Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 16, 2014

သက်ရှိပင်လုံမှတ်တမ်း (သို့မဟုတ်) အသက် ၁၀၀ ပြည့် ကားဒရိုင်ဘာ



ကိုယ်ပိုင်ဂျစ်ကားငယ်လေး တစ်စီးကို တောင်ကြီးမြို့ကနေ ပင်လုံဆိုတဲ့မြို့လေးဆီကို ရောက်အောင် အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ကျွမ်းကျင်စွာမောင်းနှင်နေပါတယ်။ တောင်တက် တောင်ဆင်း ချောက်ကမ်းပါး၊ တောတွေတောင်တွေကို အချိန်
လေးနာရီကျော် ဖြတ်သန်းမောင်းနှင် ပြီးတဲ့နောက်မှာတော့ ဂျစ်ကားငယ်လေးရဲ့ ဦးတည်ရာ ပင်လုံမြို့လေးကို ရောက်ရှိလို့လာခဲ့ပါပြီ။ ရှမ်းအိုးစည် တီးသံတွေဟာ ရှမ်းနဲ့ တိုင်းရင်းသားပေါင်းစုံတို့ ခရီးဦးကြို ပြုနေကြတဲ့မြင်ကွင်းကို ပိုလို့ အသက်ဝင်စေ၊ လှပစေခဲ့ပါပြီ။


ဂျစ်ကားမောင်းသူနဲ့အတူ အသားညို ညို မျက်နှာလေးထောင့်ကျကျ အသက် (၃၀) အရွယ်လူငယ်က အပြုံး နဲ့အတူ လက် ဝှေ့ပြရင်း ကားပေါ်က ဆင်းလိုက်ပါတယ်။

ဒါဟာ ၁၉၄၇ ခုနှစ်ဆိုတဲ့ အချိန်ကာလ မြန်မာ့လွတ်လပ်ရေးအတွက် တောင်တန်း ပြည်မ ပူးပေါင်းရေး ပင်လုံစာချုပ် ဖြစ်ပေါ်လာဖို့ ကြိုးပမ်းနေတဲ့ သူနဲ့ သက်တူရွယ်တူရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်ပိုင်ဂျစ် ကားနဲ့ လိုက်လံပို့ဆောင်ပေးခဲ့သူ တောင်ကြီးသား ဦးခန်းက ပြောပြခဲ့တာပါ။

၁၉၁၅ ခုနှစ်၊ မတ်လအတွင်းက တောင်ကြီးမြို့မှာ ဦးခန်းကို မွေးဖွားခဲ့ပြီး အခုအချိန်မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ဦးခန်းက သူ့အိမ်ရဲ့ ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားတဲ့ အဖြူအမည်း ဓာတ်ပုံတွေကို ပြန်ငေးကြည့်ရင်း အသက်ပြင်းပြင်းရှူကာ လွန်ခဲ့တဲ့ နှစ် ၇၀ က အတိတ်တွေကို တက်တက်ကြွကြွ ပြောပြနေတာပါ။

“ခင်ဗျားတို့ ကျုပ်တို့ဆီကို ၁၀ နှစ်လောက် ပေါင်းကြည့်ပါ။ မကျေနပ်ရင် ပြန်ခွဲထွက်ပါ” လို့ ပင်လုံမှာ ဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့ စကားကို ဦးခန်းက မှတ်မှတ်ရရ ပြန်ပြောပြတယ်။ အဲဒီအချိန်ဟာ တောင်တန်း ပြည်ပ မကျန် တစ်ပေါင်းတည်း လွတ်လပ်ရေးယူနိုင်ဖို့ ဗိုလ်ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးပမ်းနိုင်ခဲ့ကြ ပြီး သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကာလည်း ဖြစ်ပါတယ်။

“ဟဲ့ ဗိုလ်ချုပ် ပေါင်းတောင်မပေါင်းရသေးဘူး၊ ခွဲတဲ့ စကားမပြောနဲ့၊ ရှမ်းပြည်က ဘယ်တော့မှ ခွဲမထွက်ဘူးလို့” ညောင်ရွှေ စော်ဘွားကြီးက ဗိုလ်ချုပ်ကို ပြန်ပြောခဲ့တဲ့ အကြောင်းကိုလည်း ဦးခန်းက အမှတ်ရနေ ပါသေးတယ်။

“ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်နဲ့ ရှမ်းစော်ဘွားတို့ ပြောဆိုခဲ့တာ၊ သဘောတူခဲ့တာတွေ၊ ညှိနှိုင်းရတဲ့ အချက်တွေကို နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတဲ့ သက်ရှိသမိုင်းစာအုပ်ကြီး တစ်ခုပေါ့” လို့ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (တောင်ကြီး) မှ ဦးနေမျိုးက ဦးခန်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

တောင်ကြီးမြို့ရဲ့ လူကုံထံနဲ့ ချမ်းသာကြွယ်ဝသူ အများစုသာ နေထိုင်နိုင်တယ်လို့ အများက ယူဆထားတဲ့ ရေအေးကွင်း ရပ်ကွက်နေအိမ်မှာ ဦးခန်းက နေထိုင်နေပါတယ်။

သူ့ကို မေးမြန်းဖို့သွားချိန်မှာ ဦးခန်းဟာ ဒီအသက်အရွယ်မှာတောင် တုတ်ကောက်မလို၊ ခါးမကုန်းဘဲတွေ့ ခဲ့ရလို့ အံ့သြခဲ့ရပါတယ်။ အရပ်ရှည်ရှည်ဆံပင်ဖြူဖြူ နဖူးပြောင်ပြောင်နဲ့ အသက် ၁၀၀ အဖိုးအိုတစ်ဦးရဲ့ သတိကြီးမှုနဲ့ မှတ်ဉာဏ်ဟာလည်း အံ့မခန်းပါ။

“အဲဒီအချိန် အန်ကယ်က ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ဝင်” လို့ ဦးခန်းက သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်မှာလည်း ကိုယ်ပိုင်ကန်ထရိုက်လုပ်ငန်း စီးပွားရေးလုပ်ငန်းများကိုသာ ဇောက်ချလုပ် ကိုင်ခဲ့ပြီး အစိုးရအိမ်တော် (လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် နေအိမ်)၊ ကုန်စည်ရုံး၊ ရဲဌာန၊ ခရိုင် အတွင်းဝန်ရုံး (လက်ရှိ ပြည်နယ်အစိုးရ အဖွဲ့ရုံး) နဲ့ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများစွာ ဆောက်လုပ်ပေးနိုင်ခဲ့သူလို့ ဦးခန်းက ပြုံးပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ လက်မထောင်ကာ ပြောပါတယ်။

ဦးခန်းဟာ ၁၉၅၀ ခုနှစ်မှာ တောင်ကြီးမြို့ရဲ့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၅၅ ခုနှစ်မှာလည်း နောက်ထပ် ငါးနှစ်သက်တမ်း ဆက်ထမ်းဆောင်ခွင့်ရခဲ့ ပြီး စုစုပေါင်း ၁၀ နှစ် တာဝန်ယူခဲ့ဖူးသူပါ။ မြို့တော်ဝန်သက်တမ်း နှစ်ခုမှာ ကိုယ့်မြို့ သာယာလှပရေးအတွက် ကြိုးစားလုပ်ကိုင်ပေးခဲ့သလို၊ ငြိမ်းချမ်းရေး ကိစ္စတွေကိုလည်း လိုက်ပါ ဆောင်ရွက်ပေးခဲ့တယ်လို့ ဦးခန်းက ဆိုပါတယ်။

“ပအိုဝ်းတွေ ငြိမ်းချမ်းရေးရတာ အန်ကယ်လုပ်ပေးခဲ့တာ၊ ပအိုဝ်းအဖွဲ့က ဗိုလ်ချန်ဇုန်ကအန်ကယ်နဲ့ ကျောင်းနေဘက် မိတ်ဆွေ” လို့ သူက ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ၀န်ကြီးချုပ်ဦးနုတို့ အတူတူ ညစာ သုံးဆောင်နေတဲ့ပုံကို လက်ညိုးထိုးရင်း ပြောပါတယ်။

ဦးခန်း တောင်ကြီးမြို့တော်ဝန်ဖြစ်ခဲ့တဲ့ ကာလအတောတွင်း
တရုတ်ပြည်သူ့ သမ္မတကြီး လူရှောက်ရှီ လာရောက်လည်ပတ်
ခဲ့သလို ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီး ဦးဘဦး၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု တို့လည်း ရောက်လာဖူးပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အစိုးရအာဏာသိမ်းလိုက်ချိန်မှာတော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလို့ဆိုကာ ရှမ်းစော်ဘွားတွေနဲ့ ရှမ်းပြည်က နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီး အင်းစိန်ထောင်ထဲ နှစ်ရှည် ထည့်ထား လိုက်ပါတယ်။ အဲဒီအထဲ ဦးခန်း လည်းပါသွားခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရကာ အင်းစိန်ထောင်မှာ ခုနစ်နှစ်၊ ရန်ကုန်မှာ
နေအိမ်အကျယ်ချုပ် သဘောမျိုး ၆ နှစ်နေခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

အချုပ်အနှောင်က လွတ်ပြီးနောက်မှာတော့ ကိုယ့်မွေးရပ်
ဇာတိမြေကိုပဲ ပြန်လာခဲ့ပြီး စီးပွားရေး ပြန်လုပ်ပါတော့တယ်။

ရှမ်းပြည်တောင်ပိုင်း နိုင်ငံရေးအကျဉ်းသား ကွန်ရက်ရဲ့ စာရင်းထဲမှာလည်း ဦးခန်းဟာ အသက်အကြီးဆုံး နိုင်ငံရေး ၀ါအရင့်ဆုံး ပုဂ်္ဂိုလ်အဖြစ် မှတ်တမ်းဝင်ပါတယ်။ လွန်ခဲ့တဲ့ တစ်လခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးလာရောက် တွေ့ဆုံခဲ့တယ်လို့ ဦးတင်ဦး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဘ၀တုန်းက အတူတွဲရိုက်ထားဖူးတဲ့ ဓာတ်ပုံကိုပြရင်း ဦးခန်းက ပြောတယ်။

အခုအချိန်မှာတော့ နိုင်ငံရေး၊ စီးပွားရေးတို့နဲ့ ဝေးဝေးနေပြီး ကျန်းမာရေးကိုပဲ ဂရုစိုက်တော့တယ်လို့ ပြောပြတယ်။ သူ့ရဲ့ အချိန်တွေကို စာဖတ်ခြင်း၊ ရေဒီယိုနားထောင်ခြင်းတို့နဲ့ ကုန်လွန်တယ်လို့ ဆိုတယ်။ ဒီနေ့ အထိ ကားကိုယ်တိုင် မောင်းနေဆဲဖြစ်တယ်။ လိုင်စင်သက်တမ်း ထပ်တိုးခွင့်ကို သက်ဆိုင်ရာဌာနက ခွင့်မပြုတော့ပေမယ့် မျက်စိလည်းကောင်း၊ သတိလည်း ကောင်းနေသေးတယ်လို့ သူက ပြောတယ်။

သားသုံးယောက်၊ သမီးတစ်ယောက်ရဲ့ ဖခင် ဦးခန်း၊ တောင်ကြီးမြို့တော်ဝန်ဟောင်း ဦးခန်း၊ ပင်လုံစာချုပ် ဖြစ်မြောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ခဲ့သူ ဦးခန်း၊ နိုင်ငံရေးသမားဟောင်း ဦးခန်း၊ အောင်မြင် တဲ့ စီးပွားရေးသမား ဦးခန်းတစ်ယောက် တောင်ကြီးမြို့ပေါ်မှာ အသက် ၁၀၀ ပြည့်တော့မယ့် အချိန်အထိ ဦးတည်ရာလမ်းအတိုင်း လွန်ခဲ့သောနှစ် ၇၀ ကလို မော်တော်ကား မောင်းနှင်နေဆဲပါပဲ။
mizzima

No comments:

Post a Comment