Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 17, 2014

ကော်ဖီတစ်ခွက် (သို့) ဆစ်ဒနီမြို့လည်က ကမ္ဘာကျော် ပြန်ပေးဆွဲမှု့ ( ရေးသူ=အရှင်အဂ္ဂဥာဏ-လှည်းကူး)

” ဦးဇင်းအခုဘယ်မှာလဲ၊ မြို့ထဲမှာ ပြန်ပေးဆွဲမှု့ ဖြစ်နေတယ်။ တီဗီက တိုက်ရိုက်ပြနေတယ်။ ဘယ်မှ မသွားနဲ့။ တံခါးလာခေါက်ရင်တောင် ရဲမဟုတ်ရင် ဘယ်သူမှ ဖွင့်မပေးနဲ့။ သတိ ၀ီရိယနဲ့ နေ ……”

စသဖြင့် အသိမိတ်ဆွေတစ်ဦးက ဖုန်းဆက်ပြီး အသိပေးလာပါတယ်။ ကျုပ်က အဲဒီအချိန်က ဆွမ်းစားဖို့ ပြင်နေတဲ့ အချိန်ပေါ့။ ဒါနဲ့ပဲ တီဗီကို ဖွင့်ပြီးကြည့်လိုက်တော့ တီဗီလိုင်း သုံးလေးလိုင်းက တိုက်ရိုက်ပြနေပါတယ်။ အဲဒီထဲက သိလိုက်ပါပြီ။ ဒီကိစ္စက အချိန်တော်တော်ကြာမှ ပြီးမှာပါလို့။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံမှာ ကိစ္စသေးသေးလေးကိုပင် အော်ပရေးရှင်းလုပ်ရင် အနည်းဆုံး (၃)နာရီလောက်ကြာတတ်လို့ပါပဲ။ ထင်တဲ့အတိုင်း (၁၇)နာရီလောက်ကြာမှ ပြီးသွားတာပါ။

ဒီအကြောင်းကို မပြောခင် ဒီနိုင်ငံအကြောင်းကို အနည်းငယ်လောက် ပြောပြသင့်ပါတယ်။ ဒီနိုင်ငံမှာ အသက်တစ်ချောင်းကို တော်တော် အလေးထားပါတယ်။ လူ့အသက်သာမက တိရစ္ဆာန်အသက်လည်း အတူတူပါပဲ။ ဥပမာတစ်ခုပြောရရင် မိတ်ဆွေတစ်ယောက်ရဲ့ အိမ်အဖေါက်ခံရပါတယ်။ ပစ္စည်းတွေလည်း တော်တော်များပါသွားတယ်။ ရဲရောက်လာတော့ ဘာအရင် မေးသလဲဆိုတော့ ” လူဘာဖြစ်သွားသေးသလဲ” …..တဲ့။ လူတော့ ဘာမှ မဖြစ်ဘူးဆိုတော့ လူဘာမှ မဖြစ်ရင် ပြန်တော့မယ်။ ပစ္စည်းက ပြန်ဝယ်လို့ ရတယ်တဲ့လေ။

ဟုတ်ပါတယ်။ ဒီနိုင်ငံအစိုးရက အလုပ်မရှိတဲ့ သူအားလုံးကို (၂)ပတ်တိုင်း (၂)ပတ်တိုင်း ဒေါ်လာ-၆၀၀ လောက် ထောက်ပံ့ပါတယ်။ ဒီတော့ ဒီနိုင်ငံမှာ နေထိုင်ကြသူတွေ အများစုဟာ ဘာမှ ပူစရာကို မလိုတဲ့ အခြေအနေမှာ ရှိပါတယ်။ အေးအေးချမ်းချမ်းနဲ့ နေနိုင်ကြပါတယ်။ ဆင်းရဲ ချမ်းသာ မကွဲပြားပါဘူး။ တသားတည်းပါပါပဲ။ ဆိုလိုတာကတော့ အလုပ်မရှိလဲ အစိုးရက ထောက်ပံ့တော့ စားဝတ်နေရေး ဘာမှပူစရာမလိုဘူးပေါ့။ ဒါကြောင့်မို့လည်း ကမ္ဘာအရပ်ရပ်က သြစီ..သြစီ ဖြစ်နေတာပါ။ ဒီသြစီကို မရောက်ရောက်အောင် လာခဲ့ကြတာပါ။

အခုဒီ ပြန်ပေးသမားကလည်း သြစီမှာ နိုင်ငံရေးခိုလုံခွင့်ရပြီး အခြေချနေထိုင်တဲ့သူဖြစ်ပါတယ်။ သူက အီရန်နိုင်ငံသား တရားဟောဆရာတစ်ယောက်ပါ။ မူလက ရှီယိုက်မူစလင်ဖြစ်ပြီး နောက်ပိုင်းမှ ဆွန်နီမူစလင်ကို ကူးပြောင်းခဲ့သူပါ။ သူဟာ မယားဟောင်းကို သတ်မှု့နဲ့ တရားရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။ ပြီးတော့ မိန်းခလေးအယောက် (၅၀)ကျော်ကို လိင်ပိုင်းဆိုင်ရာ ဆော်ကားမှု့တွေနဲ့လည်း တရားဆွဲခံနေရသူပါ။

ဒါပေမယ့် ထူးခြားတာက ဒီလိုလူမျိုးကို အာမခံပေးပြီး အပြင်မှာ နေခွင့်ပေးထားတာပါ။ ပြီးတော့ အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်မှု့ရှိပြီး စောင့်ကြည့်စာရင်းထဲမှာ သူနာမည်မပါပါဘူး။ ဒါကြောင့်မို့ သြစီဝန်ကြီးချုပ်က ဘာ့ကြောင့် စောင့်ကြည့်စာရင်းထဲမှာ မပါတာလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလူမျိုးကို ဘာကြောင့်အာမခံပေးရသလဲဆိုပြီး တရားစီရင်ရေးကို အားလုံးက ဝေဘန်လျက်ရှိပါတယ်။ နောက်နှစ် ဇန်န၀ါရီလမှာ အသစ်ထွက်မယ့် ဥပဒေနဲ့ဆိုရင် အာမခံမပေးတော့ဘူးလို့ ဆိုပါတယ်။

ဒီတော့ ဒီပြန်ပေးသမားဟာ လက်နက်နဲ့အတူ ချောကလက် အဓိကရောင်းတဲ့ ကော်ဖီဆိုင်ကို ၀င်စီးပါတယ်။ သတင်းအစပိုင်းမှာတော့ အထဲမှာ ဓားစာခံဘယ်နှစ်ယောက်ရှိတယ်၊ ပြန်ပေးသမားက ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို အတိအကျ မသိကြပါဘူး။ ရဲကလည်း မထုတ်ပြန်ပါဘူး။ အထူးထရိန်နင်ပေးထားတဲ့ စေ့စပ်ရေးမှူးများနဲ့ စေ့စပ်ဆွေးနွေးနေကြောင်း၊ အချိန်ဘယ်လောက်ကြာကြာ ဓားစာခံများ ဘေးကင်စွာ လွတ်မြောက်ရေးသာ အရေးကြီးကြောင်း ရဲက သဘောထားထုတ်ပြန်ပါတယ်။

အဲဒီနေရာရဲ့ ပတ်ခြာလည်မှာ ဘဏ်တွေ၊ စာကြည့်တိုက်တွေ၊ အစိုးရပါလီမန်တွေ၊ ဘုရားရှိခိုးကျောင်းတွေရှိပါတယ်။ ကံကောင်းတာက ချန်နယ်ဆဲလ်ဘန်း တီဗီစတေရှင်က အဲဒီဆိုင်ရဲ့ တစ်ဖက်အခြမ်းမှာ ရှိပါတယ်။ အဲဒီကနေ လှုပ်ရှားမှု့တွေကို တိုက်ရိုက်ရိုက်ကူးနိုင်နေတာပါပဲ။ အဲဒီပတ်ခြာလည်က အဆောက်အဦတွေအပေါ်ကနေ အထူးလက်ဖြောင့်သမားတွေက စနိုက်ပါများနဲ့ စောင့်နေပါတယ်။ တီဗီကတော့ အဲဒီအဆောက်အဦကို အသေပဲ ရိုက်ပြပါတယ်။ အထူးရဲတွေရဲ့ လှုပ်ရှားမှု့တွေကို လုံးဝမလွှင့်ပါဘူး။

သတင်းကြေငြာပေးသူက ဒီလိုလည်း ပြောသွားပါသေးတယ်။ မီဒီယာသမားအနေဖြင့် မည်မျှလောက်သော သတင်းပမာဏကို ပြည်သူတွေကို တင်ပြသင့်သလဲဆိုတာကို အရမ်းပဲ စဉ်းစားပြီး တင်ပြပေးနေရကြောင်းပေါ့။ မြန်မာသတင်းသမားများ အတုယူဖွယ်ပါပေ။ အော်ပရေးရှင်းပြီးတဲ့အခါမှာတော့ ပြသင့်ပြထိုက်တဲ့ အရာတွေကို ထုတ်ပြသွားတာ တွေ့ရပါတယ်။ ပြီးတော့ ဒီကိစ္စမှာ အဲဒီအဆောက်အဦထဲက လူတွေ ဘာပြောနေသလဲဆိုတာကို ဒီဘက်အသံလွှင့်ရုံကနေ တိုက်ရိုက်ကြားတဲ့ ကရိယာတစ်ခုကို အထူးရဲက တပ်ဆင်ခဲ့ပါတယ်။ အဲဒီကရိယာတပ်ဆင်လိုက်တဲ့ အခါမှာ ပြန်ပေးသမားနဲ့ ဓားစာခံတွေရဲ့ အသံတွေကို သဲသဲကွဲကွဲ ကြားရပါတယ်တဲ့။ သတင်းထောက်ကိုယ်တိုင်တောင် ဒါမျိုးကို ပထမဆုံးမြင်ဘူးတာလို့ ၀န်ခံသလို ဒါကို ထုတ်ဖေါ်မပြောသင့်ဘူးလို့ ပြောသွားပါတယ်။ ဒါကတော့ သြစီရဲ့ နည်းပညာအဆင့်မြင့်မှု့ကို ဖေါ်ပြတယ် ထင်ပါတယ်။

ပတ်ခြာလည် အဆောက်အဦထဲက လူတွေကို ဘေးကင်းရာသို့ ခေါ်ထုတ်ပါတယ်။ တီဗီစတေရှင်မှာပင် ကင်မရာမင်းနှင့် တာဝန်ရှိသူတစ်ယောက်ပဲ ကျန်ပါတယ်။ ကျန်တဲ့သူအပြင်ထွက်ရပါတယ်။ ပြီးတော့ ဆစ်ဒနီအော်ပရာဟောက်စ်၊ တံတားကြီး၊ မြေအောက်ကားလမ်းများ၊ ဆစ်ဒနီမြို့တွင်းသို့လာရာ အဝေးပြေးလမ်းမများကို ပိတ်လိုက်ပါတယ်။ ပြီးတော့ ဆစ်ဒနီလေဆိပ်မှ လေယာဉ်များကိုလည်း ဆစ်ဒနီမြို့ပေါ် မပျံသန်းရန် အမိန့်ထုတ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဆေးရုံကားများ၊ မီးသတ်ကားများကို အဆင်သင့် သူ့နေရာနှင့်သူ ထားရှိပါတယ်။

ဒီကိစ္စမှာ ထူးခြားတာက စစ်သားတစ်ယောက်မှ မတွေ့ရတာပါဘဲ။ ဒီကိစ္စကို နယူးဆောက်ဝေးပြည်နယ်ရဲ နဲ့ ဖက်ဒရယ်ရဲတွေက ကိုင်တွယ်ပါတယ်။ ရဲအားလုံးက ဒီလိုကိစ္စတွေ ဖြစ်လာလျှင် အသုံးပြုဖို့ အထူးထရိန်နင် ပေးထားတဲ့ သူတွေချည်းပါပဲ။ ၀န်ကြီးချုပ်ကလည်း အကူအညီအပြည့်အ၀ ပေးမယ်လို့ ပြောထားသလို အမေရိကန်အစိုးရကလည်း စင်္ကာပူမှာရှိတဲ့ သူ့လူတွေကို လွှတ်ပေးမယ်လို့ ကြေညာပါတယ်။

တကယ်တော့ ပြန်ပေးသမားက တစ်ယောက်ထဲပါ။ ဓားစာခံက (၁၇)ယောက်ပါ။ ပထမသုံးယောက်လွတ်လာတယ်။ နောက်ထပ် (၂)ယောက်လွတ်လာပါတယ်။ အော်ပရေး၇ှင်းမလုပ်မီ (၅)ယောက်လောက် လွတ်မြောက်လာတာကို တွေ့ရပါတယ်။ ဒီလိုလွတ်မြောက်တာကလည်း ဓားစာခံတွေထဲက တစ်ယောက်ဖြစ်တဲ့ ဆိုင်မန်နေဂျာ အမျိုးသားတစ်ဦးက သူရဲကောင်းဆန်စွာ သေနတ်သမားကို လှည့်စားနိုင်ခဲ့လို့ပါ။ သူတစ်ခါ လှည့်လေ တစ်သုတ်လွတ်လေပေါ့။

ဒီသေနတ်သမားဟာ မူဆလင်အကြမ်းဖက်သမားဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင် ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားလိုမှု့ပဲ ဖြစ်မယ်လို့ အများကတော့ တွက်ဆကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီသေနတ်သမားရဲ့ နေရာရွေးချယ်မှု့ကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဆစ်ဒနီမြို့လည်ကောင်ဖြစ်ခြင်း၊ ကမ္ဘာကျော် တီဗီစတေရှင်ရှိခြင်း၊ ပြီးတော့ အဲဒီကော်ဖီဆိုင်မှာ အဖြူတွေအများစု သောက်သုံးခြင်း၊ အာရဗီစာရေးထားတဲ့ မူစလင်အလံ (အိုင်အက်အလံမဟုတ်)ထောင်ထားခြင်း စတဲ့အကြောင်းတွေကြောင့်ပါပဲ။ စားဝတ်နေရေးကြောင့်တော့ မဟုတ်တာ သေခြာတယ်လေ။

သေနတ်သမားဟာ အထဲက ဓားစာခံတွေကို အသုံးပြုပြီး သူ့ရဲ့တောင်းဆိုချက်တွေကို ယူကျု့မှာ ဗီဒီယိုဖိုင်တင်ခဲ့ပါတယ်။ သူ့ ရဲ့ တောင်းဆိုချက်တွေထဲမှာ သြစီဝန်ကြီးချုပ် သူ့ဆီကို ဖုန်းဆက်ပေးပါ။ ဒါဆိုရင် တစ်ယောက်လွှတ်ပေးမယ်။ အိုင်အက်စ်အလံကို သူလိုချင်တယ်။ ပေးမယ်ဆိုရင် တစ်ယောက် လွှတ်ပေးမယ်။ စသဖြင့်ပေါ့။ မသေခင်လေးမှာပင် သူရဲ့ကိုယ်ပိုင်ဝဘ်ဆိုဒ်မှာတောင် နောက်ဆုံးစာတစ်ကြောင်းတင်သွားပါသေးတယ်။ သူတင်သွားတာကတော့…. အိုင်အက်စ်အလံမဟုတ်ဘဲ အခြားအလံကို ယူသွားမိတာ သူ့အမှားပါ။ တကယ်တော့ အိုင်အက်စ်အလံကို ယူသွားသင့်တာပါ။ အလ္လာအရှင် ခွင့်လွှတ်ပါ…ဟု။ဒါကို ကြည့်ရင် သူဟာ မူစလင်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ အိုင်အက်စ်အဖွဲ့ကဆိုတာ သိနိုင်ပါတယ်။

တကယ်တော့ ရဲက အေးအေးဆေးဆေးနဲ့ ပြီးအောင် အချိန်ဆွဲပြီး လုပ်နေတဲ့သဘောရှိပါတယ်။ ဒါကြောင့် နံနက် ၉နာရီ ၄၅မိနစ်မှသည် နောက်တစ်နေ့နံက် ၂နာရီ ၂၀မိနစ်အထိ (၁၇)နာ၇ီလောက်ကြာတာပေါ့။ ဆစ်ဒနီပြန်ပေးဆွဲမှု့ဟာ ကြာချိန် (၁၇)နာရီလောက်ဖြစ်ပေမယ့် တကယ်တမ်း အထူးရဲက အော်ပရေးရှင်းလုပ်ချိန်က (၃၄)စက္ကန့် နဲ့  အပြီးလုပ်နိုင်ခဲ့တာပါ။ သေနတ်သမားက စပစ်လို့  ရဲက ဆုံးဖြတ်ချိန် ၅စက္ကန့် နဲ့  အော်ပရေးရှင်းက စက္ကန့် (၃၀) ပဲ ကြာပါတယ်။ သေနတ်သမားက ၅-ချက်ပဲ ခုခံလိုက်ရတယ်။ ပွဲပြီးသွားပြီ။ ဒီလိုဝင်ပြီးစီးရတာကလဲ ဓားစာခံတစ်ယောက်ကို သေနတ်သမားက ပစ်လိုက်လို့ပါ။ အကယ်၍ ထက်ပြီးတော့ စောင့်ရင် ပိုပြီးသေကြမှာစိုးလို့ပါ။ ဒါကြောင့် အထူးရဲက ၀င်စီးတာပါ။ ဒီလိုဝင်စီးမှု့ကို တပြည်လုံးက လက်ခံပါတယ်။

သေဆုံးသွားတာက သေနတ်သမားအပါအ၀င် သုံးယောက်ပါ။ သေဆုံးသွားတဲ့ ဓားစာခံတွေအတွက် ပန်းစည်းများချပြီး ဂုဏ်ပြုကြရာတွင် ဆစ်ဒနီတခွင်မှ ပန်းဆိုင်များမှ ပန်းများ ပြတ်လပ်သည်အထိ ဖြစ်သွားပါတယ်။ ယနေ့အထိလည်းလာေ၇ာက်ပြီး ချနေတာတွေ့ရပါတယ်။ ဆီမီးထွန်းခြင်း၊ ဖယောင်းတိုင်ထါန်းခြင်းကိုတော့ ခွင့်မပြုပါဘူး။ မီးလောင်မှာဆိုးလို့ပါ။ လျှပ်စစ်ဖယောင်းတိုင်ကိုတော့ ဝေးဝေးမှာ ထွန်းခွင့်ပြုထားပါတယ်။ တကယ်တော့ သေဆုံးသူနှစ်ယောက်စလုံးဟာ သူရဲကောင်းဆန်စွာ လုပ်ပြသွားခဲ့ကြပါတယ်။

သေဆုံးသူ ယောက်ျားလေးကတော့ သေနတ်သမားကို အကြိမ်လှည့်စားနိုင်ခဲ့ရာ တခါလှည့်စားတိုင်း တစ်သုတ်လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ပြီး သူ့ အလှည့်မှာ အပစ်ခံခဲ့ရပြီး သေဆုံးသွားတာပါ။ သေဆုံးသူ အမျိုးသမီးကတော့ သူငယ်ချင်းဖြစ်သူ ကိုယ်ဝန်ဆောင်တစ်ဦးကို အကာအကွယ်ပေးရင်း အပစ်ခံရပါတယ်။ သူမဟာ ခလေးသုံးယောက်အမေဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ဘာသာရပ်တိုင်းမှာ အမှတ်တစ်ရာရရှိခဲ့သူ လူတော်တစ်ယောက်ပါ။ ပြီးတော့ ရှေ့နေမလေးပါ။ ဒါပေမယ့် ဒဏ်ရာကြောင့် မသေဘဲ ရောဂါအခံဖြစ်တဲ့ နှလုံးရောဂါကြောင့်သေဆုံးသွားပါတယ်။
ဒဏ်ရာရရှိသူများကတော့ ရဲတစ်ယောက်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်ယောက်အပါအ၀င် (၅)ယောက်ရှိပါတယ်။ အခုတော့ စုံစမ်းစစ်ရေးတွေလုပ်နေပါတယ်။ လတော်တော်များများ ကြာမယ်လို့လည်း ကြေငြာထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဒီသြစီနိုင်ငံအတွက် ဆိုးကျိုးနဲ့ကောင်းကျိုး နှစ်ခုရှိလာပါတယ်။ ဆိုးကျိုးကတော့ မူစလင်မုန်းတီးရေး (အန်တိ-မူဆလင်) အွန်လိုင်းမှာ လုပ်ရှားမှု့တွေ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ ဒါကို ကာကွယ်ဖို့ မသွားရဲ မလာရဲကြသည့် မူစလင်များအား အဖွဲ့ အစည်းမျိုးစုံမှ အားပေးခြင်း၊ ရထားများ ကားများပေါ်တွင် သူတို့ နှင့်အတူ လိုက်လံ၍ စီးနင်းပေးသည့် ကမ်ပိန်းတစ်ခု (‪#‎illridewithyou‬) ဆစ်ဒနီမှာ စတင်လှုပ်ရှားနေပါတယ်။ အတုယူစရာ တစ်ခုပါပေ။ အဆိုးထဲက အကောင်းထွက်လာတဲ့သဘောပေါ့။ နောက်တစ်ခုက အေးအေးချမ်းချမ်းနဲ့ စားဝတ်နေရေး အတွက်မပူရသော်လည်း အခုအခါမှာ အသက်အန္တရာယ်တစ်ခုတိုးလာတာပါပဲ။ ကောင်းကျိုးကတော့ သြစီတရားစီရင်ရေးနှင့် လုံခြုံရေးအားနည်းနေတာကို အားကောင်းအောင်ပြုပြင်ဖို့ အားလုံးသတိထားမိသွားတာပါပဲ။

ဒါကြောင့် ဒီဆောင်းပါးကို အစ္စရေးဝန်ကြီးချုပ်ရဲ့ စကားတစ်ခွန်းနဲ့ အဆုံးသတ်ပါရစေ။ အကြမ်းဖက်မှု့တွေဟာ နယ်စည်းမခြားဘူး…..ဟု။

သေဆုံးသွားတဲ့ သူရဲကောင်းဓားစာခံများ ကောင်းရာသုဂတိလားပါစေ။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်
၁၇-၁၂-၂၀၁၄
http://mp4you.co.uk/news/72Sydney-siege-Three-dead-after-commandos-storm-cafe.html

No comments:

Post a Comment