မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက
ဘာသာကူးပြောင်းစေရေး အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်ပါက ထောင်ဒဏ်
သုံးနှစ်အထိအပြင် ငွေဒဏ်ပါ ချမှတ်ရမည့် အချက်ကို အသစ်ရေးဆွဲထားသည့်
မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းတွင်
ထည့်သွင်းရေးဆွဲထားကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က အစိုးရပိုင်
သတင်းစာများမှတစ်ဆင့် ထုတ်ပြန်လိုက်သော ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ခင်ပွန်းဖြစ်သူက ဗုဒ္ဓဘာသာဝင်
ဇနီးဖြစ်သူကို နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာကို စွန့်လွှတ်စေပြီး
မိမိကိုးကွယ်ရာ ဘာသာသို့ ကူးပြောင်းစေမှု မပြုလုပ်ရန် အဆိုပါ ဥပဒေကြမ်း၏
အခန်း (၅)၊ ပုဒ်မ ၂၄ (င) တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။
ယင်းပုဒ်မကို ကျူးလွန်ပါက ထောင်ဒဏ်သုံးနှစ်အပြင် ငွေဒဏ်ပါ ချမှတ်ခံရမည်
ဖြစ်ကြောင်း ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင် ထပ်မံပါရှိသည်။
အဆိုပါ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ
ဥပဒေကြမ်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရေးဆွဲထားပြီး
ဆွေးနွေးအတည်ပြုနိုင်ရန် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်သို့
ပေးပို့ထားခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းမှာ မြန်မာဗုဒ္ဓဘာသာဝင်
မိန်းမများနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ယောက်ျားများ ထိမ်းမြားခြင်း၊
ကွာရှင်းခြင်း၊ အမွေဆက်ခံခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ သား၊ သမီး
ထိန်းသိမ်းခြင်း စသည်တို့နှင့် စပ်လျဉ်းသည့် အခွင့်အရေးများအတွက် ဖြစ်ပြီး
ယင်းသို့သော ပြဿနာများ ပေါ်ပေါက်လာပါက မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနှင့်အညီ
ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။
ဥပဒေကြမ်းအရ
ဗုဒ္ဓဘာသာဝင် မဟုတ်သော အမျိုးသားတစ်ဦးက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်
အမျိုးသမီးတစ်ဦးကို လက်ထပ်လိုပါက မှတ်ပုံတင်အရာရှိထံတွင် တရားဝင်
မှတ်ပုံတင်ရမည် ဖြစ်ပြီး ယင်းသို့ မှတ်ပုံမတင်ဘဲ အတူပေါင်းသင်း
နေထိုင်သည်ကို တွေ့ရှိပါက သတင်းပေး တိုင်ကြားနိုင်သည်။
အဆိုပါ
ဥပေဒကြမ်းနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းဥပဒေကြမ်းမှာ
လက်ရှိ တည်ဆဲဥပဒေ ဖြစ်သည့် ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးများ
အထူးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်း ဆိုင်ရာ ဥပဒေနှင့်
များစွာကွဲလွဲမှု မရှိသည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။
ယင်းအပြင် မြန်မာနိုင်ငံရှိ ဘာသာကြီးလေးခုမှ အမျိုးသမီးများအနက် ဗုဒ္ဓဘာသာ
အမျိုးသမီးများအပေါ် အခွင့်အရေး ပိုပေးထားသည့် အနေထား ဖြစ်နေပြီး ဘာသာရေးကို
အခြေမခံဘဲ နိုင်ငံသားအကျိုးစီးပွားကို ရည်ရွယ်ကာ အားလုံး တန်းတူညီမျှ
ဖြစ်စေသည့် ဥပဒေတစ်ခု ဖြစ်သင့်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“ဘာသာမတူဘဲ အိမ်ထောင်ပြုတဲ့အခါ နှစ်ဖက် ဓလေ့ထုံးတမ်းတွေ မတူလို့ ပြဿနာတွေ
ဖြစ်ရတာ မှန်ပါတယ်။ ပြဿနာက အဲဒါကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ ဆိုတာကိုပဲ
နည်းလမ်းရှာရမှာ။ ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို အကာအကွယ် ပေးတာကို လက်ခံပါတယ်။
ဒါပေမဲ့ ဥပမာ ဆိုပါတော့ အစ္စလာမ် ဘာသာဝင် အမျိုးသမီးတစ်ဦးက ဘာသာခြား
အမျိုးသားနဲ့ လက်ထပ်တဲ့အခါ သူတို့လည်း အခွင့်အရေးတွေ နစ်နာပါတယ်ဆိုပြီး
တောင်းမယ်ဆိုရင် ဘယ်လိုလုပ်မလဲ” ဟု ဦးကိုနီက ပြောဆိုသည်။
အဆိုပါ
ဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ကိုးကွယ်ရာ မတူသည့် တိုင်းရင်းသား
လူမျိုးအချင်းချင်း လက်ထပ်ပေါင်းသင်းရန်ပင် အခက်အခဲများ
ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဆိုပါ အမျိုးစောင့်ခြင်းဆိုင်ရာ ဥပဒေများကိုလည်း
တစိုက်မက်မက် ကန့်ကွက်ခဲ့ကြောင်း အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ၊
ကရင်တိုင်းရင်းသူ နော်စူစန်နာလှလှစိုးက ပြောကြားသည်။
“ကျွန်မတို့
ကရင်လူမျိုးတွေမှာ ဗုဒ္ဓဘာသာလည်း ရှိတယ်။ ခရစ်ယာန်လည်း ရှိတယ်။
ကိုယ့်လူမျိုးတူအချင်းချင်း လက်ထပ်တဲ့အခါမှာတောင် ဒီဥပဒေကြောင့် ပြဿနာတွေ
ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။
ယခု ဥပဒေကြမ်း အပါအဝင်
အမျိုးစောင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း လေးခုကို ပြည်ထောင်စုလွှတ်တော်သို့
ပေးပို့ထားရာ ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့
၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် အချိန်ကိုက် ပြုလုပ်ခြင်းသည်
နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက်တစ်ခု ရှိနေမည်ဟု ယူဆကြောင်း ၎င်းက
သုံးသပ်ပြောဆိုသည်။
- See more at: http://thevoicemyanmar.com/index.php/news/item/4515-bdb#sthash.jrNwcr19.dpuf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, December 4, 2014
ဗုဒ္ဓဘာသာဇနီးကို ဘာသာအဓမ္မ ကူးပြောင်းစေပါက ထောင်သုံးနှစ်အထိ ချမှတ်မည့်အချက် ဥပဒေကြမ်းတွင်ထည့်သွင်း
ဗုဒ္ဓဘာသာဇနီးကို ဘာသာအဓမ္မ ကူးပြောင်းစေပါက ထောင်သုံးနှစ်အထိ ချမှတ်မည့်အချက် ဥပဒေကြမ်းတွင်ထည့်သွင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment