Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 7, 2014

ကြွေလွင့်အိပ်မက်များအကြောင်း(နွဲ့ ကေခိုင်)

၁၉၉၆ ၏ နိုဝင်ဘာလ၏ တစ်နေ့တွင် ရန်ကုန်ဘူတာကြီး၏ညသည် အထုတ်အပိုး ကိုယ်စီဖြင့် တစ်သုတ်ပြီး
တစ်သုတ်ရောက် လာကြသော ကျောင်းသား များနှင့်တအုံးအုံးဖြစ်၏။ မော်လမြိုင်မှ ရန်ကုန်တက္ကသိုလ်ပင်မ၊
စီးပွားရေး တက္ကသိုလ်၊ ထိုစဉ်ကရန်ကုန်နည်းပညာ တက္ကသိုလ် ဟု မခေါ်သေးသော စက်မှုတက္ကသိုလ် အစရှိသည့် တက္ကသိုလ်များသို့ လာရောက်ပညာသင် ယူကြသော ကျောင်းသားများ အားလုံးသည် ရန်ကုန်-မော်လမြိုင်ညရထားနှင့်စနေတနင်္ဂနွေ ကျောင်းပိတ်ရက်အတွက်မိမိရပ်ရွာသို့ပြန်ရန်အတွက်
စုဝေးနေကြသည်။ကျောင်းသားကြီးများအထူးသဖြင့်
စက်မှုတက္ကသိုလ်မှကျောင်းသားကြီးများသည်ခရီးစဉ်တစ်လျှောက်ချောချောမွေ့မွေ့ဖြစ်ရေးအတွက် တာဝန်ရှိသူများဖြစ်
ကြသည်။ လူစုံတက်စုံလက်မှတ်ရရှိရေးကလည်း သူတို့တာဝန်ပဲဖြစ်သည်။ အားလုံးချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြစ်ကြသည်။ ထိုသို့တစုတဝေးပြန်သောခရီးစဉ်များအတွက် မြန်မာ့မီးရထားထံတွင် ကျောင်းသားသီးသန့်တွဲအဖြစ်တစ်တွဲလုံးတောင်း
လေ့ရှိကြသည်။ ခရီးမစတင်မီကတည်းက ညံနေသောဂစ်တာသံသည် ရထားသြဥသံကိုမဖြုံပေ။ ရထားထွက်လာသည်အထိ ဆူလို့ညံလို့ကောင်းတုန်း၊စလို့နောက်လို့ကောင်းတုန်း၊ရန်ကုန်တွင်ရည်းစားကျန်ရစ်သူများ ကလည်းငိုင်တွေတွေဖြင့်အလွမ်း သယ်လို့ကောင်းတုန်း။ ဂျုံးဂျုံးဂျက်ဂျက်ရထားပုခက်ပေါ်တွင် မျက်စိပိတ်ကာအိပ်ဖို့ဖြင့်မစဉ်းစားပါလေနှင့်။ နိုးသောအခါနှုတ်ခမ်းနီ၊ မျက်ခုံးမွေးဆွဲခဲတံတို့ဖြင့်ဆေးရေးခံထားရသော မိမိမျက်နှာကိုမှန်ထဲ တွင်ပြန်မှတ်မိရန်ခက်လှသည်။
ထိုတွဲလုံးပြည့်ကျောင်းသားများ ဖြင့်အိမ်အပြန်ရထားသည် သူတို့ အတွက်နောက်ဆုံးရထားဟု မသိသေးသော အချိန်တစ်ခု ဟုဆိုကြပါစို့။ထိုနေ့သည် သူတို့ ပြန်လည်ငေးမောကာ ဆို့နင့်ကြရမည့်နေ့တစ်နေ့ဟုဆိုကြပါစို့။ ရှိရင်းစွဲ ခင်မင်မှုများစွာ ကိုပြတ်တောင်းစေခဲ့သည့် နေ့တစ်နေ့ဟုသူတို့မသိခဲ့ဟုဆိုကြပါစို့။ ထိုနေ့တွင်သူတို့ သည်အနာဂတ်အတွက် ရင်မလေး တတ်ခဲ့ကြသေး။ သူတို့ပညာရေးရှေ့ခရီးသည် ပိန်းပိတ်အောင် မှောင်နေမည်ဟု မသိခဲ့ကြသေး။ ဂစ်တာသံသည်ပျိုမျစ်နုနယ်၏။ အတွေးတို့သည်လန်းဆန်း၏။ အနာဂတ်သည်အတွေးထဲတွင်တောက်ပခဲ့၏။
သို့သော်ထိုရထားသည် သူတို့၏နောက်ဆုံးရထားဖြစ်ခဲ့သည်။ ထိုရထားတွင် အတန်းအငယ်ဆုံး အဖြစ်လိုက်ပါစီးနင်းခဲ့သော
ကျွန်မအတွက် သည်ရထားမျိုးနောက်ထပ်စီးခွင့်တစ်ခါမှမကြုံတော့ပါ။ ကျောင်းပိတ်ရက်စနေတနင်္ဂနွေသာပြန်သည်မို့အပြန်ရထား
လက်မှတ်ဝယ်ပြီးသားဖြစ်၏။သို့သော်ထိုအပြန်လက်မှတ်မှာအသုံးမ၀င်တော့ပါ။အတန်းတူသူငယ်ချင်းနှစ်ဦးအတူပြန်လာခဲ့ရာ ထိုသူငယ်ချင်းမ၏အမေက သမီးကိုစိတ်ချလက်ချပြန်မလွှတ်နိုင်တော့သလို့သူ့သမီး၏အဖော်ကျွန်မကိုလည်းပြန်မလွှတ်သင့်ကြောင်း အမေ့ကိုပြောပါတော့သည်။
“သမီးတို့ ကျောင်းကိုပြန်သွားရင်လည်းမထူးတော့ဘူးလေ။ အိမ်မှာပဲတစ်ရက်နှစ်ရက်နေလိုက်ဦး။ ဆူနေပြီလေ။ အခု အဆောင်ကကျောင်းသူတွေကိုဆရာဆရာမတွေ ကပြန်လွှတ်နေတယ်ပြောတယ်။”
နောက်တစ်နေ့ နောက်တစ်နေ့ … တစ်ရက်ပြီးတစ်ရက်ထပ်စောင့်သည်။ အခြေအနေသည်ကျောင်းသားများ အတွက်
ပို၍ကြပ်တည်း လာခဲ့ပြီ။ ကျောင်းသားများအတွက် ကျောင်းခန်းမများ၊ ကျောင်းဆောင်များတွင်နေစရာ မရှိတော့။ ၁၉၉၆ ဒီဇင်ဘာတွင်ကျောင်းတံခါးများ သည်လုံးလုံးလျားလျားပိတ်ပစ်ခဲ့ပြီ။
မျှော်လင့်ချက်သည် သတ်ပစ်ရန်ခက်လှသည်။ ကျွန်မတွင် မျှော်လင့်ချက်များ အပြည့်ရှိခဲ့သည်။ အင်းလျားကိုပြန်ရောက်လိမ့်ဦးမည်။ တက္ကသိုလ်အနုပညာအသင်း ထဲမှာ ဂီတသံများကိုပြန်ကြားရဦးမည်။ အဓိပတိလမ်းမရှည်ကြီး၌လျှောက်ရသော အရသာသည် မူလတန်းအရွယ်ကအော်ကြီးဟစ်ကျယ် လိုက်ဆိုခဲ့သော ကိုင်ဇာ၏သီချင်းထဲကလိုချိုမြိန်လိမ့်ဦးမည်။ ခုံတန်းပြာသည် ကျွန်မတို့ပြန်အလာ ကိုစောင့်နေခဲ့ဦးမည်။ ဂျပ်ဆင်သည် ဖြတ်သွားသော စာကလေးတွေလိုစကားများ သည့် ကျွန်မတို့တစ်သိုက် ကိုငုံ့ကြည့်နေဦးမည်။ RIT မှ မေတ္တာ ကြိုးသွယ်လိုကြောင်း ချိတ်တိတ်တိတ် သဘောဖြင့်ပြောလိုသော အစ်ကိုကြီးများ ဦးချစ်ဆိုင်မှ ၀ယ်တိုက်သောအအေးကို မေတ္တာရှိလို့မဟုတ်ပါဘဲအီစီကလီ သောက်ပစ်လိုက်ဦးမည်။ တက္ကသိုလ်စာကြည့်တိုက်တွင် စာဖတ်ရခြင်းသည် စလုံးရေးစပဲရှိသေးသည်။ ကတ်တလောက်တွေပြည့်အောင်မွှေဖို့နေနေသာသာ မြည်းရတယ်ဆိုရုံပဲ
ရှိသေးသည်။ ကျွန်မသည်ဤကျောင်းတော်ကြီးတွင် ပညာသင်ယူကာ ကထိကဆရာမကြီး လည်းဖြစ်လာဦးမည်။ ၁၇ နှစ်အရွယ်ကလေးမတစ်ယောက်ရဲ့အိပ်မက်သည် မဖြစ်နိုင်သည်ကိုမတွေး။ဖြစ်လာမည်ကိုသာတွေးသည်။
သို့သော် နေ့ရက်တို့သာတစ်စစ ကြွေကြခဲ့ရသည်။ ပြက္ခဒိန်စာရွက်ကလေးတွေသာတစ်ခုပြီးတစ်ခုပြောင်းသွား သည်။ နည်းနည်းပိုကြာလာသော်မျှော်လင့်ချက် သည်ေ၀၀ါးစပြုပြီ။သည်လိုနှင့် အဝေးရောက် စာမေးပွဲတွေဖြေရမည်ဟူ သော
သတင်းကို ၁၉၉၈ ခုနှစ်နှစ်လယ်တွင်ရလာသောအခါ ကျောင်းတွေပြန်ဖွင့်တော့ မှာပေါ့ဟု တိတ်တိတ်ကလေး ပျော်ခဲ့ရသည်။ ဗြောင်ကားမပျော်ဝံ့ပေ။ အဘယ်ကြောင့် ဆိုသော် ဖူးစငုံစအပွင့်စုံစတွင် အဖူးအညွန့်များချိုးသလို မျှော်လင့်ချက်တို့ကို ကိုယ်တိုင်ရိုက်ချိုးခဲ့ရသော ဒဏ်ရာတို့သည် မယုံတတ်သည့်စိတ် ကိုမွေးဖွားပေး ခဲ့ပြီဖြစ်သည်။ သည်လိုနှင့်ကျောင်းသားတိုင်းကို စာမေးပွဲစည်းကမ်းချိုးဖောက်ခွင့် (ခိုးချခွင့်)လှိုင်လှိုင်ကြီးပေးခဲ့သော ၁၉၉၈စာမေးပွဲကြီးကိုဆိုင်ရာဆိုင်ရာတက္ကသိုလ်များ တွင် မကျင်းပဘဲ ဇာတိမြို့များမှ အထက်တန်းကျောင်းများ တွင်ကျင်းပခဲ့ကြသည်။မော်လမြိုင်မှကျောင်းသားများအားလုံးမော်လမြိုင်တွင်သာ ဖြေဆိုကြရမည်ဟူသော
စည်းကမ်းများဖြင့်ဖြစ်သည်။ထိုစာမေးပွဲများသည် မြန်မာပညာရေးသမိုင်းတွင် အရုပ်အဆိုးဆုံးသောစာမေးပွဲများဖြစ်သည်။
၁၉၉၆ တွင်သင်ထားသောစာ ကိုနောက်ထပ် နှစ်နှစ်အကြာတွင်စစ်ဆေးသည်ဆိုသော စာမေးပွဲမှာအဘယ်ကဲ့ သို့သောစာမေးပွဲ
များဖြစ်သနည်း။မည်သည့်နိုင်ငံခြားသားကိုမှတို့ဆီမှာဒီလိုဖြစ်ခဲ့တယ်လို့ ရှင်းပြ၍ နားလည်နိုင်သည့်စာမေးပွဲမျိုးမဟုတ်ပေ။ ဘယ်လောက်ကြိုးစားဖြေဖြေ သည်အမှတ်ပဲဖြစ်သည်။ ပြန်စဉ်းစားလျှင် ရင်နာနာနှင့် တော်တော်ရယ်ရပါသည်။ သို့သော်နှစ်နှစ်ကျော်ကျော်ကျောင်းစာနှင့်မထိမတွေ့သည်ထက်စာလျှင် စာမေးပွဲစစ်ဆေးခြင်းကမျှော်လင့်ချက်
ကိုဖြစ်စေသည်။ စာမေးပွဲသည်အတန်းတင်ပေးရန်မဟုတ်ပါလား။ဘယ်လိုပဲစစ်စစ် နောက်ဆုံး တွင်ကျောင်းပြန်တက် ရတော့မည်။ ပျော်သည်။ပျော်သည်။
တကယ်တော့ထိုအပျော်သည်ခဏကလေးသာဖြစ်သည်။ ကျောင်းသည် တစ်နေ့စောင့်သော်လည်း ဘာသတင်းရယ် လို့မကြား။ နေ့မှလသို့ကူးသည်။ လမှသည် နှစ်သို့ထပ်ကူးသည်။ အသက်တို့သည်တဖြေးဖြေးကြီးလာပြီ။ နောက်ဆုံး ၂၀၀၀ ခုနှစ်ဇူလိုင်လသို့ရောက်ချိန်( ဖြောင့်ဖြောင့်တန်းတန်းသာ ပညာသင်ယူခွင့်ရခဲ့လျှင် ဘွဲ့ယူရတော့မည့်အချိန်) တွင်ဒုတိယနှစ်သို့ ဆက်လက်ပညာသင်ကြားခွင့်ရသည်။
ကျောင်းမဖွင့်မီမိမိသားသမီးက နိုင်ငံရေးနှင့်မပတ်သက်ပါဟူ ကြိုတင်တာဝန်ခံရသော စာရွက်များကို မိဘများက လက်မှတ်ထိုးကြရသည်။ဂျပ်ဆင်မရှိသော၊ အဓိပတိ လမ်းနှင့်ခုံတန်းပြာများမရှိသော၊ သစ်ပုတ်ပင်မပါသော အရပ်
သို့အနှင်ခံကြရ သည်။ လေးနှစ်နီးပါးမျှအကြာတွင်ကျောင်းသားများထဲတွင်ထက်ဝက်ခန့် သာကျောင်းသို့ပြန်ရောက် လာနိုင်တော့သည်။ သူတို့သည် ခေါင်းမာသူများလား၊ အခြားရွေးချယ်စရာမရှိခဲ့သူတွေလား။အချို့ကဘ၀ကိုရုန်းကန်
ဖို့အတွက် အလုပ်ကြမ်းဖြင့် ကျောင်းသားပြင်ပလောကတွင်ရှင်နေကြပြီ။သို့သော် ရှင်သန်သည်ဟုမဆိုသာ။ ရှင်ယုံရှင်ရခြင်းမျိုးပင်။အချို့အိမ်ထောင်ကျကုန်ပြီ။ အချို့ ဘ၀လမ်းကြောင်းတွေပြောင်းလျှက်ပညာဆက်သင်
ရန်စိတ်ကူးမရှိတော့။ အချို့မှာမူ အဝေးသို့လွင့်ထွက်သွားကြသည်။လွန်ခဲ့သောလေးနှစ်က ထောက်ပံ့နိုင်ခဲ့သော
မိဘအချို့အတွက် ယခုအခါ သားသမီးများကိုကျောင်းပြန်ပို့ရန်မလွယ်တော့။
