Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 23, 2014

အမျိုးသမီးများ၏ ဗိုက်သား နိုင်ငံရေး

ဖက်ရှင်ရေးရာ မဂ္ဂဇင်း Vogue ၏ စက်တင်ဘာလထုတ် စာစောင်တွင် တင်ပါး ကြီးသူများ ခေတ်ကို ရောက်ရှိပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ခေတ် အဆက်ဆက်ကို ကြည့်လိုက်လျှင် လူများသည် တင်ပါး ကြီးကြီးနှင့် အမျိုးသမီးများကို နှစ်သက် ခဲ့ကြသောကြောင့် ဖက်ရှင် မဂ္ဂဇင်း၏ ဖော်ပြချက်ကို စောဒက တက်စရာ မရှိပါချေ။ ထို့ပြင် တင်ပါးများ သာမက ပေါင်တံများပါ ယနေ့ခေတ် မီဒီယာများ၏ အလေးပေး ဖော်ပြခံ နေရပါသည်။ ယင်းကြောင့် ယနေ့ ခေတ်ကို တင်ပါးနှင့် ပေါင်တံများ၏ ခေတ်ဟုပင် ခေါ်ရမလို ဖြစ်နေပါသည်။

တင်ပါးနှင့် ပေါင်တံ အလှများကို နေရာတကာတွင် ချီးကျူး ဖော်ပြ နေကြသည်။ ဂျက်နီဖာ လိုပက်ဇ် နှင့် အစ်ဂီအဇာလီယာ တို့၏ နောက်ဆုံးထုတ် ဗီဒီယိုများကို ကြည့်နိုင်သည်။ ယခင်က ရင်သားအလှ အကြောင်းတွေကို ပြောခဲ့သလို ယခု အချိန်တွင်လည်း တင်ပါး အလှတွေ အကြောင်း ပြောလာကြပါပြီ။ မီဒီယာတွေ ကလည်း ပိုကြီးတာကို ပိုမို လိုချင်ကြသလို ပေါ်လေ ကောင်းလေ လို့လည်း မြှောက်ပေး လာခဲ့သည်။

ယင်းကြောင့် ပြီးပြည့်စုံသော အမျိုးသမီး တစ်ဦးမှာ ရင်သားကြီးကြီး၊ တင်ပါး ကြီးကြီး ရှိရမည် ဖြစ်သောကြောင့် ဘာဖြစ်လို့ ဗိုက်သား ကြီးကြီး ရှိမနေ သင့်သလဲဟု မေးခွန်း ထုတ်ရတော့မည် ဖြစ်သည်။ ဗိုက်သားကိစ္စမှာ အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် ပတ်သက်လျှင် ကြီးထွားခွင့် ပိတ်ပင် ခံထားရသော နေရာတစ်ခု ဖြစ်သည်။ ဖက်ရှင် လောက ကလည်း အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများ နှင့် ပတ်သက်လျှင် ဆိုက်ကြီးတွေကို ထုတ်လုပ် ပေးနေသော်လည်း သနားစရာ ဗိုက်သား နှင့် ပတ်သက်၍မူ ချပ်လေ ကောင်းလေ၊ သေးလေ ကောင်းလေဟု သတ်မှတ် ထားခဲ့သည်။

အမေရိကန် ပြည်ထောင်စုရှိ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ ၂၀၀၅ ခုနှစ်တွင် ပြုလုပ် ခဲ့သော စစ်တမ်း တစ်ခုအရမူ အမေရိကန် သူများ ၏ (၈) ရာခိုင်နှုန်းကသာ သဲနာရီကဲ့သို့ ခန္ဓာကိုယ် အချိုးအစားမျိုးကို ပိုင်ဆိုင် ထားကြောင်း ဖော်ပြထားသည်။ Ipso အင်စတီကျုက ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်း တွင်လည်း ပြင်သစ် နိုင်ငံသူ (၄၁) ရာခိုင်နှုန်းက သူတို့ရဲ့ ဗိုက်သား အနေအထားကို မနှစ်သက်ကြောင်း ဖော်ပြခဲ့သည်။ (၅၇) ရာခိုင်နှုန်းက လည်း ဗိုက်ပူနေခြင်းသည် သူတို့ အတွက် စိတ်အညစ်ဆုံး ကိစ္စဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဗိုက်သားချပ်တာကျန်းမာတာတဲ့လား

ယနေ့ခေတ်တွင် ကျန်းမာရေး အကြောင်းပြချက်ဖြင့် ဗိုက်မပူအောင် ကြိုးပမ်း နေကြသည်။ ဗိုက်သား ချပ်ခြင်းမှာ အလှတရားသာ မဟုတ် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် စောင့်ရှောက်ကြောင်း ဖော်ပြမှု တစ်ခုလည်း ဖြစ်နေသည်။ သို့သော် ဗိုက်သား ဆိုသည် မှာ အဆီ အသားချည်းပဲ ဖွဲ့စည်းထားခြင်း မဟုတ်ပါ။ တရုတ်တိုင်းရင်း ဆေးပညာတွင် ၀မ်းဗိုက် နေရာ မှာ စိတ်စွမ်းအင် နှင့် ရုပ်စွမ်းအင် ဆုံသော နေရာဖြစ်သည်။

ဟိန္ဒူ အတွေးအခေါ်တွင် ၀မ်းဗိုက်မှာ စိတ်၏ တည်နေရာ ဖြစ်သည်။ မဟာယာနာ ဗုဒ္ဓဘာသာတွင် ရယ်မောသော ဗုဒ္ဓ၏ ဗိုက်ပူပူကြီးမှာ ကံကောင်းခြင်းနှင့် ပျော်ရွှင်မှုကို ကိုယ်စားပြုသည်။ ယင်းကြောင့် လူသားတို့၏ ၀မ်းဗိုက်မှာ အသက် စွမ်းအင် ဖြစ်သလို စိတ်ခံစားချက်တို့ တည်ရာလည်း ဖြစ်နေသည်။ ဒါကြောင့်လည်း ၀မ်းကောင်းလျှင် ခေါင်းမခဲဟု ဆိုကြခြင်း ဖြစ်သည်။ စိတ်ဖိစီးမှုနှင့် ၀မ်းဗိုက် နာကျင်မှုများကြား ဆက်စပ်မှု ရှိနေကြောင်း ပညာရှင်များက ဖော်ပြခဲ့ကြပြီး ဖြစ်သည်။

လူစိတ်အနေအထား အပေါ် သက်ရောက်မှု ရှိသည့် ဆဲရိုတိုနင် ဟော်မုန်းကို အူထဲတွင် ထုတ်လုပ်ခြင်း ဖြစ်သည်။ ယင်းကြောင့် ၀မ်းဗိုက်သည် လူသား၏ ဘ၀မျှခြေနှင့် ကျန်းမာရေး အတွက် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်သည်ကို သိဖို့လိုပါမည်။

အမျိုးသမီးများ၏ ခန္ဓာကိုယ်ကိုအလွန်အမင်း အသား ပေးလွန်းခြင်း

ဝမ်းဗိုက်ဟာ စိတ်နှင့် ခံစား ချက်များ ဗဟိုပြုရာ နေရာတစ်ခု ဖြစ်သည်ဆိုလျှင် ဘာ့ကြောင့် ဗိုက်ပျောက်အောင် လုပ်နေကြ ပါသလဲ။ ရင်သား နှင့် တင်ပါး အပေါ် ထားရှိသည့် မျှော်လင့်ချက်မျိုးကို ဗိုက်သား အပေါ်ထားရှိ နေရတာလဲ။ ဒါဖြင့်ရင် ကြီးမားတဲ့ ရင်သားဟာ သေးငယ်တဲ့ ရင်သားတွေထက် ပိုမို စွဲဆောင်မှု ရှိတယ်လို့ ဘယ်သူတွေက ပြောခဲ့တာလဲကို သိဖို့ လိုပါမည်။

အမျိုးသားများ၏ အကြည့်က အဓိပ္ပာယ် သတ်မှတ်ခြင်း ဖြစ်ကြောင်း အမျိုးသမီး အဓိက၀ါဒီ ရုပ်ရှင် သီဝရီ ပညာရှင် လော်ရော် မူလ်ဗေက ၁၉၇၅ ခုနှစ်တွင် ပြောဆိုခဲ့သည်။ ရုပ်ရှင်ကား အများစုကို အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အရ တိမ်းညွှတ် သူများက ရိုက်ကူးကြခြင်း ဖြစ်သောကြောင့် ၄င်းအမျိုးသား ဒါရိုက်တာများသည် ၄င်းတို့ အမြင်များကို ရုပ်ရှင်များတွင် ဖော်ပြနိုင်ရန် ကြိုးပမ်း ခဲ့ကြောင်း မူလ်ဗေက ပြောဆိုခဲ့သည်။

အမျိုးသား၏ အကြည့်ဖြင့် အမျိုးသမီးများအား လိင်ဆွဲဆောင်မှု ရှိသော သတ္တ၀ါများ ဖြစ်ကြောင်း ပုံဖော်ပြီး ကားများမှ ယာဂုအထိ ကြော်ငြာများတွင် တွင်တွင် ကျယ်ကျယ် အသုံးပြ ခဲ့သည်ဟု သူကပြောသည်။

ကိုယ့် ဗိုက်သားနှင့်ငြိမ်းချမ်းရေး ရယူခြင်း

ဝိတ်တက် လာပြီဆိုလျှင် အမျိုးသမီးများ၏ တင်နှင့် ပေါင်တို့တွင် အဆီများ စုလာတတ်ပြီး အမျိုးသားများတွင်တော့ ဗိုက်တွင် အဆီများ စုတတ်ပါသည်။ ဟော်မုန်း မတူညီသောကြောင့် အဆီစုသည့် နေရာ မတူညီခြင်း ဖြစ်သည်။ အမျိုးသမီး တစ်ဦး၏ ဘ၀ တစ်လျှောက်တွင် ဟော်မုန်း ပမာဏ ပြောင်းလဲ တတ်သလို ခန္ဓာကိုယ် အချိုးအဆစ်လည်း ပြောင်းလဲ တတ်ပါသည်။

အမေရိကန် ဓာတ်ပုံ ဆရာမ ဂျိတ်ဘီယယ်က မိခင်များ၏ ခန္ဓာကိုယ်များ ဆိုသည့် ဓာတ်ပုံ မှတ်တမ်း စာအုပ် တစ်အုပ်ကို ထုတ်ဝေ ခဲ့ဖူးသည်။ စာအုပ်ထဲတွင် အသက်အရွယ် မျိုးစုံ ပါဝင်သော ကိုယ်ဝန်ဆောင် မိခင် လောင်းများ၏ ပုံများကို ဖော်ပြ ထားသည်။ မီးဖွားပြီး ကာစာ မိခင်များ၏ ဗိုက်သားပုံ များလည်းပါသည်။ တချို့ဆိုလျှင် ခွဲမွေးထားသည့် အတွက် ဒဏ်ရာ ဒဏ်ချက် များကိုပင် မြင်တွေ့ရမည် ဖြစ်သည်။ ယင်းစာအုပ်က အမျိုးသမီးများ၏ ၀မ်းဗိုက်မှာ သမိုင်းတစ်ခု ဖြစ်ကြောင်း ဖော်ပြနေသည်။

အမျိုးသမီးများ၏ ဗိုက်သားမှာ အလှတရား ဆိုသည့် အဓိပ္ပာယ် တစ်ခုတည်းကို မဆောင်ပါ။ ကျန်း မာရေး သင်္ကေတလည်း ဖြစ်သည်။ ပျော်ရွှင်မှု၏ အရင်းအမြစ်လည်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဘ၀ တစ်ခု၏ သက်သေလည်း ဖြစ်သည်။ ဘ၀၏ ဖြစ်ရပ် အဆင့်ဆင့်ကို နေထိုင် ခဲ့ဖူးကြောင်း သက်သေလည်း ဖြစ်သည်။

ယခုလောက် ထူးခြားသော အစိတ်အပိုင်းကို ပိုင်ဆိုင် ထားပြီ ဖြစ်သောကြောင့် အမျိုးသမီးများ အနေနှင့် ကိုယ့်ဗိုက်သား အတွက် စိတ်ဆင်းရဲ နေမည့် အစား၊ အလှအပ ရေးရာ မဂ္ဂဇင်းများတွင် ဖော်ပြ ချက်များကို အလေးထားမည့် အစား ကိုယ့်ဗိုက်သားကို ကိုယ်လက်ခံပြီး ငြိမ်းချမ်းရေး ရယူရန် လိုအပ်သည်ဟု ပြောလိုပါသည်။
Credit: messenger

No comments:

Post a Comment