်ကောက်ခံရာတွင် အာဏာ ရှင်ဟောင်းများ၏ နေအိမ်များကို ငှားရမ်းနေထိုင်သော ဝင်ငွေများ ပါ-မပါကိုမူ ၂ဝ၁၅ ခုနှစ်တွင် စောင့်ကြည့်ရပေမည်။
Eleven Media

No comments:

Post a Comment