Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 29, 2014

ထပ်ဆင့်အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်နှင့်တွေ့ဆုံခြင်း

အခုခေတ်က အကယ်ဒမီပေးပွဲမှာ သူရမှာပဲလို့ခန့်မှန်းထားတဲ့အတွက် သဇင်တွေဝေနေအောင် ပြင်ဆင်လာလို့ရတယ်။
အမေတို့တုန်းကတော့ ဘယ်သူမှလည်း ပြင်ဆင်ပေးမယ့်သူမရှိဘူး။ အကယ်ဒမီရမယ်ဆိုတာလည်း ကြိုမသိဘူး
------------------------------------------------------------------------------------------------------
- သူသူထက်လွင် – တွေ့ဆုံမေးမြန်းသည် မြန်မာ့ရုပ်ရှင်လောက အမျိုးသမီး သရုပ်ဆောင်များတွင် ပထမဆုံး အကယ်ဒမီဆု ငါးဆုရရှိခဲ့သူ အသက် ၈၁ နှစ်အရွယ်ထပ်ဆင့်အကယ်ဒမီဒေါ်မြင့်မြင့်ခင်နှင့် တွေ့ဆုံမေးမြန်း ခဲ့ပုံများကို ဖော်ပြလိုက်ပါသည်။

မေး – ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်ခဲ့ပုံနဲ့ အမေတို့ခေတ် က ရုပ်ရှင်အပေါ် ပရိသတ်တွေရဲ့သဘောထားလေး သိ ပါရစေ။

ဖြေ – အမေက ၁၉၅ဝပြည့်နှစ်မှာ မင်းသားရဲ့ ညီမ နေရာက သရုပ်ဆောင်ရင်း ရုပ်ရှင်လောကထဲကိုစဝင် ခဲ့တယ်။ အဲဒီအချိန်တုန်းက ရှင်းရှင်းပြောရရင် ရုပ်ရှင် လောကကို အထင်မကြီးကြဘူး။ အောက်တန်း ကျတယ်။ ဖက်ခွက်စား အလုပ်ဆိုပြီး ပြောကြ တာတွေရှိတာပေါ့။ အမေလည်း ကိုယ်ကောင်း ရင် ခေါင်းမရွေ့ဘူးဆိုတဲ့အတိုင်း ကြိုးစားခဲ့ တယ်။ ကိုယ်ကြိုးစားတဲ့အတိုင်း အောင်မြင် ခဲ့တယ်။

မေး – အရင်ခေတ်နဲ့ယနေ့ခေတ် ရုပ်ရှင်လောကအ ပေါ် သဘောထားတွေ ကွာခြားလာပုံတွေလည်း သိပါရစေ။

ဖြေ – အမေတို့က အခုခေတ်ကလေး တွေလို ကံမကောင်းခဲ့ဘူး။ အမေတို့တုန်းက မိဘအသိုင်းအဝိုင်းကလည်း ရုပ်ရှင်ကိုအား မပေးဘူး။ အမေ့ကို မိဘတွေက ပညာတတ် ပဲဖြစ်စေချင်တာ။ အမေ့အစ်ကိုအကြီးဆုံးဆို အမေ မင်းသမီး လုပ်တာရှက်လို့ဆိုပြီး စစ်ထဲ ဝင်သွားတယ်။ အမေ အောင်မြင်လာတဲ့တစ်နေ့ ကျတော့ သူ့ရဲ့သားသမီးတွေကို ကျောင်းထား ပေးနိုင်ခဲ့တယ်။ အခုခေတ်မှာ ရုပ်ရှင်လော ကကို ဝင်ရောက်လာတဲ့သူတွေကို မိဘအ သိုင်းအဝိုင်းကလည်း အားပေးကြတယ်။

မေး – အမေရုပ်ရှင်လောကကို ဘယ်အသက်အရွယ် က စတင်ဝင်ရောက်ခဲ့ပြီး ပထမဦးဆုံးရိုက်ကူး ခဲ့တဲ့ဇာတ်ကားက ဘာဇာတ်ကားလဲ။

ဖြေ – ရုပ်ရှင်လောကကို ၁၉၅ဝပြည့်နှစ် အမေ အသက် ၁၅နှစ်အရွယ်မှာ သရုပ် ဆောင်အဖြစ် ဝင်ရောက်ခဲ့တယ်။ အမေက အသံတိတ်ခေတ်ကိုမီတယ်။ အမေ စရိုက်တဲ့ကားက အသံတိတ်ရုပ်ရှင်ဇာတ်ကားကြီး ‘မာယာရှင်’မှာ မင်းသား ညီမ ဒုတိယမင်းသမီးအဖြစ် စရိုက်ခဲ့တယ်။ အသံထွက် ကားကျတော့ ‘မြဲတဲ့သစ္စာ’ စရိုက်ခဲ့တယ်။ စရိုက်စမှာ အမေကြုံရတာက ကိုယ်က ဓာတ်ပုံလည်း သိပ်မရိုက် ဘူးဆိုတော့ ရုပ်ရှင်ရိုက်ရတာ အတွေ့အကြုံမရှိဘူးဖြစ် နေတယ်။ အသက်က ၁၅နှစ်ဆိုတော့ ခံစားချက်လည်း မသွင်းတတ်သေးဘူး။ ဒါရိုက်တာဆရာ ပြောတဲ့အ တိုင်းပဲ လုပ်ခဲ့တယ်။

မေး – အမေ့ကို ပရိသတ်က မြင့်မြင့်ခင်ဆိုပြီးသိသွားတာ ဘာ ဇာတ်ကားတွေဖြစ်မလဲ။

ဖြေ – အမေ့ကို ပရိသတ်လက်ခံလာတဲ့ဇာတ်ကား တွေကတော့ ‘သြော်…မိန်းမ’၊ ‘ချစ်ပန်းသဇင်’၊’ချစ်ရေး မလွယ်’၊ ‘ဤလူ့ဘောင်တွင်’ဇာတ်ကားတွေမှာ သိလာ ကြတယ်။ ပရိသတ်က လက်ခံလာကြတယ်။

မေး – အကယ်ဒမီဆု ဘယ်နှဆုလောက်ရရှိခဲ့ပြီး ဘာဇာတ် ကားတွေနဲ့ ရရှိခဲ့ပါသလဲ။

ဖြေ – ၁၉၅၇ခုနှစ်မှာ ‘ချစ်ညီမ’ဇာတ်ကားနဲ့ အဓိက ဇာတ်ဆောင်ဆုရတယ်။ အကယ်ဒမီရခဲ့တယ်။ ဟိုတုန်း က ရွှေရင်ထိုးတွေပေးခဲ့တယ်။ ပထမဦးဆုံး အကယ်ဒမီ ရွှေစင်ရုပ်တုပေးတဲ့နှစ်မှာပဲ အမေ အကယ်ဒမီဆုရခဲ့ တယ်။ ၁၉၅၈မှာ ‘ဖြေလျှော့ခွေ’ဇာတ်ကားနဲ့ အကယ်ဒမီ ထပ်ရခဲ့တယ်။ တတိယအကြိမ်မှာ’မုန်းပါတယ်မောင့် ကို’ ဇာတ်ဆောင်ဆုရရှိခဲ့တယ်။ စတုတ္ထအကြိမ်မှာ ‘မှ တစ်ပါးအခြားမရှိ’မှာ ဇာတ်ပို့ဆု၊ ပဉ္စမဆုက ‘မြင့်မိုရ် တောင်ထက် မကကျူးသား’မှာ ဇာတ်ပို့ဆုရရှိခဲ့ပါတယ်။ အမျိုးသမီးတွေထဲမှာတော့ ပထမဦးဆုံး အကယ်ဒမီဆု အများဆုံးရရှိခဲ့ပါတယ်။

မေး – အကယ်ဒမီနဲ့ပတ်သက်လို့ အမေတို့ခေတ်နဲ့ ဒီနေ့ခေတ် ကွာခြားချက်တွေ သိပါရစေ။

ဖြေ – အမေတို့ခေတ်က အကယ်ဒမီရွေးတာ ရုပ် ရှင်ဇာတ်ကားပေါင်း ၁ဝဝကျော်ထဲက ဆုရွေးတယ်။တစ်နှစ်လုံးမှာ ရုပ်ရှင်ကားပေါင်း ၁ဝဝရှိတယ်။ အခု ခေတ်ကတော့ ၁ဝ ဂဏန်းလောက်ထဲကနေ ရွေးချယ် ရတာ။ အဲဒီလိုရွေးချယ်တဲ့အခါလည်း သတင်းစာဆရာ တွေ၊ စာရေးဆရာတွေ၊ နိုင်ငံတော်က ခန့်အပ်ထားတဲ့ ရုပ်ရှင်စိစစ်ရေးအဖွဲ့တွေက ရွေးပေးကြတယ်။ သူတို့ လည်း ကား၁ဝဝကျော်ထဲက ရွေးရတာဆိုတော့ တော် တော်လည်းရွေးရတယ်။ အခုက ကား ၁၅ကားကို ပထမ ဆင့်၊ ဒုတိယအဆင့်ဆန်ခါတင်တွေ ခွဲရွေးတယ်။ ဟို တုန်းက အဲဒီလိုမရှိဘူး။ ၁ဝဝကားစလုံးထဲကမှ ရွေးတယ်။

မေး – ဟိုတုန်းက အကယ်ဒမီရရှိဖို့ ဘာတွေလိုအပ်ခဲ့လဲ။ အ ကယ်ဒမီအတွက် ကြိုတင်ရင်ခုန်တာတွေရောရှိလား။

ဖြေ – ဟိုတုန်းက အကယ်ဒမီရဖို့ လုပ်တာမျိုးမရှိ ဘူး။ ဒါရိုက်တာပြောတာကို ပီပြင်အောင်လုပ်တာပေါ့။ အခုလိုလည်း ကြိုတင်ရင်ခုန်စရာလည်းမလိုဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကား ၁ဝဝကျော်ထဲကရွေးတော့ ကိုယ်ရ မယ် မရဘူးဆိုတာ ကြိုမသိနိုင်ဘူး။ အခုဟာက ခြောက် ကား ဆန်ခါတင်ထဲက ရမှာဆိုတော့ ဆန်ခါတင်ဇာတ် ကားမှာပါတဲ့ သရုပ်ဆောင်တွေအကုန်လုံးကတော့ ရင် ခုန်ကြမှာပဲ။ အမေတို့တုန်းက ပေးတဲ့နေ့ကျမှသိရတယ်။ အခုခေတ်က အကယ်ဒမီပေးပွဲမှာ သူရမှာပဲလို့ ခန့်မှန်း ထားတဲ့အတွက် သဇင်တွေဝေနေအောင် ပြင်ဆင်လာ လို့ရတယ်။ အမေတို့တုန်းကတော့ ဘယ်သူမှလည်း ပြင် ဆင်ပေးမယ့်သူမရှိဘူး။ အကယ်ဒမီရမယ်ဆိုတာလည်း ကြိုမသိဘူး။ အကယ်ဒမီပေးပွဲအစီအစဉ်ကို စောင့်ကြည့် နေစရာလည်းမလိုဘူး။ နိဗ္ဗာန်ဈေးပွဲ သွားကြည့်နေကြ တယ်။ အကယ်ဒမီက ကြေညာနေပြီ။ မြင့်မြင့်ခင် အကယ် ဒမီရတယ်ဆိုပြီး ပွဲဈေးတန်းမှာ တစ်ဆင့်စကား တစ်ဆင့် ကြားရတော့မှ သိရတယ်။ အဲဒီတော့မှ ကမန်းကတန်း အကယ်ဒမီပေးတဲ့ စင်မြင့်ပေါ်တက်ရတယ်။ ပထမအ ကြိမ်နဲ့ ဒုတိယအကြိမ် အကယ်ဒမီရတော့ ကြိုမသိတော့ လှလှပပလေးဝတ်ဆင်ဖို့ မပြင်ဆင်ခဲ့ရဘူး။ တတိယ အကြိမ် ‘မုန်းပါတယ်မောင့်ကို’ဇာတ်ကားကျတော့ လူ တွေကလည်းပြောတယ်။ ရနိုင်တယ်ဆိုတော့ အဲဒီတော့ မှ လှလှပပလေး ဝတ်သွားတယ်။ တတိယအကြိမ် ‘မုန်း ပါတယ်မောင့်ကို’ အကယ်ဒမီဆုရတော့ အကယ်ဒမီ ပေးပွဲက နည်းနည်းအဆင့်မြင့်လာပြီ။ မြန်မာ့အသံဝင်း ထဲမှာ ကျင်းပတယ်။ ပွဲပြီးတော့ လူကြီးတွေနဲ့ ဆင်ဆာ အဖွဲ့တွေနဲ့ ထမင်းစားကြတယ်။ အဲဒီတုန်း က ကျင်းပတဲ့ အကယ်ဒမီပေးပွဲက လက်မှတ် ရောင်းတဲ့ပုံမျိုးမဟုတ်ဘူး။ ရုပ်ရှင်လောက သားတွေချည်းပဲ လုပ်ကြတာ။ အခု ရုပ်ရှင် အစည်းအရုံးက ပြန်ကျင်းပမယ့်ပုံစံမျိုးလုပ် ခဲ့တယ်။

မေး – အခုချိန်မှာရော အကယ်ဒမီပွဲတက်ဖို့ အခြေ အနေ ဘယ်လိုရှိပါသလဲ။

ဖြေ – အကယ်ဒမီပေးပွဲတက်ဖို့ ခုအချိန် အထိ အမေ လက်မှတ်မရသေးဘူး။ နိုင်ငံ တော်ကလုပ်ရင် ပွဲမလုပ်ခင် တစ်ပတ်ကြိုပြီး လက်မှတ်ရတယ်။ အခု ၂၄ရက်ရှိပြီ။ လက် မှတ်မရသေးဘူး။ လက်မှတ်ပို့ပေးမှာကိုစောင့် နေပါတယ်။ ပွဲတက်ဝတ်စုံ အတွက်ကတော့ စပွန်ဆာမရှိပါဘူး။ ဒီအဘွားကြီးကို ဘယ် သူက စပွန်ဆာပေးမလဲ။ ပွဲတက်အိတ်ကိုတော့ သမီးရဲ့သူငယ်ချင်း ဝါဝါက စပွန်ဆာပေးပါ တယ်။ နှစ် ၂ဝလောက် ငယ်လိုက်ချင်တယ်။ အဲဒီလိုငယ်လိုက်ရင် စပွန်ဆာပေးမယ့်သူရှိ ချင်ရှိမှာ။ အမေတို့ခေတ် အကယ်ဒမီရတုန်း ကလည်း ကိုယ့်ဘာသာကိုယ်ပြင် ကိုယ့်ဘာ သာကိုယ် ဝတ်ခဲ့ရတယ်။ အခုခေတ်ရောက် လည်း ဒီလိုပါပဲ။

မေး – စည်သူဘွဲ့ရရှိခဲ့တယ်လို့သိရပါတယ်။ ဘယ် တုန်းက ဘာကြောင့်ရတာလဲ။

ဖြေ – နိုင်ငံတော်ကပေးတဲ့ စည်သူဘွဲ့ကို ၂ဝ၁၂ ခု နှစ်ကရတယ်။ နိုင်ငံတော်အတွက် လုပ်ဆောင်ပေးခဲ့ တာရှိတော့ စည်သူဘွဲ့ရရှိခဲ့တာပါ။ ရှေ့တန်းမှာ သွား ရောက်ပြီး တပ်မတော်သားတွေအတွက် သီချင်းသီဆို ပေးခဲ့တယ်။ ရှေ့တန်းစစ်မြေပြင်ကို ဟယ်လီကော်ပတာ နဲ့ သွားရောက်ဖျော်ဖြေခဲ့တယ်။

မေး – အခုချိန်မှာရော နိုင်ငံတော်က အမေ့ကိုထောက်ပံ့မှုတွေ ရှိလား။

ဖြေ – အမေတို့ ဂန္ထဝင် အဆိုတော်ကြီးတွေကို တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က ဧည့်ခံဖျော်ဖြေစေပြီး ဆုတွေချီးမြှင့်ခဲ့တယ်။ သီချင်းတွေ ပြန်ဆိုခွင့်ရတော့ အသက်ငယ်သွားသလို ခံစားရတယ်။

မေး – အခုခေတ် မင်းသား၊ မင်းသမီး၊ လူငယ်တွေအတွက် ဘယ်လိုဆုံးမစကားမျိုး ပြောလိုပါသလဲ။

ဖြေ – လူငယ်အမျိုးသား၊ အမျိုးသမီးလေးတွေ ဒီ ရုပ်ရှင်လောကကိုချစ်ကြပါ။ အခုပေါ် အခုပျောက် မဖြစ်ဘဲ ရေရှည်တည်တံ့စွာ နေစေချင်တယ်။ ကျော် ကြားရင်နေမယ်။ မကျော်ကြားရင် ထွက်မယ်ဆိုတာ မျိုး မဖြစ်စေချင်ဘူး။ အနုပညာကိုချစ်ကြပါလို့ ပြော ချင်ပါတယ်။

အခုလို ရုပ်ရှင်အတွေ့အကြုံတွေကို မျှဝေဖြေကြားပေး တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

‪#‎TheFlowerNews‬

No comments:

Post a Comment