ILO ကို အီးမေးပို့တဲ့ လေတပ်က စစ်သည်တဦးကို ထောင် ၁ဝ နှစ် ချခဲ့တယ်လို့ စနေနေ့ထုတ် အစိုးရသတင်းစာများမှာ ရေးထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အကျဉ်းသားတွေရဲ့ အချက်အလက်ကို အစိုးရက ထုတ်ပြန်ရာမှာ အဲဒီလို ထောင်ချထားကြောင်း ဖော်ပြထားခြင်းပါ။
အင်းစိန်ထောင်မှာ ရောက်နေတယ် ဆိုတဲ့ အဲဒီစစ်သည်ကို လေ - ၂၈၆၂ (ဗက) လို့ ဆိုထားတာကြောင့်
ဗိုလ်ကြီးအဆင့်ရှိသူလို့ ယူဆရပါတယ်။
"အမှုဖြစ်စဉ်အကျဉ်း"ကိုတော့ ခပ်တိုတိုပဲ ရေးထားတာပါ။
"မြိတ်လေတပ်စခန်းဌာနချုပ်တွင် လေသူရဲတာဝန်ထမ်းဆောင်နေစဉ် တပ်မတော်မှ ထွက်ခွင့် ရရှိအောင် မည်သို့ အကူအညီပေးနိုင်မည်ကို အီးမေးလ်ဖြင့် အိုင်အယ်လ်အိုအဖွဲ့သို့ မေးမြန်းမှု" လို့ ခပ်တိုတို ရေးပါတယ်။
သူ့ရဲ့ ကိုယ်ရေးအကျဉ်းကတော့ ကိုချစ်ကို၊ အသက် ၃၃၊ အဘအမည် ဦးဝင်းမြင့်၊ အမိန့်ချရက် ၂၄-၁၂-၂၀၁၂ လို့ ဆိုထားတာကြောင့် ထောင်ချလိုက်တာ သိပ်မကြာသေးပါဘူး။
ခါတိုင်းလည်း ILO အရာရှိလိပ်စာကတ်ကိုင်ဆောင်သူ ပဲခူးက ရှေ့နေတယောက်ကို သေဒဏ် စီရင်ချက် ချဖူးပါတယ်။ အဖွဲ့အစည်းတွေ မီဒီယာတွေ အော်ချက်အထုတ်ကောင်းလို့ သေဒဏ်ကနေ ထောင်ဒဏ်ပြောင်းပေးပါတယ်။
အဲဒါက စစ်အစိုးရခေတ်မှာပါ။
အခု... ၂ဝ၁၂ ဆိုတာ ဒီမိုကရေစီဖော်ဆောင်နေတဲ့ခေတ်ပါ။
ဒီလိုခေတ်မှာတောင်မှ တပ်ကထွက်ရေး ဘယ်လို အကူအညီပေးမလဲ ဆိုပြီး ကုလသမဂ္ဂ လက်အောက်ခံ အိုင်အယ်လ်အိုအဖွဲ့ကို
ဆက်သွယ်တာ ထောင်ဆယ်နှစ် ချခံနေရတယ်ဆိုတော့ အင်း... အပြောင်းအလဲက ရှေ့မတိုးသေးဘူးလို့ ဆိုရမယ်။
ဒါက ကိုချစ်ကိုအကြောင်း အစိုးရသတင်းစာ ဖော်ပြချက် အကျဉ်းအကြောင်း မိတ်ဆက်ပေးခြင်းပါ။
ဆန္ဒပြပြီးအဖမ်းခံရသူတွေ၊ လယ်သမားတွေကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက လွှတ်ပေးဖို့ တောင်းလေ့ရှိပါတယ်။
သို့သော်လည်း အစိုးရတုန့်ပြန်ချက်ထဲမှာ အဲဒီလူတွေအကြောင်းတော့ မပါပါဘူး။
များလွန်းလို့ မထည့်တာလည်း ဖြစ်နိုင်သလို အများကြီး ထောင်ထဲထည့်ထားတာ ထင်ရှားသွားမှာစိုးရိမ်လို့ ထိန်ချန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
အဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူတွေထဲမှာ မြန်မာပြည်မြောက်ပိုင်းဒေသ ABSDF စစ်ရေးခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ကိုသံချောင်းလည်း ပါဝင်နေပါတယ်။
ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်တို့ အမှုတွဲတွေကိုလည်း နိုင်ကျဉ်းအဖြစ် သတ်မှတ်ထားတာ တွေ့ရမှာပါ။
သူတို့အမှုတွဲ ၃ ယောက်က မြင်းခြံ၊ သာယာဝတီ၊ တောင်ငူထောင်တွေ ရောက်နေတာပါ။
သူတို့အမှုတွဲအကြောင်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
သို့သော်လည်း အစိုးရထုတ်ပြန်ချက်မှာတော့ ILO ကို အီးမေးပို့တဲ့စစ်သား ထောင် ၁ဝ နှစ်ကျတဲ့အကြောင်းက ပိုပြီး ဇာတ်နာနေပါတော့တယ်။
တပ်ကထွက်ဖို့ အကြံတောင်းတာဟာ အပြစ်လား၊
ILO ကို ဆက်သွယ်တာ အပြစ်လား၊
အီးမေးသုံးတာဟာ အပြစ်လား။
ဒီမေးခွန်းတွေ စစ်တပ်ကို မေးသင့်ပါတယ်။
ဟိုတလောက စစ်တပ်ပြောခွင့်ရအရာရှိ ၃ ဦး ဆိုပြီး ကာချုပ်က ကမန်းကတန်း မိတ်ဆက်ပေးပါတယ်။
သတင်းထောက်တဦးအဆိုအရတော့ မေးခွန်းတချို့ရှိတဲ့အတွက် အဲဒီ ၃ ယောက်ကို ဖုန်းဆက်တာ ဆက်သွယ်လို့မရသေးဘူး တဲ့။
မရလည်း ဒီအတိုင်းထားလိုက်တာ ကောင်းပါတယ်။ အီးမေးလိပ်စာတွေ ဘာတွေ ရှာမနေပါနဲ့တော့။
မေးခွန်းကို အီးမေးပို့ရင် ဘာဆက်ဖြစ်မယ်ဆိုတာ ခန့်မှန်းရ ခက်လှပါတယ်။
Irrawaddy
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 2, 2014
ILO ကို အီးမေးပို့တဲ့စစ်သား ထောင် ၁ဝ နှစ်ကျ
ILO ကို အီးမေးပို့တဲ့စစ်သား ထောင် ၁ဝ နှစ်ကျ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment