Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 10, 2014

အူအတက်ပေါက်တယ် ဆိုတာအူလေးကနေ အတက်ထွက်လာတာလား


တစ်ချို့တွေ မေးတတ်ကြတာကို ကြုံဖူးပါတယ်။ အူက အတက်ပေါက်လာတယ်လို့ ထင်ကြဟန်တူပါတယ်။ မေးခံရသူလည်း ရီရခက်၊ ငိုရခက်ပေါ့လေ။

ဘယ်လိုပဲဖြစ်စေ စာရေးသူတို့ ပတ်ဝန်းကျင်မှာ အူအတက်ပေါက်တယ်ဆိုတာကို ကလေးဘ၀တည်းက မကြာခဏ ကြားဖူးကြပြီးသားလို့ထင်ပါတယ်။ ကလေးဆိုရင် မာလကာစေ့ မစားနဲ့ အူအတက်ပေါက်မယ်ဆိုတာမျိုးပေါ့။ ဒါပေမဲ့ အူအတက်ပေါက်တယ်ဆိုတာဘာလဲ။ အူအတက်ပေါက်ရင် ဘာဖြစ်တတ်သလဲ၊ ဘယ်လိုတွေ ကုရသလဲဆိုတာတော့ သေချာမလေ့လာဖြစ်ကြပါဘူး။

ဒါကြောင့် နဲနဲလောက်ပိုပြီး လေ့လာကြည့်ရအောင်..

အူအတက် Appendix ဟာလူကြီးတွေမှာဆိုရင် ၅-၁၅ စင်တီမီတာလောက်ထိ ရှည်နိုင်ပါတယ်။ အခေါင်းပေါက်ရှိတဲ့ တစ်ဖက်ပိတ် tube လေးတစ်ချောင်းနဲ့တူပြီး အူသိမ်အဆုံး ileum နဲ့၊ အူမကြီး အစ Caecum ရဲ့နှစ်ခုဆုံရာ အောက်ဘက်နားမှာရှိပါတယ်။ ညာဘက် ၀မ်းဗိုက်အောက်တစ်ဝိုက်နားလည်း ဖြစ်ပါတယ်။
အူအတက်ပေါက်တယ်ဆိုတာဟာ အူအတက်ယောင်ရာကနေ ပုပ်ပြီး ပေါက်သွားတာပါ။ ဒါဆို အူအတက်ကရော ဘာလို့ယောင်တာလဲ။ ထပ်မေးလို့ရပါတယ်။

အူအတက်ယောင်တာဟာ အူအတက်ရဲ့ အခေါင်းပေါက် Lumen ပိတ်ရခြင်းကနေစတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို ပိတ်ရခြင်းဟာလည်း အကြောင်းတစ်ခုတည်းကြောင့်လို့ ပြောလို့မရပြန်ပါဘူး။

ဖြစ်နိုင်ချေတွေကတော့ အူအတက်မှာရှိတဲ့ ပြန်ရည်ကြော lymph gland လေးတွေဟာ အကြောင်းတစ်ခုခုကြောင့်..ဥပမာ ဗိုင်းရပ်စ် အဖျားရောဂါစသည်တို့ကြောင့် ပုံမှန်ထက်ကြီးလာပြီး အူအတက်ထဲတွင်ပိတ်သလို ဖြစ်တတ်ခြင်း၊ မစင်ပိတ်ခြင်း၊ သံကောင်၊ ကပ်ပါးကောင်များ ၀င်ပိတ်ခြင်း၊ ပြင်ပမှ foreign body တစ်ခုခုအူအတက်ထဲ အစားမှတစ်ဆင့် ၀င်ရောက်ပိတ်ဆို့ခြင်း၊ အူယောင်တတ်သော Crohn's disease (ခရုန်းရောဂါ) ဖြစ်နေခြင်း၊ ကင်ဆာရောဂါများ နှင့် ကင်ဆာနှင့်ပတ်သက်ပြီး ဖြစ်သော Carcinoid syndrome တို့ကြောင့်လည်း ဖြစ်နေတတ်ပါတယ်။

အူအတက်ဘာကြောင့် ယောင်ပါသလဲကို နားလည်ဖို့ ကြိုးစားရင် သာမာန်လူတွေ အနေနဲ့ဆို တော်တော်ခေါင်းရှပ်မှာပါ။ ဒါကြောင့် စာရေးသူအနေနဲ့ကတော့ ဘာကြောင့်ယောင်တယ်ဆိုတာထက် အူအတက်ယောင်ရင် ဘာဖြစ်မလဲ၊ ဘာလုပ်ရမလဲ ဆိုတာလေးတွေနဲ့ပဲ အဓိက ဆက်စပ်ပြီး အူအတက်ယောင်ခြင်း (Acute Appendicitis) ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဆက်ဆွေးနွေးချင်ပါတယ်။

အူအတက်ယောင်တယ်လို့ သံသယဖြစ်သင့်တဲ့ အချက်များထဲမှာ အဖြစ်အများဆုံးကတော့ ဗိုက်အောင့်တာပါပဲ။ အထူးသဖြင့် အူအတက်ရှိတဲ့ ဗိုက်ညာဘက်အောက်တစ်ဝိုက်အောင့်တတ်ပါတယ်။ ဒီနေရာပဲ အမြဲအောင့်တယ၊် သေချာတယ်တော့ မဟုတ်ပေမဲ့ အတော်အရေးကြီးတဲ့ လက္ခဏာထဲမှာ ပါပါတယ်။ ရစ်ရစ်ပြီး အောင့်တာမျိုးထက် အုံတုံတုံကြီး Dull pain နဲ့ အောင့်နေတာများပါတယ်။ ဗိုက်အောင့်ရုံတင်မကပဲ အစားစားချင်စိတ်မရှိတော့ခြင်း၊ ပျို့ခြင်း (Nausea)၊ အန်ခြင်း (Vomiting) ဟာလည်း အရေးကြီး လက္ခဏာများမှာ ပါပြီး ဗိုက်အောင့်တာဟာလည်း တစ်နေရာထဲမှာသာမက ပြောင်းပြီး အောင့်တတ်ပါသေးတယ်။ ဥပမာပြောရရင် ပထမ ချက်တစ်ဝိုက်မှာ တစ်ချိန်လုံး အောင့်နေရာကနေ ဗိုက်ညာဘက် အောင့်ထောင့်နားကို ပြောင်းအောင့်သွားသလိုဖြစ်ပါတယ်။ Pain Migration လို့လည်းခေါ်ပါတယ်။ အောင့်တဲ့နေရာနားဟာ စမ်းကြည့်လိုက်ရင် တောင့်တင်းနေတတ်သလ၊ို အဖျားလေးနဲနဲပါတွဲပြီး ပါလာတတ်ပါသေးတယ်။ စာဖတ်သူတို့ ဒီလိုသိထားလို့ ကိုယ့်ဘာသာတော့ ဗိုက်အောင့်တာနဲ့ အန်တာနဲ့ အူအတက်ယောင်ပြီလို့ တပ်အပ်မပြောနိုင်ပါဘူး။ ဆရာဝန်ကထပ်ပြီးတော့ သူကိုတိုင်လည်း ထပ်စမ်းကြည့်မယ်၊ လိုအပ်ရင် လိုအပ်သလို သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းတို့နဲ့မှ confirm ဖြစ်နိုင်မှာပါ။ ဒါပေမဲ့ စာဖတ်သူတို့လည်း သိထားမှ ဆင်ခြင်သုံးသပ်ပြီး ဆေးကုသမှု အမြန်ခံယူနိုင်မယ်လို့ စာရေးသူတော့ ယူဆပါတယ်။

ဒီလိုမျိုး စာရေးသူတို့ အူအတက်လေးယောင်နေပြီ ဆိုကြပါစို့ .. ဘာဆက်ဖြစ်နိုင်တာလဲ။ ဆ၇ာဝန်ဆီ သွားရင်ကောင်းမလား၊ မသွားရင်ကောင်းမလား။ ချက်ချင်း ကုသမှုခံယူသင့်သလား။

စာရေးသူတို့ အူအတက်အတွက် သွေးပံပိုးပေးမှုကို သွေးကြော တစ်ချောင်း Appendicular Artery ကသာ ပြုလုပ်ပါတယ်။ အူအတက် ယောင်တဲ့အချိန်မှာ ထိုအူအတက်သွေးကြောမှာ လည်ပတ်တဲ့ သွေးဟာခဲပြီး သွေးခဲ ပိတ်သွားတတ်ပါတယ်။ နောက်မကြာခင် အူအတက်လေးကို သွေးမရောက်တော့တဲ့ အူအတက်ဟာလည်း ပုပ်လို့လာပါတော့တယ်။ ပုပ်ပြီးရင်တော့ စာရေးသူတို့မျက်စိနဲ့ မြင်ရတဲ့ ပြည်တည်နာတွေဟာ ပုပ်ပြီး ပေါက်ထွက်သလိုပဲ သွေးမရလို့ ပုပ်တဲ့ဗိုက်ထဲက အူအတက်ဟာ ပေါက်ပြီး ဒုက္ခပေးပါတော့တယ်။ ဒီလို အူအတက်ပေါက်တာဟာ အူထဲမှာ ရှိနေတဲ့ ပိုးမွှား ဘက်တီးရီးယားတွေ ဗိုက်ထဲရောက်ကုန်တာမို့ နောက်ဆုံးမှာသွေးဆိပ်တက်ပြီး အသက်အန္တရာယ်ကြီးသွားနိုင်ပါတယ်။ ဒါတွေဟာ အချိန်မှီ ဆေးမကုရာကနေ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေပါ။ အသက်ငယ်လွန်းခြင်း (ကလေးများ) နဲ့ ကြီးလွန်းခြင်းဟာလည်း အူအတက်ပေါက်နိုင်ခြေပိုများစေတယ်လို့ စာများက ဆိုပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေမှာလည်း အူအတက်ယောင်တိုင်း မပေါက်တတ်ပါဘူး။ ရှိပြီးသား ပြည်တွေဟာ ပိတ်ပြီးယောင်နေတဲ့ အူအတက်လေးနားမှာပဲ ပြည်တည်နာ Abscess ဖြစ်သွားပါတယ်။ ဘက်တီးရီးယားတွေကို သူ့ပြည်တည်နာကပဲ ပြန်ငုံပြီး ပိတ်ပေးထားလို့ အူအတက်ပေါက်ပြီး ပိုးတွေအပြင်ထွက်ကုန်တဲ့ ဘေးတော့မရှိတော့ပေမဲ့ ထိုပြည်တည်နာ Abscess ဟာကြာတာနဲ့အမျှ အလုံး၊ အကျိတ်လိုဖြစ်ပြီး ဒုက္ခပေးပြန်ပါတယ်။ ပထမဖြစ်တတ်သလို အူမပေါက်လို့ ကံကောင်းသလိုလိုဖြစ်ပေမဲ့ တကယ်တော့ ပြသနာပဲမို့ အူအတက်ယောင်တာနဲ့ အရေးပေါ်အနေနဲ့ပဲ သဘောထားကုသရတာပါ။

စာရေးသူလည်း မျိုးစုံခြောက်တယ်လို့ စာဖတ်သူတို့ ထင်မလားတော့ မသိပါ။ စာရေးသူကတော့ ကုသရေးပိုင်းလေးကို ပြောရပါဦးမယ်။ ဖြစ်တာတွေပြောပြီး ဘာဆက်လုပ်မယ်မသိဆိုတာမျိုး ဖြစ်နေမှာစိုးလို့ပါ။

အူအတက်ယောင်တာအတွက် အဓိက ကုသနည်းကတော့ အူလည်း မပေါက်သေးဘူးဆိုရင် အူအတက်ကို ယောင်တာသိသိခြင်း ဖြတ်ထုတ်လိုက်တာပါပဲ။ ဒီ မကောင်းတော့တဲ့ အူအတက်ကို ဆက်ထားနေရင် ဆိုးကျိုးများသာဖြစ်မှာပါ။ မြွေပွေး ခါးပိုက်ပိုက်တာနဲ့ တင်စားရမယ်ထင်ပါတယ်။ ခုခေတ်မှာတော့ တိုးတက်နေပြီမို့ ခွဲစိတ်နည်းတွေလည်း ပိုပြီး ကောင်းမွန်လာတာကြောင့် အူအတက်ခွဲစိတ်မှုဟာ အထူးတလည် ကြောက်စရာမလိုတော့တာတော့ အမှန်ပါ။ ခြွင်းချက်အနေနဲ့ နောက်ဆုံး ရွာလည်ပြီးမှ ဆရာဝန်ဆီ ရောက်တာမဟုတ်ရင်ပေါ့လေ။ အူပေါက်ပြီးသား လူနာဆိုရင်တော့ ပိုပြီးတော့တောင် အနီးကပ်စောင့်ကြည့်ကုသရတော့မှာပါ။ ဒါကြောင့် အူအတက်ယောင်တာနဲ့ ပတ်သက်ရင် အူအတက်လေးက လက်ညိုးလောက်မို့ အထင်မသေးပါနဲ့လို့ပဲ စာရေးသူ ပြန်လည်မျှဝေရင်း စာလည်းရှည်ပြီမို့ အဆုံးသတ်လိုက်ပါတယ်။

အားလုံး ကျန်းမာနိုင်ကြပါစေ။

နေခြည် (ဆေး-၁)

No comments:

Post a Comment