Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 21, 2014

အရသာနောက်က အန္တရာယ်

မြန်မာ စကားပုံ တစ်ခုရှိသည်။ “ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ” ။ ထိုစကားပုံသည် ဆီကို ရေကဲ့သို့ အသုံးပြုနိုင်သည် အထိ ချမ်းသာ ကြွယ်ဝသည်ကို ဖော်ပြသည့် စကားပုံ ဖြစ်သည်။ မြန်မာတို့၏ အလေ့အထတွင် ဆီကို ရေကဲ့သို့ အသုံးပြုချက် ပြုတ်ဟူသည့် အဓိပ္ပာယ်ကို ပေါ်လွင် ထင်ဟပ်စေသော စကားပုံလည်း ဖြစ်သည်။ ယနေ့ အချိန်ထိလည်း ဆီကို ယင်းကဲ့သို့ ပေါပေါ များများ သုံးစွဲနေကြသော အိမ်ရှင်မများ ရှိသည်။

ဆီနည်းနည်း နှင့် ချက်သည့် ဟင်းကို စားကောင်းသော ဟင်းတစ်ခွက် အဖြစ် မယူဆကြ သူများလည်း ဖြစ်သည်။ သူတို့သည် ဟင်း တစ်မျိုးတည်းကိုသာ ဆီကို ပေါပေါ များများ သုံးခြင်း မဟုတ်။ ဆီနှင့် ပတ်သက်သည့် အခြားမုန့်ပဲ သရေစာ များတွင်လည်း ဆီကို လိုသည်ထက် ပို၍ သုံးစွဲတတ်ကြသည်။

ထမင်းဝိုင်း တစ်ခုတွင် ဆီပြန် ဟင်းတစ်ခွက်မှ မပါလျှင် လူရာမ၀င်သော ထမင်းဝိုင်း အဖြစ်ပင် မှတ်ယူ ထားတတ် ကြသေးသည်။ ထို့ကြောင့်လည်း ကျန်းမာရေး ၀န်ကြီးဌာနက “ဆီစား၍ အသားမဖြစ်၊ ဆီများ၍ ဘေးဖြစ်သည်” ဟူသည့် ဆောင်ပုဒ်ကို ထုတ်ပြန်ကာ မြန်မာလူမျိုးတို့ ဆီစားသုံးမှု မြင့်တက်နေခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်း ခဲ့ရသည်။ သို့သော် ယနေ့ အချိန်ထိ သိသာသည့် လျော့ကျမှုကား မရှိသေးချေ။

““အမေတို့ လက်ထက် ကတည်းက ဆီကို ဒီလို စားလာတော့ ကျွန်မတို့ရဲ့ ပါးစပ်ကလည်း အကျင့် ပါသွားပြီ။ ဆီနည်းရင် မစား တတ်တော့ဘူး”” ဟု တောင်ဒဂုံမြို့နယ် (၁၈) ရပ်ကွက် အတွင်း နေထိုင်သည့် မိသားစု ငါးဦး၏ အိမ်ထောင် ရှင်မ တစ်ဦး ဖြစ်သည့် ဒေါ်သန္တာမြင့်က ပြောသည်။ ၎င်းတို့အိမ်၏ တစ်လဆီ စားသုံးမှုသည် အနည်းဆုံး ဆီတစ်ပိဿာခွဲ ရှိနေသည်။ အဆိုပါ နှုန်းထားသည် ၎င်း၏ မိဘများထံမှ လက်ဆင့် ကမ်းလာခဲ့သော အမွေ တစ်ခုလည်း ဖြစ်သည်။

““ဆီစားရင် ဘေးထွက် ဆိုးကျိုးတွေ ဖြစ်တာ သိတယ်။ ဒါပေမဲ့ လူဆိုတာ ဘယ်လောက်ပဲ အစားသောက် ရှောင်ရှောင် တစ်နေ့ သေမှာပဲ။ အဲဒီတော့ လူဖြစ်တုန်း ကောင်းကောင်းစားပြီးပဲ အသေ ခံသွားမယ်။ ဆီကိုတော့ ဒီထက်လျှော့ မသုံးနိုင်တော့ဘူး”” ဟု သူမကဆိုသည်။ ကျန်းမာရေးကို ဂရုမစိုက်ဘဲ မိမိ နှစ်သက်သည့် အရာကို အသက်ပေး၍ စားသုံးသွားမည်ဟု စိတ်ပိုင်း ဖြတ်ထားသည့် သူမ၏ ကိုယ်ခန္ဓာက အသက် (၄၀) ကျော် အရွယ်မှာပင် ပေါင်ချိန် (၁၈၀) ကျော် ရှိနေပြီ ဖြစ်သည်။ သာမန်ထက် “၀” နေသည်ကို သတိထားမိ၍ မေးမြန်း ကြည့်ရာမှ သိရခြင်း ဖြစ်သည်။

ဆီဆိုသည်မှာ လူတို့အပါဝင် သက်ရှိ သတ္တ၀ါ အားလုံးအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်သည်။ သတ္တ၀ါ အားလုံး အတွက် လိုအပ်သည့် အင်အားနှင့် အရိုးအဆစ်များ လှုပ်ရှားနိုင်ရန်မှာ အဆီဓာတ်ခေါ် ဆီရှိမှဖြစ်သည်။ သို့သော် ထိုဆီကို ထုတ်ယူရာ၌ အသီးအရွက် များမှလည်း ထုတ်ယူ နိုင်သကဲ့သို့ တိရိစ္ဆာန်များမှလည်း ထုတ်ယူ စားသုံးနိုင်သည်။ ထိုသို့ စားသုံးရာတွင် တိရိစ္ဆာန်မှ ထုတ်ယူ ရရှိသော ဆီသည် စားသုံး၍ ရနိုင်သော်လည်း အသီး အရွက်တိုင်းမှ ထုတ်ယူ ရရှိသော ဆီတိုင်းကို စားသုံး၍ မရနိုင် ကြောင်း အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (FDA) မှ ထုတ်ပြန်ထားသည်။

စားသုံး၍ ရနိုင်သော ဆီများကို ထပ်မံ ခွဲခြားမည် ဆိုပါက ပြည့်ဝဆီနှင့် ပြည့်ဝဆီ မဟုတ်သော ဆီဟူ၍ ထပ်မံ ခွဲခြားနိုင်သည်။ ထိုဆီ နှစ်မျိုးတွင် ပြည့်ဝဆီ ဆိုသည်မှာ တိရိစ္ဆာန်များမှ ရသော အဆီ၊ ထောပတ်ဆီ၊ အုန်းဆီတို့ ပါဝင်ပြီး ယင်းဆီများကို သာမန်ထက် ပိုမိုသုံးစွဲပါက လူကို ဆိုးဝါးစွာ အန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း ကျန်းမာရေး သုသေသန ပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ယင်းဆီများကို လူတို့ အလွန်အကျွံ သုံးစွဲ ခြင်းမပြုရန် ပညာပေးမှုများ ပြုလုပ်ခဲ့ရသည်။

လူတို့နှင့် အသင့်တော်ဆုံး အဆီမှာ ပြည့်ဝ မဟုတ်သော အဆီဖြစ်ပြီး ပြောင်းဖူး၊ ပဲပိ၊ နေကြာ၊ နှမ်းနှင့် မြေပဲတို့မှ ရရှိသော ဆီများကိုသာ ရွေးချယ် စားသောက်ကြရန် ပညာရှင်များက ထောက်ပြ ခဲ့ကြသည်။

““ ဆီကို လိုအပ်ချက်ထက် ပိုမို စားသုံးရင် သွေးထဲကို ဆီဓာတ်တွေ စီးဝင်ပြီး သွေးနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ခံစား ရနိုင်တယ်။ အထူးသဖြင့် နှလုံး သွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါနဲ့ အသည်းအဆီဖုံး ရောဂါတွေကို ခံစား ရနိုင်တယ်”” ဟု NLD ပါတီ၏ ကျန်းမာရေး ကွန်ရက်ဝင် ဆရာဝန် တစ်ဦးဖြစ်သော ဒေါက်တာ ကျော်စွာဦးက ပြောသည်။

ယင်းကဲ့သို့ ဆီကို အလွန်အကျွံ စားသုံးခြင်းဖြင့် အဖြစ် များသော ရောဂါများမှာ နှလုံး သွေးကြောကျဉ်းခြင်း၊ အသည်း အဆီဖုံးခြင်း၊ အ၀လွန်ခြင်း ကဲ့သို့ ငွေကုန်ကြေးကျ များပြားပြီး ကုသရ ခက်ခဲသော ရောဂါများ အပြင် နှလုံး၊ လေဖြတ်၊ ဆီးချို၊ သွေးချို၊ သွေးတိုး၊ ကျောက်ကပ် ရောဂါများကိုပါ ဖြစ်ပေါ် စေနိုင်သည်။

ထိုရောဂါများသည် မဖြစ်ဖူးသူများ အတွက် ကြောက်စရာ ကောင်းသည်ဟု မထင် ရသော်လည်း ဖြစ်ဖူးသည့် သူများမှာမူ ဆီကို ရန်သူ တစ်ယောက်ကဲ့သို့ မုန်းတီး သွားတတ်ကြသည်။ ထိုသို့ ဖြစ်ရသည်မှာ ဆီ၏ ဘေးထွက် ဆိုးကျိုးကြောင့် ဖြစ်သည်။

““ငယ်ငယ်က ၀က်သား စားရင်တောင် အဆီတုံးမှ စားတာ။ ဟင်း ဆိုရင်လည်း ဆီပြန်မှ စားတယ်။ အသက် နည်းနည်း ကြီးလာတော့ သွေးတိုး ဖြစ်လာတယ်။ နောက်ဆုံး တစ်ခေါက် သွေးတိုးတဲ့ အချိန်မှာ ဘယ်လိုမှ မခံနိုင်တော့ဘဲ ဆေးရုံကို ပြရတဲ့ အခြေအနေ အထိ ဖြစ်သွားတယ်။ ဆရာဝန်က ဆေးရုံ အရောက် မမြန်ရင် လမ်းမှာ ဦးနှောက် သွေးကြော ပြတ်သွားနိုင်တယ်လို့ ပြောတော့မှ ဆီကို တော်တော် ကြောက်သွားတယ်”” ဟု ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်တွင် နေထိုင်သော အသက် (၅၀) အရွယ် ဦးကျော်လွင် က ပြောသည်။

၎င်းသည် ငယ်စဉ် ကတည်းက ဆီနှင့် ပတ်သက်သည့် အစားများကို နှစ်သက်စွာ စားသောက်ခဲ့သူ တစ်ဦးဖြစ်ပြီး ယခုအခါတွင် ၎င်းအလွန် ကြိုက်နှစ်သက်သည့် ၀က်သားကိုပင် မစားရဲတော့ကြောင်း သူကဆိုသည်။

လူတို့ စားသုံး နေကြသည် ဆီပေါင်းများစွာ ရှိကြသည်။ ၎င်းတို့အနက် အများဆုံး အသုံးပြုကြသည့် ဆီမှာ အသီးအရွက်များမှ ထုတ်လုပ် ရရှိသော ဆီများ ဖြစ်သည့် ဖွဲနုဆီ၊ ပဲပုပ်ဆီ၊ အုန်းဆီ၊ မုန်ညှင်းဆီ၊ သံလွင်ဆီ၊ ပြောင်းဆီ၊ နေကြာဆီ၊ ၀ါစေ့ဆီ၊ စားအုန်းဆီ နှင့် မြေပဲဆီတို့ ဖြစ်ကြပြီး တိရစ္ဆာန်များမှ ထုတ်လုပ် ရရှိသည့် ဆီများမှာ ထော ပတ်ဆီ၊ အမဲဆီ၊ ၀က်ဆီနှင့် ငါးဆီ တို့ကို ပိုမို သုံးစွဲလေ့ရှိကြသည်။

ယင်းကဲ့သို့ ဆီများစွာ ရှိကြသည့် အနက် မြန်မာနိုင်ငံရှိ အများဆုံး ပြည်သူများ ဖြစ်သော ဆင်းရဲ နွမ်းပါးသူများ စားသုံးကြသည် ဆီမှာ အမှတ် တံဆိပ်များ မရှိသော ဈေးနှုန်း ချိုသာသည့် စားအုန်းဆီများ ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စားသုံးသူ ရေးရာ ဦးစီးဌာနမှ သိရသည်။ အဆိုပါ ဦးစီးဌာန၏ စာရင်းများ အရ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းသို့ တစ်လလျှင် ပြည်ပမှ တင်သွင်းလာသော စားအုန်ဆီမှာ တန်ချိန်(၃၀၀၀၀) ၀န်းကျင် ရှိပြီး တရားမ၀င် နည်းလမ်းဖြင့် ၀င်ရောက်နေသော ဆီများလည်း ရှိနေသောကြောင့် လစဉ် မြန်မာနိုင်ငံသို့ စားအုန်းဆီ ၀င်ရောက်မှု နှုန်းသည် တန်ချိန်(၃၀၀၀၀) အထက် ရှိနေနိုင်ကြောင်း ခန့်မှန်း ထားသည်။

ပြည်တွင်း၌ ထုတ်လုပ် ရောင်းချနေသော စားသုံးဆီများ အပြင် ပြည်ပ နိုင်ငံများမှလည်း ယင်းကဲ့သို့ ပမာဏ အများအပြား လစဉ် ၀င်ရောက် နေခြင်းသည် မြန်မာလူမျိုးတို့၏ ကျန်းမာရေး အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။ ဆီသည် လူတစ်ဦးချင်း အတွက် လိုအပ်သော အရာတစ်ခု ဖြစ်သော်လည်း များပြားလှသော ယင်းပမာဏကို မြန်မာနိုင်ငံရှိ သန်း (၅၀) ကျော်သော ပြည်သူများ စားသုံး နေကြသည်မှာ ရေရှည်တွင် ကျန်းမာရေး အတွက်များစွာ ထိခိုက်နိုင်ဖွယ် ရှိကြောင်း ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နေစိုးမောင်က ပြောသည်။

ထို့အပြင် စားအုန်းဆီ များသည် နှမ်းဆီ၊ မြေပဲဆီတို့ နှင့် နှိုင်းယှဉ်လျှင် လူကို အကျိုးပြုသော ကိုလက်စထရော (H.D.L) ထက် လူကို ဆိုးကျိုးပြုသော ကိုလက်စထရော (L.D.C) ပါဝင်မှုမှာ ပိုမိုများပြားလျက် ရှိနေကြောင်း ၎င်းက ပြောကြားသည်။ လူကို ဆိုးကျိုး ပိုပေးနိုင်သော ဆီများ ဖြစ်သည့် စားအုန်းဆီများကို ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ပြည်တွင်းသို့ အလုံးအရင်း နှင့် တင်သွင်းခဲ့ရာမှ ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် စားအုန်းဆီ ဈေးကွက်မှာ ပိုမို ကျယ်ပြန့် လာခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် လယ်ယာ ထွက်ကုန် ပစ္စည်းများမှာ ယခင်က ထွက်ရှိခဲ့သော နှုန်းထားများထက် များစွာ နည်းပါးခဲ့ပြီး ဆီနှင့် ပတ်သက်သော ကုန်ကြမ်းများမှာလည်း ထွက်နှုန်း နည်းပါး ခဲ့ရသည်။ ထိုမှတစ်ဆင့် ပြည်ပမှ တင်သွင်းခဲ့သော စားအုန်းဆီများမှာ ပြည်တွင်း၌ ဈေးကွက်တစ်ခု အခိုင်မာ ရရှိလာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆီ ကုန်သည်များ အသင်းမှ သိရသည်။

ထိုကဲ့သို့ ပြည်တွင်းသို့ စားအုန်းဆီများ ၀င်ရောက်မှု မြင့်တက်လာပြီး ဈေးကွက် တစ်ခု ရရှိလာသည်နှင့် အမျှ စီးပွားရေးသမား အချို့တို့၏ လောဘရမ္မက် များမှာလည်း မြင့်တက် လာကြသည်။ နဂိုတည်းက ကျန်းမာရေး နှင့် မကိုက်ညီသည့် စားအုန်းဆီများ ရောင်းပန်း လှစေရန် အတွက် ဓာတုဗေဒ ပစ္စည်းများ ရောနှော၍ ဖြန့်ဖြူး လာကြသည်။

ဆီကို အေးခဲမှု မရှိရန် အတွက် ဆီ၏ အရည်ခဲမှတ်ကို နှိမ့်ချလိုက်ကြသည်။ ထိုသို့ နှိမ့်ချနိုင်ရန် အတွက် ဆီထဲသို့ ဆားကို ထည့်ကြသည်။ အရည် တစ်ခုထဲသို့ ဆားကို ထည့်မည် ဆိုပါက အရည် ခဲမှတ်ကို နှိမ့်ချ နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဆီအတွင်းသို့ ဆားမှာ ပျော်ဝင်နိုင်မှု မရှိသောကြောင့် အရည် ပျော်ဝင်နိုင်မည့် ဆပ်ပြာနှင့် ဆားကို အချိုးတူ ရောစပ်၍ အရည် ခဲမှတ်ကို လျှော့ချကြသည်။

အလားတူ အနံ့နှင့် အရောင် လှပစေရန် အတွက် ဓာတုဗေဒ ဆေးဝါးများကို သုံးစွဲကြသည်။ ထိုဆီမျိုး ကို စားသုံးမိသော သူသည် သာမန် လူသား တစ်ဦးထက် ပို၍ အသက်တို စေနိုင်မည် ဖြစ်သည်။ ထို့ကြောင့်လည်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ဓာတုဗေဒ ပစ္စည်းများ သုံးစွဲထားသော စားအုန်းဆီများကို မကြာခဏ ရှောင်တစ်ခင် ဖမ်းဆီးမှုများ ပြုလုပ်ရခြင်း ဖြစ်သည်။ သို့သော် ယင်းရှောင်တစ်ခင် စစ်ဆေးမှုမှာလည်း ထိရောက်မှု မရှိသေးဟု ယင်းဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

““ထိထိ ရောက်ရောက်တော့ မဆောင်ရွက်နိုင်ဘူး။ သတင်းရမှ ရတဲ့ဆိုင်က ဆီကို နမူနာဝယ်၊ ပြီးမှ ဓာတ်ခွဲ အဖြေထွက်မှ အရေး ယူရတာ။ တကယ်ဆိုရင် မသင်္ကာတဲ့ ဆိုင်တိုင်းက ဆီတွေကို နမူနာဝယ်ပြီး ဓာတ်ခွဲမယ် ဆိုရင်တော့ ရောင်းမယ့် လူတွေ ကြောက်သွားနိုင်တယ်။ အခုက ဆီဝယ်ဖို့နဲ့ ဓာတ်ခွဲဖို့ အတွက် ပိုက်ဆံက မလောက်တော့ တိုင်မယ့်သူကို စောင့်နေရတယ်””ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ထိုကဲ့သို့ ကျန်းမာရေး နှင့် မညီညွတ်သည့် ဆီပေါင်းများစွာကို မြန်မာနိုင်ငံသားများ စားသုံး နေကြရသည်မှာ လွန်စွာ ၀မ်းနည်းဖွယ်ရာ ဖြစ်နေသည်။ ဆီကို ပေါပေါများများ စားသုံးလေ့ ရှိသည်ကို သိထားကြသော စီးပွားရေး သမားများ ကလည်း ၎င်းတို့၏ အကျိုးစီးပွား တစ်ခုတည်း ကိုကြည့်ပြီး လုပ်ကိုင် နေမှုများ ရှိနေသည်။ ထိုပြဿနာသည် ရေရှည်တွင် အမျိုးသား ကျန်းမာရေးကိုပင် ခြိမ်းခြောက် လာနိုင်ဖွယ် ရှိနေကြောင်း ဒေါက်တာ နေစိုးမောင်က ဆိုသည်။

မြန်မာနိုင်ငံ၌ ဆီ စားသုံးမူ နူန်းထားကို သိရှိနိုင်ရန် အတွက် ရန်ကုန်မြို့ရှိ မိသာစု ငါးဦးရှိသည့် နေအိမ် အချို့မှ ဆီသုံးစွဲမှု နှုန်းထားကို အသေးစား စစ်တမ်း ကောက်ယူ ပြုလုပ်ခဲ့ရာ မိသားစု တစ်စုသည် တစ်လလျှင် ဆီကို တစ်ပိဿာ နှင့် (၅၀) ကျပ်သား ၀န်းကျင် အထိ စားသုံးနေသည်ကို တွေ့ရှိရပြီး အချို့ နေအိမ်များတွင် နှစ်ပိဿာ ၀န်းကျင်အထိ စားသုံးနေကြောင်း လေ့လာ တွေ့ရှိရသည်။

ထိုပမာဏသည် မိသားစု ငါးဦးနှုန်းက စားသောက် နေသော တစ်လတာ ဆီစားသောက်မှု နှုန်းထား ဖြစ်သည်။ ထိုနှုန်းထားသည် လူတွင် လိုအပ်သည့် အဆီ ဓာတ်ထက် လွန်စွာ များပြား နေကြောင်း ဒေါက်တာ ကျော်စွာဦးက ပြောသည်။ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာနကမူ လူတစ်ဦးအတွက် လိုအပ်သည့် ကယ်လိုရီဓာတ် (၁၀၀) ရာခိုင်နှုန်း အတွက် အဆီမှ ရရှိသော ကယ်လိုရီဓာတ်ကို (၃၀) ရာခိုင်နှုန်းသာ စားသုံး သင့်သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာတို့ ရယူနေသော ကယ်လိုရီဓာတ်မှာ အခြား အစားသောက်များမှ ရယူသည့် ကယ်လိုရီ ဓာတ်ထက် အဆီက ရယူသော ကယ်လိုရီဓာတ်မှ သတ်မှတ်ချက်ထက် ပိုမို များပြားနေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု တက္ကသိုလ်မှ အချက်လက်များ အရ သိရသည်။

““ ဆီစားသုံးမှုက ဟိုအရင်ကထက် စာရင်တော့ လျှော့ပေါ့ စားသုံး လာတာကို တွေ့ရတယ်။ ဒါပေမဲ့ လိုအပ်တဲ့ နှုန်းထား ထက်တော့ ပိုနေသေးတယ်”” ဟု ဒေါက်တာ နေစိုးမောင်က ၎င်းတို့ ပြုလုပ်ထားသော စစ်တမ်းများကို အခြေခံ၍ ပြောကြားသည်။

ဆီကို စားသုံးခြင်းသည် လူတို့အတွက် မရှိမဖြစ်ဟု ဆိုသော်လည်း လိုသည် ထက်ပို၍ စားသုံးလျှင် ကျန်းမာရေးကို ထိခိုက် စေနိုင်သည် ဆိုသည်ကို ယခုအခါ လူအများစုက လက်ခံထားပြီး ဖြစ်သည်။ သို့သော် လက်တွေ့လိုက်နာ ကျင့်သုံးမှု အပိုင်းတွင်မှု သိသာသည့် လျှော့ချမှုများ မပြုလုပ်နိုင်ကြခြင်းမှာ အချိန်ကာလ အတန်ကြာ စွဲလမ်းခဲ့သော အရသာအား ရုတ်တရက်ပြောင်းလဲရန် ခက်ခဲနေခြင်း နှင့် အစိုးရ၏ ကျန်းမာရေး ပညာပေးမှု အပိုင်းများက အားနည်းနေခြင်းကြောင့် ဖြစ်ကြောင်း ဆရာဝန် အချို့ က ဝေဖန်ကြသည်။

မည်သို့ပင် ဖြစ်စေ ဆီကို အလွန်အကျွံ စားသုံးခြင်းသည် ရောဂါပေါင်း မြောက်များစွာကို ဖိတ်ခေါ် နေသကဲ့သို့ ဖြစ်နေကို လူတိုင်းနီးပါး သိရှိထားကြပြီး ဖြစ်သည်။ သို့ပါလျက် စားသုံးမှုကို လျှော့ချနိုင်ခြင်း မရှိခြင်းမှာ ဆီကြောင့် ဖြစ်ပွားတတ်သော ရောဂါသည် အခြား ရောဂါများကဲ့သို့ ပြင်ပတွင် ပေါ်ပေါ် ထင်ထင် လက္ခဏာ ပြလေ့ မရှိဘဲ ခန္ဓာကိုယ် အတွင်း၌ မသိမသာ ဖြစ်ပေါ် နေခြင်းကြောင့် ဖြစ် သည်။ အကယ်၍ ဆီကြောင့် ဖြစ်တတ်သော ရောဂါသည် ကြိုတင် လက္ခဏာမပြဘဲ ရုတ်တရက် အတွင်းမှာပင် သေသွား နိုင်သည် အထိ ကြောက်စရာ ကောင်းလှသည်ကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလျှင် ထိုကဲ့သို့ စားသုံးနေဦးမည် မဟုတ်တော့ပေ။

messenger

No comments:

Post a Comment