ဒီအကြောင်းက.. ဟိုးလွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက.. နေးတစ်ဖိုရမ်မှာ
မျှဝေခဲ့ဖူးတဲ့ အကြောင်းအရာပါ..။ အခုလတ်တလော.. ဖွဘုတ်တခွင် ခေတ်စားနေတာနဲ့
တိုက်ဆိုင်နေ လို့.. ပြန်တင်ပေးလိုက်တာပါ..။ ဒေါက်တာသန်းထွန်းကမှ အမှန်လို့
ဆိုလိုရင်းမဟုတ်ပါ (echo အခါတစ်ရာ)…။ သမိုင်းထဲက အကြောင်းအရာတစ်ခုကို
သူမှန်ကိုယ်မှန် ကိုးကား ပြောဆိုနေသူတွေကို ဒေါက်တာသန်းထွန်းကတော့ ဒီလို
မြင်ပါတယ်.. ဆိုတာလေးကိုသာ(စဉ်းစားချင့်ချိန်လိုက
စဉ်းစားချင့်ချိန်နိုင်ရန်အလို့ငှာ) မျှဝေလိုရင်းပါ..။
(ဒေါက်တာသန်းထွန်းရေး- ထွေထွေရာရာ မြန်မာသမိုင်း – စာမျက်နှာ ၄၂) ….ကမ္ဘာမှာ
ပထမဆုံးပေါ်လာတဲ့မင်းကို မနုလို့လည်းခေါ်တယ် မဟာသမ္မတ လို့လဲခေါ်တယ် ဆိုပြီး
အဲဒီ ပထမ မင်းက အဖသား အဆက်ဆက် မနုဘုရင် ၃၃၄၅၆၉ (သုံးသိန်း သုံးသောင်း
လေးထောင့်ငါးရာ့ ခြောက်ဆယ့်ကိုး) ပါးရှိခဲ့တယ်၊ အဲဒီအဆက်မှာ နောက်ဆုံးမင်းက
ဂေါတမ ဘုရားလောင်း သိဒ္ဓတ္ထ ဖြစ်တယ်လို့ ယုံကြည်ကြ လက်ခံကြပါတယ်။ ဒီသကျ
(သက်ကျ လို့ဖတ်မယ်ထင်ပါတယ်) သို့မဟုတ် သာကီမျိုး ဟာ မောင်လှယ် နှမလှယ်
အဖေတူ အမေကွဲ မောင်နှမချင်း လက်ထပ်လေ့ရှိပါတယ်။ သိဒ္ဓတ္ထမင်း မဖွားမှီ
အချိန်အတန်ကြာက ပဉ္စာလမင်းတပါးက သာကီဝင်မင်းသမီးတပါးကို မိဖုရား
မြောက်လိုကြောင်း တောင်းပါတယ်။ ငြင်းပယ်တဲ့အတွက် စစ်ဖြစ်ကြတယ်၊
သာကီဝင်တွေစစ်ရှုံးတော့ အပြီးတိုင် သတ်ဖြတ်ညင်းဆဲခြင်း မခံရအောင်
တချို့သာကီဝင်တွေ အရှေ့ဖက်ကိုပြေးလာပြီး တကောင်းမှာ သူတို့အထဲက
မင်းသားတစ်ပါးက ရှင်ဘုရင်ဖြစ်လာတယ်။ အဲဒီမင်းရဲ့ အဆက်အနွှယ် က မင်း
သုံးဆယ့်တစ်ပါးဖြစ်လာတယ်။ ဂေါတမဘုရားလက်ထက်မှာ နောက်တကြိမ်
စစ်ရှုံးပြန်တော့ တစ်စုကမြန်မာနိုင်ငံထဲဝင်လာပြီး ရောက်နှင့်ပြီး
သာကီဝင်အစုနဲ့ပေါင်းမိတယ်၊ အဲဒီလိုပေါင်းမိပြီး မင်းဆက် တစ်ဆယ့်ခုနှစ်ဆက်
ဖြစ်ပွားခဲ့တယ်။ (အတိုချုပ်ပြောရရင်) အဲဒီမင်းဆက်ထဲက မင်းသားတစ်ပါးက
ပြူစောထီးဖြစ်လာတယ်..။
အလောင်းမင်းတရားဟာ ပြူစောထီး က ဆင်းသက်လာတဲ့ ၄၇ ယောက်မြောက်မင်းဖြစ်တယ်။
ဒီရာဇ၀င်စကားအရ မြန်မာမင်းတွေဟာ သီပေါမင်းအထိ သာကီဝင်မင်းတွေဖြစ်ပါတယ်။
ဒီစကားတွေဟာ ၀ါဒဖြန့်စကားတွေဖြစ်ပြီး မင်းဟူသမျှ သာကီဝင်မင်းတွေဖြစ်တယ်၊
သူတို့ကို ဆန့်ကျင်ရင် နိုင်ငံတော်ပုံကန်မှုသာမက၊ ဗုဒ္ဓသာသနာကို
ပစ်ပယ်ရာရောက်မယ်လို့ ထင်မှတ်စိုးရိမ်စိတ် ၀င်လာစရာရှိပါတယ်။
အလွန်အောင်မြင်တဲ့ ၀ါဒဖြန့်စကားတွေဖြစ်လို့ ရာဇ၀င်ရေးသူတွေက
ခရစ်တစ်ဆယ့်ရှစ်ရာစု တတိယ နှစ်အစိတ်လောက်က စတင်ပြီး …. တို့ရှင်ဘုရင်တွေဟာ
သိဒ္ဓတ္ထ အမျိုးအနွယ်တွေဖြစ်တယ် …. လို့ ဆက်သွယ်ပြောဆိုလာကြပါတယ်။ မြန်မာ က
မွန်ဂိုလွိုက် အဆက်၊ အိန္ဒိယက အင်ဒိုအာယန်တွေနဲ့ ဘယ်နည်းနဲ့မှ စပ်ဟပ်
မရနိုင်လို့ ဒီအချက်ကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါ။ ဒါပေမယ့်
အဲဒီအကြောင်းအချက်ကို အဓိပ္ပါယ် မပေါက်တဲ့အတွက် နဲ့ ၊ စွဲလမ်းမိတာကို
မပြင်နိုင်တော့လို့ ၊ ရှင်ဘုရင်တွေသာမက သာမန် လူတွေကပါ တို့ဗမာသီချင်း
(၁၉၃၀) အစမှာပဲ …. တို့ဗမာသာကီမျိုးပါမို့ …. လို့ အမျိုးသားသီချင်းမှာ
ထည့်သွင်းအော်ဟစ်သီဆိုလာကြပြန်ပါတယ်…။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 19, 2014
ဒေါက်တာသန်းထွန်းရဲ့  သာကီဝင်-ဗမာ အမြင်
ဒေါက်တာသန်းထွန်းရဲ့  သာကီဝင်-ဗမာ အမြင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 19, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 19, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment