Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 31, 2014

ကားတစ်စီးကို ကျပ် ၄,၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ သမီးတော် (သမီးတော်ရာဇ၀င်(၁၄)) – လက်စောင်းထက်

တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ အသုံးပြုပြီး ဆက်လက် အသုံးပြုလို့မရတဲ့ မော်တော်ယာဉ် အဟောင်းအပျက်တွေကို မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပင်မမော်တော်ယာဉ်တပ်ထဲမှာ လေလံပစ်လေ့ ရှိပါတယ်။ ဒီလေလံပွဲကို တပ်မတော်က တွဲဖက်စစ်ထောက်ချုပ် ဦးဆောင်တဲ့ အဖွဲ့က မောင်းလေး တစ်လုံးနဲ့ ရောက်လာပြီး ကျင်းပပြုလုပ်ပါတယ်။

ဒီလေလံပွဲကို အဲဒီ့ခေတ်က နိုင်ငံပိုင် မီဒီယာတွေဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း၊ မြ၀တီ သတင်းစာ တွေကနေ ကြော်ငြာလေ့ရှိပါတယ်။ လေလံပွဲကို မည်သူမဆို ၀င်ရောက် လေလံဆွဲခွင့်ရှိပြီး ဈေးအများဆုံး ပေးတဲ့သူက ရလေ့ရှိပါတယ်။ လေလံဝင်ပြိုင်လိုသူတွေဟာ သတ်မှတ်ထားတဲ့ အာမခံကြေးကို ဘဏ်မှာသွင်းပြီး မှတ်ပုံတင်ရပါတယ်။ ပြီးရင် ဘဏ်ချလံနဲ့အတူ လေလံဝင်ဆွဲခွင့် ပုံစံ ဖြည့်ကြရပါတယ်။ ပြီးရင်တော့ သတ်မှတ်ရက်မှာ ကုန်းမြင့်လေးပေါ်က ပင်မယာဉ် သိုလှောင်ရေး တပ်ခန်းမမှာ လေလံပွဲ ကျင်းပပါတယ်။ တစ်ခါတလေတော့ မိတ္ထီလာမှာ တစ်ခါတလေ မန္တလေးမှာ တစ်ခါတလေ လားရှိုးမှာ စသဖြင့် ကားတွေ စုပုံထားတဲ့ နေရာတွေမှာလည်း လေလံပွဲတွေ လုပ်လေ့ရှိပါတယ်။ တစ်ခါတုန်းကတော့ တပ်မတော်မှာ ယာဉ်အိုယာဉ်ဟောင်းတွေ ဖြစ်တဲ့ လင့်ရိုဘာ ကားအစီး ၁၀၀ကျော်ကို လေလံပစ်ဖို့ သတင်းစာ အသီးသီးကနေ ကြော်ငြာခဲ့ပါတယ်။ ဒီကြော်ငြာကို ဖတ်ရတဲ့ တပ်မတော် (လေ)က အရာရှိ တစ်ယောက်နဲ့ တပ်မတော်(ကြည်း)က အရာရှိ သုံးယောက် ပေါင်းပြီး လင့်ရိုဘာ ကားတစ်စီးကို ၀င်ရောက်လေလံဆွဲဖို့ စီစဉ်ပါတော့တယ်။

အဲဒီခေတ်က ကားတင်သွင်းခွင့်တွေ ပိတ်ထားတဲ့အတွက် ကားပါမစ်က ဈေးအရမ်းကြီးပြီး လေလံဆွဲတဲ့ ကားတွေ ၀ပ်ရှော့မှာ စိတ်တိုင်းကျပြင်ပြီး ပြန်ရောင်းရင်တောင် ပိုက်ဆံ အဆမတန် မြတ်တဲ့ ခေတ် ဖြစ်ပါတယ်။ လေလံကားတောင် ကျပ်သိန်း ၁၀၀အထက် ပေးပြီး ဆွဲရတဲ့ ၂,၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလလည်း ဖြစ်ပါတယ်။ လူပျိုတွေဖြစ်တဲ့ ဒီအရာရှိ လေးယောက်ကတော့ လင့်ရိုဘာ ကားလေးကို လေလံဆွဲပြီး ၀ပ်ရှော့မှာ စိတ်တိုင်းကျ ပြင်မယ်လို့ စိတ်ကူးထားပါတယ်။ ပြီးတော့မှ ပြင်ထားတဲ့ လင့်ရိုဘာကားကို အရာရှိ ယူနီဖောင်း အပြည့်အစုံဝတ်ပြီး တပ်မမှူး၊ ဗျူဟာမှူးရဲ့ သမီးတွေရှေ့မှာ အပြတ်ဂိုက်ပေးကြမ်းဖို့ စိတ်ကူးတွေလည်း ယဉ်လျက်ရှိပါတယ်။

အားလုံးမျှော်လင့်ထားတဲ့ အတိုင်း တစ်နေ့မှာတော့ မင်္ဂလာဒုံ မြို့နယ်မှာရှိတဲ့ ပင်မ မော်တော်ယာဉ် တပ်မှာ တွဲဖက် စစ်ထောက်ချုပ်က တပ်မတော်မှာရှိတဲ့ လင့်ရိုဘာကားတွေ လေလံပစ်ပါတယ်။ လေလံပွဲတိုင်း မပါမဖြစ်တဲ့ တရုတ် သူဌေးတွေရော၊ ကုလား သူဌေးတွေပါ မကျန် လာရောက် ကြသလို လင့်ရိုဘာကားကို လေလံ ဆွဲချင်တဲ့ စစ်ဗိုလ်လေးယောက်လည်း ရောက်လာကြပါတယ်။