ကျောင်းပုရ၀ုဏ်သို့ ပြန်ရောက်လာသူများထဲတွင်ကျွန်မပါဝင်ခဲ့သည်။ အခြေအနေကောင်းလွန်းလို့ပြန်ရောက်လာခဲ့တာတော့ မဟုတ်ပေ။ ယနေ့ယခုရောက်ရှိနေသောနေရာတွင် ရပ်တည်နေနိုင်ဖို့ ကံပါခဲ့သဖြင့် ပြန်ရောက်လာ
သည်ဟုသာ ဆိုရမည်။သည်းထန်သော မိုးပွင့်မိုးပေါက်များအောက် ပွင့်ဖတ်တို့ တစ်စစီ လွင့်ထွက်သွားသော ပန်းပွင့်သေးသေးကလေးတစ်ခုလို ဘ၀က ထိလွယ်ခိုက်လွယ် ပျက်စီးလွယ်သောကာလများပင်။
သိန်းနှင့်သိန်းနှင့်ချီသော ကျောင်းသားများစွာ၏နစ်နာမှု အတွက်အချို့သောနိုင်ငံခြား ပညာရှင်များက ကျွန်မတို့မျိုးဆက်များကို Lost generation ဟုခေါ်ပါသည်။ တကယ်လည်းအဆုံးအရှုံးများပါသည်။ ယခုအချိန်ထိ ၊နောက်လာမည့် မျိုးဆက်များအထိ၊ ထိုပညာရေးဖြတ်တောက်ခံရမှုဂယက်သည်မပြီးဆုံးတတ်သေးပါ။ ချိနဲ့သွားသောဘ၀အဖုံဖုံအတွက်တာဝန်ရှိသူမည်သူတစ်ဦးတစ်ယောက်ကမျှလည်းလူသိရှင်ကြားရော တိုးတိုးတိတ်တိတ်ရောမတောင်းပန်ခဲ့ကြပါ။ စစ်ကြောင့်မဟုတ်ဘဲ ဤမျှရှည်ရှည်ကြာကြာပညာရေးအား
ဖြတ်တောက်ခြင်းသည် မည်သည့်နိုင်ငံတွင် မျှဖြစ်ပေါ်ခဲ့သည်ဟုမထင်ပေ။ ယခုအခါ ထိုဖြစ်ရပ်ကြောင့်
နစ်နာခဲ့သော လူသန်းပေါင်းများစွာက ၄င်းတို့၏ ကိုယ်ရေးရာဇ၀င်တစ်ခုစီတွင်ထိုနှစ်များအကြောင်း သိသိသာသာပင်ရှင်းပြကြရသည်။ထိုအရာကပင်လူမသိသူမသိမှတ်တမ်းများဟုဆိုရပေမည်။

ဟုတ်ကဲ့ ကျွန်မရဲ့ပထမဘွဲ့အတွက်ရှစ်နှစ်ကြာပညာသင်ကြားခဲ့ရပါတယ်။ ကျွန်မတို့ အစိုးရရဲ့အဲဒီအချိန်က မူဝါဒတွေ ကြောင့်ပါ..ဟုပြောတိုင်းတစိမ်းတွေကတော့ မျက်လုံးကလေးဝိုင်းသွားလေ့ရှိသည်။ ကျွန်မတို့ အတွက်တော့ခါးသီးသောမိနစ်စက္ကန့်များပင်။ မျှော်လင့်ချက်မရှိတော့သော နေ့ရက်များတစ်ရက်စီ သည်ဖြတ်သန်းဖို့ ဘယ်လောက်ခက်ခဲကြောင်း ဖြတ်သန်းခဲ့သူတွေသိကြပါသည်။မင်္ဂလာတရားကင်းမဲ့
သောနေ့ရက်များပေ။ အိပ်မက်တို့တကယ်ဖြစ်လာဖို့ကြန့်ကြာခဲ့ကြလေသည်။ များစွာသောသူတို့အတွက် အိပ်မက်တို့ပျက်စီးခဲ့ကြလေသည်။
နွဲ့ ကေခိုင်
https://www.facebook.com/nwetkaykhine/posts/10152499738353148

No comments:

Post a Comment