Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

ငြိမ်းချမ်းရေးမက်လုံးပေး ကားပါမစ်၊ 9E/1000 ကျော်ဂယက်နှင့် ၂၀၁၄


ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ချထားပေးခဲ့သည့် ငြိမ်းချမ်းရေးကားပါမစ်ဂယက်သည်လည်း အများပြည်သူကြား ကျယ်ကျယ်ပြန့်ပြန့်ရိုက်ခတ်ခဲ့သည့်အတွက် ၂ဝ၁၄ ခုနှစ်အတွင်း ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် ထည့်သွင်းဖော်ပြအပ်ပါသည်။
နိုင်ငံတော်သို့ အခွန်ငွေ ကျပ် သိန်း ၈ဝဝဝ ခန့်ပေးဆောင်ပြီးမှ တင်သွင်းရမည့်ကားများကို အခွန်ငွေ တစ်ပြားတစ်ချပ်မှမပေးဘဲ ငြိမ်းချမ်းရေးကားပါမစ်ဟု ဈေးကွက်အတွင်း ခေါ်ဆိုသည့် ပါမစ်များဖြင့် တင်သွင်းလာခဲ့ကြရာ အများပြည်သူအကြား ဂယက်ရိုက်ခတ်သွားခဲ့သည်။
အဆိုပါ ဈေးကွက်အတွင်း ငြိမ်းချမ်းရေးကားပါမစ်ဟုခေါ်သော ပါမစ်များကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းက ချထားပေးခဲ့ခြင်းဖြစ်ပြီး လုံးဝအခွန်ကင်းလွတ်ခွင့်ဖြင့် အစီး ၃၇ဝ၊ ရာခိုင်နှုန်း ၆ဝသာ အခွန်ပေးရမည့် ကားအစီးရေ ၇၄ဝ နှင့် စုစုပေါင်းအစီးရေ ၁၁ဝဝ အတွက် ခွင့်ပြုပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ဒီဇင်ဘာ ၂၁ ရက်က MPC တွင်ကျင်းပသည့် ပွဲတစ်ခုတွင် ပြောကြားသည်။
ဦးအောင်မင်းက ပါမစ်ပေးခြင်းမဟုတ်ဘဲ လိုင်စင်မဲ့ကားများကို မှတ်ပုံတင်ပေးခြင်းဟုသာဆိုသော်လည်း ဦးအောင်မင်းချထားပေးသည့် ခွင့်ပြုမိန့်များအား တစ်စောင်လျှင် ကျပ်သိန်း ၅ဝဝ မှ ကျပ် သိန်း ၁၅ဝဝ အထိ ဈေးများဖြင့် ကြားပွဲစားများက ဝယ်ရောင်းလုပ်ကာ တန်ဖိုးကြီးဇိမ်ခံကားသစ်များကို အခွန်လွတ်ဖြင့် တင်သွင်းလာခဲ့ကြခြင်း ဖြစ်သည်။
ဒေါ်လာ ၅ဝဝဝဝဝ ခန့် တန်ဖိုးရှိသော Rolls Royce Phantom ကဲ့သို့ ကားများ၊ ဒေါ်လာ ၃ဝဝဝဝဝ ခန့်တန်သော Bentley၊ ဒေါ်လာ သိန်းဂဏန်းမှ သန်းဂဏန်းအထိ တန်သော Lamborghini ကဲ့သို့ ကားများကို တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး 9E/1000 ကျော်နံပါတ်များဖြင့် သတ်မှတ်ကာ လိုင်စင်ထုတ်ပေးခဲ့ကြခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးပါမစ်များ ဝယ်ယူပြီး ထိုကဲ့သို့ကားများ အများဆုံးတင်သွင်း စီးနင်း သူများ မှာလည်း လုပ်ပိုင်ခွင့်အထွေထွေရနေသည့် ခရိုနီများ၊ လွှတ်တော်အတွင်းမှ ချမ်းသာသော ကိုယ်စားလှယ်များသာ ဖြစ်သည်။
ဒေါ်လာ ၅ဝဝဝဝဝ ခန့် တန်ဖိုးရှိသော Rolls Royce Phantom ကဲ့သို့ ကားအား အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းသည့်အတွက် နိုင်ငံတော်အနေဖြင့် တစ်စီးသွင်းတိုင်း အခွန်ငွေကျပ်သိန်း ၈ဝဝဝ ဝန်းကျင် နစ်နာခဲ့ရသည်။
ဒေါ်လာ ၃ဝဝဝဝဝ ခန့်တန်သော Bentley တင်သွင်းမည်ဆိုပါက တစ်စီးသွင်းတိုင်း နိုင်ငံ့အခွန်ငွေ ကျပ်သိန်း ၅ဝဝဝ ဝန်းကျင် နစ်နာခဲ့ရသည်။
ဒေါ်လာသိန်းဂဏန်းမှ သန်းဂဏန်းအထိတန်သော Lamborghini ကဲ့သို့ ကားကို တင်သွင်းမည်ဆိုပါက တစ်စီးသွင်းတိုင်း နိုင်ငံအနေဖြင့် အခွန်ငွေအနည်းဆုံး ကျပ်သိန်း ၅ဝဝဝ နှင့် အထက် နိုင်ငံတော်မှ နစ်နာခဲ့သည်။
တကယ်တမ်း ငြိမ်းချမ်းရေးအဖွဲ့များ အဆင်ပြေစေရန်ဟုဆိုကာ ကားပါမစ်များပေးခဲ့သော်လည်း အမှန်တွင် ကြားပွဲစားနှင့် ခရိုနီများသာ ကောင်းစားခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့များလည်း တစ်စောင်မှ ကျပ် သိန်း ၅ဝဝ မှ ၁၅ဝဝ ခန့်သာရခဲ့ပြီး နိုင်ငံတော်အနေဖြင့်လည်း တစ်စီးသွင်းတိုင်း အခွန်ငွေ ကျပ်သိန်းပေါင်းများစွာ နစ်နာသွားခဲ့ရသည်။
ထို့အတွက်လည်း အများပြည်သူကြားတွင် “ငြိမ်းချမ်းရေးနဲ့ကားနဲ့ လဲတယ်။ ငြိမ်းချမ်းရေးနဲ့ မြေနဲ့လဲတယ်” ဟူသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့အပေါ် ဝေဖန်မှုပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။
ထပ်မံ၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၁၃ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၎င်းတို့အနေဖြင့် ပါမစ်ပေးခြင်းမဟုတ်၊ ငြိမ်းချမ်းရေးအဖွဲ့များစီးသည့် ကားများကို မှတ်ပုံတင်ပေးခြင်းသာ ဖြစ်သည်။ လက်လွှဲမရောင်းရန်လည်း သတ်မှတ်ထားသည်ဟု ရှင်းလင်းပြောကြားပြန်ရာ ပြည်သူကြားတွင် လက်တစ်လုံးခြား ပြောဆိုသည်ဟုဆိုကာ ဝေဖန်မှုပေါင်းများစွာ၊ သရော်မှုပေါင်းများစွာ ထပ်မံပေါ်ပေါက်ခဲ့ရပြန်သည်။
ပြည်သူများကြားတွင် “တောထဲတောင်ထဲမှာ ဒေါ်လာ ၅ဝဝဝဝဝ တန်တဲ့ Rolls Royce Phantom ဇိမ်ခံကားကြီး စီးနေသလား”။ “မြို့ပေါ်မှာတောင် လမ်းကောင်းကောင်းမှာ စီးရတဲ့ Lamborghini တံခါးနှစ်ပေါက်က တောထဲတောင်ထဲ စီးနေကြတာလား” ဟူ၍ သရော်သလိုလိုဖြင့် ဝေဖန်ခဲ့ကြသည်။
9E/1000 ကျော် ဝယ်ရောင်းလုပ်ထားသူများကလည်း လက်လွှဲမရောင်းရန် သတ်မှတ်ထားသည်ဟုဆိုသော စကားအပေါ် လူမှုကွန်ရက်များတွင် ကိုယ့်အ မည်ပေါက်ဖြင့် လိုင်စင်ထွက်ပြီးသားများကို ဖော်ပြပြီးဝေဖန် ခဲ့ကြပြန် သည်။
အနှစ်ချုပ်ပါက ငြိမ်းချမ်းရေးအဖွဲ့များလည်း ထိုက်တန်စွာမရ၊ နိုင်ငံတော်လည်း အခွန်များစွာ နစ်နာသွားသည့် ငြိမ်းချမ်းရေးကားပါမစ်ပေးမှုမှာ ကြီးမားသော စီမံခန့်ခွဲမှုအမှားအဖြစ် အများပြည်သူကြား ဂယက်ထခဲ့သည့် ဖြစ်ရပ်ဖြစ်သွားခဲ့ခြင်းသာ ဖြစ်သည်။
Eleven Media

No comments:

Post a Comment