လေလံပစ်ခါနီးမှာတော့ မျက်နှာပျက်နေတဲ့ တွဲဖက် စစ်ထောက်ချုပ်က လေလံပစ်တဲ့ အထဲမှာ လင့်ရိုဘာ ကားတွေ မပါဘဲ တခြား ယာဉ်အိုယာဉ်ဟောင်းတွေကိုပဲ လေလံပစ်ဖို့ ကြေညာခဲ့ပါတယ်။ အားလုံးက လင့်ရိုဘာကားတွေ မပါလို့ စုံစမ်းမေးမြန်းတဲ့ အခါကျမှ လင့်ရိုဘာကား အားလုံးကို ခေါင်းဆောင်ကြီးရဲ့ သမီးတော် တစ်ယောက်က အားလုံး လေလံဆွဲသွားကြောင်း အသိပေးခဲ့ပါတယ်။

ဒီသတင်းကို ကြားရတဲ့ အရာရှိစစ်ဗိုလ် လေးယောက်လည်း ပက်လက်လန် သွားတာပေါ့။ နောက်မှ တိုးတိုးတိတ်တိတ် ကြားသိရတာက လင့်ရိုဘာ ကားတွေကို ဈေးပြိုင်ပေးမယ့်သူ မရှိဘဲ တစ်စင်းကို မြန်မာငွေကျပ် ၄,၀၀၀တည်းနဲ့ လေလံပစ်မယ့် Lot တစ်ခုလုံး တစ်ဦးတည်း ရယူသွားတယ်လို့ သိခဲ့ရတာပါပဲ။

တပ်မတော်က သမီးတော် တစ်ဦးတည်း လေလံဆွဲသွားတဲ့ လင့်ရိုဘာ ကားအစီးရေဟာ ၁၀၀ကျော် ရှိပါတယ်။ ဒီကားတွေဟာ မောင်းလို့ မရအောင် ပျက်စီး ဟောင်းနွမ်းနေပေမယ့် လေလံ ကားနံပါတ်ကတော့ အရမ်းတန်ဖိုး ရှိပါတယ်။ ဒါကိုသိတဲ့ သမီးတော်က ဖခင်ဖြစ်သူရဲ့ သြဇာအာဏာကို ကောင်းကောင်း အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီနောက် လင်ရိုဗာ မိုဒယ်မြင့် ကားတွေကို နိုင်ငံခြားက သင်္ဘောနဲ့ မှာယူတင် သွင်းလိုက်ပြီး လင့်ရိုဘာ ကားအစုတ်တွေက လေလံ နံပါတ်နဲ့တွဲပြီး တစ်စီးကို သိန်း၂,၀၀၀ကျော်နဲ့ ရောင်းလိုက်တာ ကားရှားနေတဲ့ မြန်မာနိုင်ငံ အတွက်တော့ ၀ယ်သူတွေ အလုအယက် မြင်မကောင်းအောင် ဖြစ်ခဲ့ပါတယ်။

သမီးတော် အတွက်လည်း လက်ကျန်မရှိ ရောင်းချလိုက်ရသလို မျက်နှာလည်း အလွန်ပွင့်ခဲ့ပါတယ်။ လင့်ရိုဘာ ကားတစ်စီးကို မြန်မာငွေကျပ် ၄,၀၀၀နဲ့ ရင်းလိုက်ရပြီး ကျပ်သိန်း ၂,၀၀၀နဲ့ ပြန်ရောင်းတဲ့ အတွက် ကားတစ်စီးကို အမြတ်ငွေ ၁၉၉၉သိန်း ၉ သောင်း ၆ ထောင် မြတ်ပါတယ်။ ကားအစီး ၁၀၀ ဆိုတော့ အမြတ်ငွေ သိန်းဘယ်လောက်ရမလဲဆိုတာ တွက်သာ ကြည့်ကြပါတော့။ အဲဒီ့ခေတ်က နိုင်သူ အကုန်ယူစတမ်း(Winner Take All)ဆိုတဲ့ ဒဿနအတိုင်း အာဏာရှိသူက အကုန် စားသွားတာပါပဲ။

ဒီကားတွေကို ရောင်းရတဲ့အတွက် တိုင်းပြည်ကလည်း အခွန် ဘဏ္ဍာတွေ ရလား၊ မရလား ဘယ်သူမှ မေးခွန်း မထုတ်ရဲခဲ့ပါဘူး။ အစောက တင်ပြခဲ့သလို လင့်ရိုဘာ ကားစီးပြီး ဂိုက်ပေးကြမ်းမယ်လို့ စိတ်ကူးယဉ်ခဲ့တဲ့ စစ်ဗိုလ်လေးတွေလည်း စိတ်ကူးယဉ်အိပ်မက် ပျက်ခဲ့ပါတယ်။ အခုတော့ ကြည်းတပ်က စစ်ဗိုလ်လေးတွေလည်း အရာရှိကြီးတွေဖြစ်ပြီး နောက်ဆုံးပေါ် မော်ဒယ်ကားတွေ စီးနိုင်နေပါပြီ။

ဒါပေမဲ့ သူတို့အချင်းချင်း ပြန်ဆုံတိုင်း လူပျိုစစ်ဗိုလ် ဘ၀က သမီးတော်ကြောင့် လေလံဆွဲခွင့် မရခဲ့တဲ့ လင့်ရိုဘာ ကားလေးတွေကို လွမ်းမိကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတိုင်း စားမြုံ ပြန်နေလေရဲ့။

လက်စောင်းထက်

Tomorrow Journal

No comments:

Post a Comment