ကော်လိုရာဒိုပြည်နယ်၊ ဒင်ဗာမြို့တွင် ကရင်အမျိုးသား အိမ်ခြေမဲ့တဦး၏ အလောင်းကို နောက်လမ်းကြားထဲ၌ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့ နံနက် ၁ နာရီတွင် တွေ့ရှိခဲ့ပြီး၊ ရဲတပ်ဖွဲ့က မသင်္ကာသူ နှစ်ဦးကို လူသတ်မှုဖြင့် ဖမ်းဆီး စစ်ဆေးလျက် ရှိပါသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာလည်း မြန်မာနိုင်ငံမှ ပြောင်းရွှေ့အခြေချလာသူ ညီအစ်ကိုနှစ်ဦး ဖြစ်ကြောင်း သိရသည်။
အသတ်ခံရသော ကိုလှကြည်၏ အလောင်းကို တွေ့ရှိသော နေရာမှ အမှိုက်ပုံးကြီး ဖြစ်ပါသည်။အသတ်ခံရသော ကိုလှကြည်၏ အလောင်းကို တွေ့ရှိသော နေရာမှ အမှိုက်ပုံးကြီး ဖြစ်ပါသည်။မြန်မာလူမျိုး အများအပြား နေထိုင်သော တိုက်ခန်းတွဲအိမ်များတည်ရှိသည့် ရပ်ကွက်၏ နောက်လမ်းကြားထဲမှ အမှိုက်ပုံးကြီး တခုအနီးတွင် သွေးများအိုင်ထွန်းလျက် ယောက်ျားအလောင်း တခုကို သန်းခေါင်ကျော် နံနက် ၁ နာရီတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူမှာ ကရင်အမျိုးသား ကိုလှကြည်ဆိုသူဖြစ်၍ အသက် ၄၀ ဝန်းကျင်ခန့် ရှိမည် ဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာနှင့် မျက်စောင်းထိုး တိုက်ခန်းတွင် နေထိုင်သူ ကိုဝင်းနိုင်က ကမ္ဘာသစ်မီဒီယာသို့ ပြောကြားပါသည်။ ကိုလှကြည်သည် အမေရိကန် ပြည်ထောင်စုသို့ လွန်ခဲ့သော လေး-ငါးနှစ်က မိသားစုနှင့်အတူ ရောက်ရှိလာခဲ့သည်ဟု သိရ၏။ ဖခင်၊ ဇနီး၊ သားသမီး သုံးဦးနှင့် ကော်လိုရာဒိုပြည်နယ်၊ ဒင်ဗာမြို့သို့ မိသားစုလိုက် ရောက်ရှိလာကြောင်း ၂၀၀၉ ခုနှစ်က တိုက်ခန်းအိမ်ရာတတိုက်တည်း အတူနေဖူးသူ တဦးက ပြောပါသည်။
ဖခင်ကွယ်လွန်ပြီးနောက်၊ ၎င်းတို့ အိမ်ထောင်ကွဲကာ ဇနီးနှင့် သားသမီးများက တက္ကဆက်စ်ပြည်နယ်သို့ ပြောင်းရွှေ့သွားကြသည်ဟု သိရ၏။
ထိုအချိန်မှစ၍ ကိုလှကြည်သည် အရက်အလွန်အကျွံသောက်ကာ တဦးတည်း အိမ်ခြေမဲ့အဖြစ် ၂ နှစ်ခန့် နေထိုင်ရင်း အသတ်ခံရခြင်း ဖြစ်သည်။ လူသတ်မှုဖြစ်ပွားသည့် အကြောင်းရင်းကို မသိရှိရသေးပဲ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့တွင် သတင်းအချက်အလက်များ ထပ်မံထုတ်ပြန်မည်ဟု ရဲတပ်ဖွဲ့က ပြောကြားပါသည်။
မြန်မာရပ်ကွက်မှာ ဖြစ်ပွားသော လူသတ်မှု
လူသတ်မှု ဖြစ်ပွားသော ရပ်ကွက်ရှိ တိုက်ခန်းအိမ်ရာ ၂၀ ခန့်တွင် မြန်မာအိမ်ခန်း ၇၀% ရှိပြီး၊ အခင်းဖြစ်သော တိုက်ခန်းအိမ်မှာပင် မြန်မာအိမ်ခန်း ၇ အိမ်၊ ၈ အိမ်ရှိကြောင်း ထိုရပ်ကွက်နေ ကိုဝင်းနိုင်က ပြောပြသည်။
၎င်းရပ်ကွက်ပတ်ဝန်းကျင်တွင် မြန်မာလူမျိုး အိမ်ခြေမဲ့ နှစ်ယောက် သုံးယောက် ရှိပြီး နွေရာသီတွင် ကွင်းပြင်များတွင် အိပ်စက်ကာ ဆောင်းရာသီတွင် အခြားအသိမိတ်ဆွေအိမ်များတွင် ကြုံသလို ခိုကပ်နေကြောင်း သိရသည်။ မသင်္ကာမှုဖြင့် အဖမ်းခံရသော ညီအစ်ကိုနှစ်ဦး၏ တိုက်ခန်းတွင် လူသတ်မှု ဖြစ်ပွားသောနေ့က ၎င်းတို့ အတူတူ အရက်သောက်ကြသည်ဟု အိမ်နီးချင်းများက ယူဆကြပါသည်။
အဖမ်းခံရသော ညီအစ်ကိုနှစ်ဦးသည်လည်း အလုပ်အကိုင်မရှိဘဲ မိခင်၏ လုပ်စာကို မှီခိုစားသောက်ရင်း၊ အရက်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲနေကြောင်း သိရသည်။ ကော်လိုရာဒိုပြည်နယ်သည် ဆေးခြောက်ကို ပထမဆုံး တရားဝင် ရောင်းဝယ်ခွင့် ရှိသော ပြည်နယ်ဖြစ်၏။
မြန်မာနိုင်ငံ နယ်စပ်ဒုက္ခသည် စခန်းများမှ ပြောင်းရွှေ့ရောက်ရှိလာသူများသည် စိတ်တင်းကျပ်ဖိစီးမှုများ ခံစားနေရပြီး၊ အရက်၊ မူးယစ်ဆေးဝါများဖြင့် ထွက်ပေါက်ရှာကြကြောင်း၊ ထို့ကြောင့် အိမ်တွင်းအကြမ်းဖက်မှုကဲ့သို့ ပြဿနာများ ဖြစ်ပွားပြီး အိမ်ထောင်ရေး အဆင်မပြေမှုများ ဖြစ်ပွားကြောင်း၊ အချို့မှာ အိမ်ခြေမဲ့အဖြစ် လမ်းပေါ်မှာ နေထိုင်ပြီး ဘဝပျက်ကြသည်အထိ ဖြစ်ကြရကြောင်း ကိုဝင်းနိုင်က ပြောပြပါသည်။
အသတ်ခံရသူ ကိုလှကြည်သည် ခရစ်ယာန်ဘာသာဝင် ဖြစ်၍ မှုခင်းဆရာဝန်ရုံးမှ စစ်ဆေးပြီးလျှင် ဒင်ဗာမြို့ရှိ ကရင်အသင်းအဖွဲ့တခုမှ သင်္ဂြိုဟ်ပေးမည် ဖြစ်ကြောင်း သိရပါသည်။
ဤလူသတ်မှုနှင့် ပတ်သက်၍ သတင်းပေးလိုလျှင် Crime Stoppers at 720-913-7867 သို့ တယ်လီဖုန်းဆက်နိုင်ပါသည်။ စကားပြန်လိုအပ်လျှင် ရဲက စီစဉ်ပေးမည် ဖြစ်သည်။
ကမ္ဘာသစ်လူမှုစီးပွားမီဒီယာ
http://kabarthit.com/index.php?option=com_content&view=article&id=546%3A2014-12-07-22-16-34&catid=8%3A2013-10-13-17-09-02&Itemid=214
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 7, 2014
ကရင်အမျိုးသား အိမ်ခြေမဲ့တဦး အသတ်ခံရ
ကရင်အမျိုးသား အိမ်ခြေမဲ့တဦး အသတ်ခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment