Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 19, 2014

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု နောက်ကွယ်မှ မြုပ်ကွက်များ

 ၂၀၀၈ခုနှစ် မတ်လ ၃ရက်နေ့တွင် ဖြစ်သည်။ တက္ကသိုလ်ရိပ်သာလမ်း တစ်လျှောက်နှင့် စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာတွင် အစောင့်အရှောက်များ ထူထပ်စွာ ချထားသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ရန်ကုန်သို့ လာရောက်ပြီး စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တည်းခိုမည့်အတွက် ဖြစ်သည်။ သို့သော် အဆိုပါ နိုင်ငံတော် ဧည့်ဂေဟာနှင့် ကပ်လျက် မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သားမက် ဦးချာလီ၊ ဇနီးနှင့် သမီးနှစ်ဦး၊ အိမ်ဖော်တစ်ဦး အပါအ၀င် မိသားစု ငါးဦးလုံး ထိုအချိန်တွင် အိမ်အတွင်း သေနတ်ဖြင့် နားထင်များကို ပစ်သတ်ခံနေရသည်ကိုတော့ မည်သူမှ မသိလိုက်ပါ။ ညနေစောင်းတွင်မှ သားမက်ဖြစ်သူ ဦးသုဇော်အိမ်သို့ ပြန်ရောက်လာချိန်တွင် တစ်အိမ်လုံး မိသားစုဝင် အားလုံး ရက်စက်စွာ အသတ်ခံထားရသည်ကို သိပြီး ရဲသို့သတင်းပို့ တိုင်ကြားခဲ့ရသည်။ တစ်ချိန်တည်းတွင် လူသတ်သမားသည် ဘန်ကောက်မြို့သို့ ပျံသန်းနေသော လေယာဉ်ပေါ်တွင် အနားယူ မှေးစက်ရင်း လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ထိုလူသတ်မှုဖြင့် ပတ်သက်ပြီး ပထမဆုံး ထွက်ပေါ်လာသော ကောလဟာလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး စိန်စီသောည မင်္ဂလာဆောင်အတွက် ဦးချာလီတို့ မိသားစုထံမှ ငှားရမ်းထားသော စိန်များကို ရောင်းချရန် ကမ်းလှမ်းရာ မရောင်းချသဖြင့် သတ်ဖြတ်သည်ဟူသည့် သတင်း ဖြစ်သည်။ ထိုသတင်းနှင့် တစ်ဆက်တည်း ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၏ သားဦးဆောင် သတ်ဖြတ်သည်ဟု ထွက်ပေါ်ခဲ့သည်။
ထိုမိသားစု၏ နာရေးတွင် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရွေမန်းက ရုပ်အလောင်းများ အနီးတွင် အမကြီး လူသတ်သမား ဘယ်သူဆိုတာ ကျွန်တော်တို့ကို ပြောပြပေးပါဟု ရေရွတ်သည့် သတင်းမှာလည်း ဂျာနယ်များတွင် ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့က ပထမဆုံး သံသယ ရှိသည်မှာ သားမက်ဖြစ်သူ ဦးသုဇော်ဖြစ်ပြီး ချက်ခြင်းဖမ်းဆီးကာ စစ်ကြောရေး လုပ်ခဲ့သည်။ ရိုးရိုး စစ်ဆေးရုံမျှမက ရန်ကုန်ဆေးရုံကြီး အထူးကြတ်မတ် ကုသဆောင် အတွင်းသို့ခေါ်ကာ ဦးသုဇော်နှင့် သူ၏ မန်နေဂျာကို မေ့ဆေး တစ်ဝက်တစ်ပျက် ထိုးပြီး အိပ်မပျော် တစ်ပျော် အခြေအနေတွင်ပါ စစ်ကြောခဲ့သည်။ သို့သော်လည်း ဦးသုဇော်သတ်ကြောင်း မည်သည့် အထောက်အထားမှ မတွေ့ရသဖြင့် ပြန်လွှတ်ပေးခဲ့ရသည်။ တစ်ချိန်တည်းတွင် ဦးသုဇော်၏ အဖိုး ဖြစ်သူ ယခင် မဆလပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဗိုလ်မှူးကြီး ၀င်းမောင်၏ အိမ်ကိုလည်း မြေလှန်ရှာခဲ့သည်။ သို့သော်အမှုနှင့် ပတ်သက်သည့် မည်သည့် အထောက်အထားမှ မတွေ့ခဲ့ရပေ။ ဦးသုဇော်သည် ထိုသို့ အကြိမ်ကြိမ် စစ်မေးခံရသဖြင့် သူ၏ စားသောက်ဆိုင်ဖြစ်သော ဖူဂျီကဖေးကို အေဒင် ဦးချစ်ခိုင်ထံ ရောင်းချကာ နိုင်ငံခြားအထိ ပြောင်းရွှေ့သွားခဲ့ရသည်။ ထို့ပြင် ဦးချာလီ၏ တစ်ဦးတည်းသော သားမက်ဖြစ်သော်လည်း ကျန်ရှိသည့် ပစ္စည်းများကို အစိုးရ အစီအမံဖြင့် အမွေ ခွဲဝေပေးရာတွင် ဦးသုဇော်ကို တစ်ပြား တစ်ချပ်မှ မပေးခဲ့ပေ။ ဦးသုဇော်သည် ယခုမှ ပြင်ဦးလွင်တွင် ပြန်လည် အခြေချပြီး စားသောက်ဆိုင် ပြန်ဖွင့်ထားသည်ဟု သိရသည်။
ထိုအမှုနှင့် အလားတူ ပြစ်မှုတစ်ခု ၁၉၇၅ခုနှစ်က မိုးကုတ် အောင်ချမ်းသာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ဖူးသည်ကိုမူ လူအများ မေ့နေကြသည်။ ထိုစဉ်က မိသားစုဝင် ၇ဦးသည် ပါးစပ်ကို တိတ်ဖြင့် ပိတ်ခံရပြီး လက်များကို တိတ်ဖြင့် ချည်နှောင်ခံရကာ နားထင်ကို ပစ္စတို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ အိမ်သားများကို မသတ်မီ ဖမ်းဆီးသော တိတ်ကြိုးများမှာ ထိုစဉ်က ပြည်တွင်းတွင်မရှိပဲ နိုင်ငံခြားမှ ပစ္စည်းများ ဖြစ်သည်။ အလောင်းမှ တိတ်ကြိုးများကို ဖြေသည့်အခါ အသားများ အရေးပြားများပင် ပဲ့ထွက်ကုန်သည်ဟု ထိုစဉ်က ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးက ပြောသည်။ ထိုဖြစ်စဉ်တွင် အိမ်ရှင် ကျောက်ကုန်သည် လီရှော ဦးကျော်အေး၊ ဇနီး ဒေါ်ရွှေကြာ၊ သားနှစ်ဦး၊ သမီးတစ်ဦးနှင့် ခိုးရာလိုက်ပြေးလာပြီး ထိုအိမ်တွင် ခေတ္တ တည်းခိုနေသော စုံတွဲနှစ်ဦး စုစုပေါင်း ၇ဦး အသတ်ခံခဲ့ရသည်။ လူသတ်သမားသည် အဆိုပါ အသတ်ခံရသော မိသားစုအိမ်မှ ဆီဒင်ကား အဖြူရောင်ကို မောင်းနှင် လွတ်မြောက်သွားခဲ့သည်။ ကားရှားပါးသော ထိုခေတ် ကာလတွင် လမ်းပေါ်၌ စစ်ဆေးရေး ဂိတ်များရှိသော်လည်း လီရှော ဦးကျော်အေးသည် အချိန်မတော် အပြင်သို့ ကားနှင့် ထွက်တတ်သည့်အပြင် မြို့မျက်နှာဖုံး ဖြစ်သဖြင့် စစ်ဆေးရေးဂိတ်က လူများက ကားကို လက်ပြ နှုတ်ဆက်လိုက်သေးသည်။ လူသတ်သမားက အဆိုပါ ကားကို မန္တလေး ပြင်ဦးလွင် ကားလမ်းပေါ်တွင် စွန့်ပစ်ထားခဲ့သည်။ နောက်ပိုင်း ရဲတပ်ဖွဲ့၏ ကြိုးစားဖော်ထုတ်မှုကြောင့် မန္တလေးမှ တရုတ်လူမျိုး ယောင်ဝေကြည်ဆိုသူကို မိုးကုတ်မှ လီရှော ဦးကျော်အေးက တန်ဖိုးမရှိသော ကျောက်များ လိမ်ရောင်းခဲ့သဖြင့် ထိုင်းနိုင်ငံမှ မြန်မာကြေးစား လူသတ်သမား မြအေးကို ငှားရမ်း သတ်ဖြတ်စေခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ ယောင်ဝေကြည်ကို ဖမ်းဆီးပြီး ပြစ်ဒဏ် ချမှတ်နိုင်ခဲ့သော်လည်း လူသတ်သမား မြအေးကိုမူ ယနေ့အထိ မဖမ်းမိခဲ့ပါ။ အကယ်၍ မြအေးသာ သက်ရှိထင်ရှား ရှိဦးမည်ဆိုပါက ယခုအသက် ၅၅နှစ် နှင့် ၆၀ကြားတွင် ရှိနေပေလိမ့်မည်။
