Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော လေယာဉ်တစ်စီး ပျောက်ဆုံးနေ


Update >>>
နောက်ဆုံးရသတင်းများအရ ၊ QZ8501 ကို နောက်ဆုံးခြေရာခံမိခဲ့သည့် နေရာတွင် သင်္ဘောခြောက်စီးနှင့် ဟယ်လီကော်ပတာ နှစ်စီးကို တပ်ဖြန့်ချထားသည်။
အဲရ်အေးရှ လေယာဉ် QZ8501 ပျောက်ဆုံးနေသည်မှာ ယခုဆိုလျှင် ၉ နာရီဝန်းကျင် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ လေယာဉ်တွင် ၄ နာရီခွဲစာ ပျံသန်းရန်သာ လောင်စာဆီပါသွားသည်ဟု အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးကပြောကြောင်း တရုတ်သတင်းဌာန CCTV က ဖော်ပြခဲ့သည်။
အိမ်ဖြူတော်ကလည်း ပျောက်ဆုံးလေယာဉ် ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်စစ်ဆေးနေကြောင်း၊ အမေရိကန်သမ္မတ ဘာရက် အိုဘားမားကလည်း ဤအရေးအတွက် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားသည်။
မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်ကလည်း ပျောက်ဆုံးအဲရ်အေးရှလေယာဉ် ရှာဖွေကယ်ဆယ်ရေးအတွက် မလေးရှားက ကူညီလိုကြောင်း မက်ဆေ့ဂ်ျတစ်စောင်ကို တွစ်တာ၌ ရေးသားခဲ့သည်။ မလေးရှားအစိုးရအနေဖြင့် ကယ်ဆယ်ရေးပူးပေါင်းစင်တာတစ်ခုကို တည်ထောင်ထားပြီး ရှာဖွေရေးကို ကူညီရန်လိုအပ်သည်များကို တပ်ဖြန့်ချထားပြီးဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Liow Tiong Lai ကလည်း တွစ်တာတွင် ပြောခဲ့၏။
စင်္ကာပူ လေကြောင်းအာဏာပိုင်အဖွဲ့၏ အဆိုအရ လေယာဉ်သည် အဆက်အသွယ်ပြတ်တောက်ခဲ့ခ်ျိန်က အင်ဒိုနီးရှား လေကြောင်းအချက်ပြဒေသ အင်ဒိုနီးရှားလေပိုင်နက်အတွင်း၌ ရှိခဲ့သည်။ ယင်းနေရာမှာ စင်္ကာပူ-ဂျာကာတာ လေကြောင်းအချက်ပြဒေသ၏ အရှေ့တောင်ဘက် မိုင်ပေါင်း ၂၃၀ ကျော်တွင် ဖြစ်သည်။ စင်္ကာပူလေကြောင်းအာဏာပိုင်အဖွဲ့က စီမံခန့်ခွဲသော စင်္ကာပူ ကယ်ဆယ်ရေးပူးပေါင်းစင်တာ နှင့် နိုင်ငံ၏ လေတပ်၊ ရေတပ်တို့မှာ အင်ဒိုနီးရှားအာဏာပိုင်အဖွဲ့ကို အကူအညီပေးရန် အသင့်ရှိနေကြောင်း အစောပိုင်းက ထုတ်ပြန်ခဲ့သည်။
အဲရ်အေးရှ အင်ဒိုနီးရှားလေယာဉ် QZ8501 ရှာဖွေကယ်ဆယ်ရေးအတွက် စင်္ကာပူ၏အကူအညီကမ်းလှမ်းမှုကို အင်ဒိုနီးရှားက လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။ အိန္ဒိယကလည်း ပျောက်ဆုံးလေယာဉ်ရှာဖွေရေးအတွက် အကူအညီပေးရန် ကမ်းလှမ်းထားသည်သည်ဟု ဘီဘီစီက တင်ပြခဲ့၏။
----
အဲရ်အေးရှ အမှုဆောင်အရာရှိချုပ် တိုနီ ဖာနန်ဒက်စ်က ၎င်းသည် အင်ဒိုနီးရှား ဆူရာဘာယာမြို့သို့ သွားရာလမ်းတွင် ရောက်နေပြီဖြစ်ကြောင်း တွစ်တာ၌ ရေးတင်လိုက်သည်။ ခရီးသည်အများစုနှင့် ပျောက်ဆုံးလေယာဉ် QZ8501 တို့မှာ ယင်းနေရာမှဖြစ်ကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
အဲရ်အေးရှ လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်္ကာပူသို့ ပျံသန်းနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ စင်္ကာပူလေဆိပ်သို့ ယနေ့မနက် ၈နာရီခွဲတွင် ဆိုက်ရောက်ရမည့် ခရီးစဉ်ဖြစ်ပြီး မနက် ၇ နာရီ ၅၄ မိနစ်တွင် ဂျာကာတာလေကြောင်းထိန်းသိမ်းရေးစခန်းနှင့် လေယာဉ်ကြား အဆက်အသွယ် ပြတ်တောက်ခဲ့သည်။
Update >>> အဲအေးရှလေယာဉ်အဆက်သွယ်ပြတ်နေဆဲ
ပျောက်ဆုံး အဲရ်အေးရှလေယာဉ်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်သည်။ လေယာဉ်သည် လေကြောင်းလမ်းထိန်းချုပ်ကွပ်ကဲသူများနှင့် အဆက်အသွယ်ပြတ်တောက်မသွားခင် အချိန်အတောအတွင်းလေးမှာပင် ရာသီဥတုအခြေအနေကြောင့် ပျံသန်းသည့်လမ်းကြောင်းကို ပြောင်းလဲရန် မေးမြန်းခဲ့သေးသည်။ အဆက်အသွယ်ပြတ်တောက်သွားချိန်က လေယာဉ်သည် ကလီမန်တန်နှင့် ဂျာဗားကျွန်းများအကြား ဂျာဗားပင်လယ်အပေါ်တွင် ရှိနေခဲ့သည်ဟု အင်ဒိုနီးရှားလေကြောင်း ဝန်ကြီးဌာန အရာရှိက မီဒီယာများကို ပြောကြားခဲ့သည်။ အဆိုပါနေရာရှိ ရာသီဥတုမှာ တိမ်ထူထပ်နေသည်ဟု ၎င်းက ဆိုသည်။
ပျောက်ဆုံးနေသော အဲအေးရှ လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လေယာဉ်မောင်း ၂ ဦး၊ ဝန်ထမ်း ၅ ဦးနှင့် ခရီးသည် ၁၅၅ ဦး လိုက်ပါသွားသည်။ ခရီးသည်များအနက် လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦး နှင့် ရင်ခွင်ပိုက်ကလေးငယ် ၁ ဦးတို့ ပါဝင်နေသည်။
လေယာဉ်ပေါ်ပါသွားသူများမှာ စင်္ကာပူနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ပြင်သစ် ၁ ဦး၊ တောင်ကိုရီးယား ၃ ဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦး ဖြစ်ကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
အဲအေးရှအနေဖြင့် ၎င်း၏ Facebook စာမျက်နှာအပါအဝင် အွန်လိုင်းစာမျက်နှာများရှိ profile ရုပ်ပုံများကို ၎င်းတို့မူပိုင် အနီရောင်အမှတ်တံဆိပ်တင်ထားရာမှနေ၍ မီးခိုးရောင်ပုံများသို့ ပြောင်းလဲလိုက်သည်။
လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အင်ဒိုနီးရှား လေကြောင်းအာဏာပိုင်၏ လမ်းညွှန်မှုအောက်တွင် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆက်အသွယ် ပြတ်တောက်မသွားခင်အချိန်အထိ လေယာဉ်သည် အင်ဒိုနီးရှား လေကြောင်းလမ်း ထိန်းချုပ်ရေးဌာန၏ ထိန်းချုပ်မှုအောက်၌ ရှိနေဆဲဖြစ်သည်။
လေယာဉ်သည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းနေခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် လမ်းကြောင်းပြောင်းလဲရန် အကြောင်းကြားတောင်းခံခဲ့သေးကြောင်း သိရသည်။ CNN သတင်းဌာန၏ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒါရက် ဗန် ဒမ် က ရာသီဥတုဆိုးရွားမှုသည် လေယာဉ်ပျောက်ဆုံးမှု၏ အကြောင်းရင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။
စိုးရိမ်ပူပန်မှုကိုဖော်ပြရန်နှင့် အကူအညီပေးရန်အတွက် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုထံ တယ်လီဖုန်းခေါ်ဆိုခဲ့ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သူ၏ Facebook စာမျက်နှာတွင် ပို့စ်ရေးသားလာသည်။ စင်္ကာပူလေတပ်၏ C-130 ရှာဖွေကယ်ဆယ်ရေး လေယာဉ် ၂ စီး မှာ အရန်သင့်အနေအထားဖြင့် ရှိနေပြီး ထွက်ခွာရန် အသင့်ပြင်ပြီးပြီဟု ဆိုသည်။ စင်္ကာပူဝန်ကြီးများအနေဖြင့်လည်း ပျောက်ဆုံးနေသော အဲအေးရှ လေယာဉ်အတွက် အာရုံစိုက်စောင့်ကြည့်နေကြသည်။
ကနဦးကလည်း မစ္စတာလီသည် အင်ဒိုနီးရှား ဆူရာဘာယာ မှ စင်္ကာပူသို့ ပျံသန်းနေသည့် အဲအေးရှ လေယာဉ် ပျောက်ဆုံးသွားသည့်အကြောင်း သိလိုက်ရ၍ ဝမ်းနည်းကြောင်း Facebook စတေးတပ်တစ်ခု ရေးသားခဲ့သည်။ အသေးစိတ်အခြေအနေ အများအပြား မသိရသေးသော်လည်း အကူအညီပေးရန်အတွက် အင်ဒိုနီးရှားအာဏာပိုင်များထံ ကမ်းလှမ်းထားသည်ဟု ဆိုခဲ့သည်။
ပျောက်ဆုံးသွားသော အဲရ်အေးရှ လေယာဉ်ပေါ်ပါ ခရီးသည်များ၏ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် စောင့်ဆိုင်းဧရိယာ၊ လိုအပ်သော ပစ္စည်းပစ္စယအထောက်အပံ့များကို ချန်ဂီလေဆိပ်၌ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း စင်္ကာပူလေကြောင်းအာဏာပိုင်က ယနေ့နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ မိခင်နှင့်အစ်ကိုအပါအဝင် မိသားစုဝင် ခုနစ်ဦး လေယာဉ်ပေါ်၌ ပါသွားသည့် အမျိုးသမီးတစ်ဦးကို ချန်ဂီ crisis center ၌ တွေ့ရသည်ဟု ဆစ်ဒနီမောနင်းဟားရဲလ်ဒ်က ဖော်ပြထားသည်။
Background
လူ ၁၆၂ ဦးပါ အဲအေးရှလေယာဉ် လက်ရှိပျောက်ဆုံးနေမှုသည် မလေးရှားလေကြောင်းလိုင်းပိုင် MH370 ပျောက်ဆုံးပြိးနောက် ဆယ်လနီးပါးအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် လေယာဉ်ပျောက်ဆုံးမှုကြီး ဖြစ်သလို အရှေ့တောင်အာရှဒေသတွင်း လေကြောင်းလိုင်းများအနေဖြင့် တတိယအကြိမ် လေယာဉ်မတော်တဆမှုပင်။
ပြီးခဲ့သည့် မတ်လ ၈ ရက်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းပိုင် MH370 လေယာဉ်မှာ အန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျတ်ကျခဲ့ပြီဟု သက်ဆိုင်ရာအာဏာပိုင်အရာရှိများက ပြောကြားခဲ့သော်လည်း ရှာဖွေသူများမှာ ယခုထိ MH370၏ အပျက်အစီးအစအနကို တွေ့ရှိမှု မရှိသေးပေ။ ခရီးသည် ၂၃၉ ဦး လိုက်ပါသွားသော ယင်းလေယာဉ်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းသို့ ပျံသန်းနေစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။




အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော လေယာဉ်တစ်စီး ပျောက်ဆုံးနေ အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော Air Asia မှ လေယာဉ်တစ်စီးသည် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
Air Asia လေကြောင်းလိုင်းပိုင် Airbus A320-200 အမျိုးအစား လေယာဉ် အမှတ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမှ စင်ကာပူသို့ ယနေ့နံနက် ၅ နာရီ၂၀ မိနစ်တွင် ပျံသန်းထွက်ခွာသွားပြီးနောက် နံနက် ၇နာရီ ၂၄ မိနစ်မှ စကာ အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်းလိုင်းမှ အတည်ပြု ပြောကြားသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦး အပါအ၀င် စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားသည်။ လေကြောင်းလိုင်းမှ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီလည်း ဖြစ်သည်။
"လက်ရှိအချိန်ထိ ခရီးသည်တွေဆီကရော၊ လေယာဉ်ပေါ်က ၀န်ထမ်းတွေဆီကပါ ဘာအဆက်အသွယ်ကိုမှ မရရှိသေးပါဘူး။ သတင်းအချက်အလက်တွေ ရရှိလာတဲ့အခါ အကြောင်းကြားပါ့မယ် " ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။
_Ref: Channelnewsasia
http://7daydaily.com/story/28086#.VJ_nFP8BjA

No comments:

Post a Comment