စိမ်းလဲ့ကန်သာ လူသတ်မှုကို စုံစမ်းဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် အမှုလိုက် အရာရှိတစ်ဦးထံမှ ပြောကြားချက်အရ ထိုလူသတ်မှုမှာ ဦးချာလီ မိသားစုထံမှ ယူထားသော ပစ္စည်းများ ပြန်မဆပ်လိုသဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ဦးချာလီထံမှ စိန်နှင့် ကျောက်မျက်ရတနာများ ငှားသွားသူများသည် ပတ္တမြား ငမောက်နီးပါး တန်ဘိုးရှိသည့် ပတ္တမြားတစ်လုံးပါ ငှားပြီး ပြန်မပေးခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စတွင် ဂေါက်သီးရိုက်တော်သော စီးပွားရေးသမား တစ်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၏ ဇနီးတို့က ကြားမှအာမခံပြီး ငှားရမ်းပေးခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဦးချာလီသည် ဂေါက်သီး ကစားခြင်းကို အရူးအမူး ၀ါသနာပါသဖြင့် ဂေါက်ရိုက်တော်သော အဆိုပါ စီးပွားရေးသမားနှင့် အလွန်ခင်ကြောင်း၊ ဦးချာလီသည် လိမ္မော်သီး အလွန်ကြိုက်သဖြင့် လူသတ်သမားသည် လိမ္မော်သီး အထမ်း အရောင်းသမား အသွင်ယူပြီး အိမ်ရှေ့တွင် လိမ္မော်သီး အော်ရောင်းရာမှ ဦးချာလီက ၀ယ်ယူရန် အိမ်တံခါးမှ အထွက်တွင် သေနတ်ဖြင့်တေ့ပြီး အိမ်အတွင်း ခေါ်သွားခြင်း ဖြစ်နိုင်ကြောင်း၊ လူသတ်သမားသည် ကြေးစား လူသတ်သမားဖြစ်ပြီး ပြည်ပတွင် နေထိုင်သူ ဖြစ်နိုင်ကြောင်း၊ လိမ္မော်သီးသည် အသွင်ဆောင်ထားသဖြင့် မြန်မာစကား ပြောတတ်သူ သို့မဟုတ် ပြည်ပနေ မြန်မာကြေးစား လူသတ်သမား ဖြစ်နိုင်ကြောင်းတို့ကို သိရှိခဲ့ရသည်။ သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော သေနတ်မှာ အသံတိတ် ကရိယာတပ်ထားသော ၉မမ ပစ္စတို သေနတ် ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။ လူသတ်သမားသည် ပရော်ဖက်ရှင်နယ် ကြေးစား လူသတ်သမား ဖြစ်သဖြင့် ထွက်ပြေးသော အိမ်ဖော်မလေးကိုပင် နားထင်မှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း၊ သို့သော် အတွင်းသတင်း တစ်ခုအရ သိရှိရသည်မှာ စုံစမ်းဖော်ထုတ်နေသည့် အဖွဲ့မှ အဓိကကျသူ တစ်ဦးကို အမှုနှင့် ပတ်သက်သူ တစ်ဦးက ကျပ်သိန်းလေးထောင် ပေးလိုက်သဖြင့် အမှုလမ်းကြောင်း ပြောင်းသွားပြီး ဝေ့သွားကြောင်း၊ ထိုအမှုတွင် မြန်မာအမျိုးသား မော်ဒယ် တစ်ဦးလည်း ပတ်သက်နေကြောင်းလည်း စုံစမ်းမေးမြန်း သိရှိရသည်။
စိမ်းလဲ့ကန်သာ လူသတ်မှုနှင့် ပတ်သက်ပြီး ထူးဆန်းသော အချက်များကို တွေ့ရသည်။ ပထမဆုံး အချက်မှာ မြန်မာနိုင်ငံတွင် တိုင်းကျော်ပြည်ကျော် ဖြစ်ပွားခဲ့သော ပြစ်မှုများကို သုံးလအတွင်း မဖော်ထုတ်နိုင်ပါက သက်ဆိုင်ရာ နယ်မြေရဲစခန်းရှိ မြို့နယ်မှူး၊ စခန်းမှူးတို့သည် တစ်ဆင့်နိမ့် ရာထူးဖြင့် ဝေးလံခေါင်ဖျား ဒေသများသို့ ပြောင်းရွှေ့ရသော်လည်း ယခု ပြစ်မှုဖြစ်ပွားသည့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ပင်စင်ယူသည်အထိ ကမာရွတ်တွင်သာ နေမြဲတာဝန် ထမ်းဆောင်ခွင့် ရခဲ့ခြင်း၊ အဆိုပါ လူသတ်မှုကို မဖော်ထုတ်နိုင်သည့် မည်သည့် ရဲတပ်ဖွဲ့ဝင်မှ အရေးယူ မခံရခြင်းတို့မှာ ထူးဆန်းလှသည်။ ထို့အပြင် လာဘ်စားမှုနှင့် ပတ်သက်ပြီး နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်မှာ မြန်မာနိုင်ငံ အလယ်ပိုင်း နေပြည်တော် စစ်ဆေးရေး နေရာမှ ပြည်ပသို့ တိမ်းရှောင်သွားနိုင်ခဲ့သည်။ ယခု လားရှိုးတွင် ပြန်လည် အခြေချ နေထိုင်နိုင်ခြင်းမှာ စိမ်းလဲ့ကန်သာ လူသတ်မှုအကြောင်း အသေးစိတ် သိထားသဖြင့် မဖော်ထုတ်ရန် အပေးအယူ လုပ်ထားခြင်းဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုစဉ်က ရဲချုပ်ဖြစ်သူ ရဲချုပ်ခင်ရီသည် သတင်းစာ ရှင်းလင်းပွဲတွင် စိမ်းလဲ့ကန်သာ လူသတ်မှု အတွက် အထောက်အထားများ ရရှိပြီးဖြစ်သဖြင့် မကြာမီ တရားခံများ ဘယ်သူဘယ်ဝါကို ကြေညာနိုင်ပါတော့မည်ဟု ပြောသော်လည်း ယခုထိ မဖော်ထုတ်နိုင်ခြင်း၊ သို့သော် ဦးခင်ရီသည် ထိုအမှုကို တာဝန်အရှိဆုံးသူ တစ်ဦး အနေဖြင့် မဖော်ထုတ်နိုင်ခဲ့သော်လည်း ရဲချုပ်မှ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးအဖြစ် ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ရာထူးတိုးသွားခြင်းတို့သည်မှာလည်း မူမှန်သည့် ကိစ္စဟုတ်မဟုတ် စဉ်းစားရန်များ ဖြစ်နေသည်။
အချို့သော မှုခင်းများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်နှင့် ပူးပေါင်း ဆောင်ရွက်ပြီး တရားခံများ ဖမ်းဆီးရမိခဲ့သည့် သာဓကများ ရှိခဲ့သော်လည်း ယခုအမှုကို အင်တာပိုလ်၏ အကူအညီ မရယူခြင်းကလည်း စဉ်းစားရန် အချက်များ ဖြစ်သည်။ လူသတ်မှုကို မြို့နယ် ရဲစခန်းမှ မှုခင်းတပ်ဖွဲ့ (CID)က လွှဲပြောင်း ကိုင်တွယ်ခဲ့သော်လည်း မည်သည့် ထူးခြားမှုမှ ရှိမလာပါ။ မည်သို့ပင်ဆိုစေ ရာဇ၀တ်ဘေး ပြေးမလွတ်ဟူသော စကားရှိပြီးဖြစ်ရာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိသော ခေတ်တွင် အသတ်ခံရသူများ၏ အရိုးများ တွန်ပြီး လူသတ်သမား မည်သူမည်ဝါ ဆိုသည်မှာ မကြာမီအတွင်း ပေါ်ပေါက်လာမည်ဟု ယူဆရကြောင်း တင်ပြအပ်ပါသည်။
- Tomorrow သတင်းအဖွဲ့

No comments:

Post a Comment