Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 20, 2014

ရန်ကုန်နှင့် မန္တလေးတွင် အန္တရာယ်ရှိ တရုတ်မုန့်များ မီးရှို့ဖျက်ဆီးမည်

ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အန္တရာယ်ရှိ တရုတ်မုန့်များကို ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး ကော်မတီတို့နှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းတို့ ပူးပေါင်း၍ လိုက်လံသိမ်းဆည်း ဖျက်ဆီးမည် ဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ အစီအစဉ်ကို ယခုလအတွင်း ရန်ကုန်မြို့တော်၌ စတင်အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံ အကြောင်းကြားထားဆဲသာ ရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေးနှင့် မင်္ဂလာဈေးရှိ စားသောက်ကုန်ဖြန့်ဖြူး ရောင်းချနေသော ဆိုင်ကြီးများကို အဓိက စစ်ဆေးသွားရန် စီစဉ်ထားကြောင်း၊ ဓာတုဆိုးဆေး သုံးစွဲထားသော သရေစာမုန့်၊ နို့ခဲများ၊ ရောင်စုံဝေဖာနှင့် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာလုံး ရေးမထားသော မုန့်များကို သိမ်းဆည်းဖျက်ဆီးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းထံ စုံစမ်းသိရှိရသည်။

“တိရစ္ဆာန်အစာလို့ ရေးထားတဲ့ ကြက်အူချောင်းတွေ၊ ဝက်အူချောင်းတွေကို မီးရှို့မယ်။ ဖျက်ဆီးမရတဲ့ မုန့်တွေကို မြေမြှုပ်ပစ်မယ်” ဟု ဦးဗအုပ်ခိုင်က The Voice သို့ ပြောဆိုသည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ပျဉ်းမနားမြို့တွင် သြဂုတ်လ ၁၅ ရက်နေ့က စားသုံးရန်မသင့်သော မုန့်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ခံများနှင့် ပထဆုံးအကြိမ် ဖျက်ဆီး မြေမြှုပ်ပြီးကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းထံမှ သိရသည်။

ယင်းအပြင် သြဂုတ်လ ၁၈ ရက်နေ့က Mobile Team အဖွဲ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် အန္တရာယ်ရှိ တရုတ်နိုင်ငံထုတ် စားသောက်ကုန် ကျပ်သိန်း ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။

ကျိုင်းတုံ-မိုင်းလားလမ်းရှိ နောင်ငင်း စစ်ဆေးဂိတ်တွင် ယင်းပစ္စည်းများ ဖျက်ဆီးခဲ့ရာ YALIHU ပဲမုန့်ချောင်း၊ ချောကလက်ဝေဖာ၊ Rainbow ကျွဲခေါင်းတံဆိပ် အချိုရည်အမှုန့်၊ တရုတ်စာတန်းပါ အချိုရည် ဘူးသေးနှင့် စတော်ဘယ်ရီ အချိုရည်တို့ကို ဖျက်ဆီးခဲ့ကြောင်း စစ်ဆေးခဲ့သော Mobile Team ၏ အဖွဲ့ခေါင်းဆောင် ဦးအောင်ဇော်မိုးက The Voice သို့ ရှင်းပြသည်။
“အခုမီးရှို့ဖျက်ဆီးတဲ့ မုန့်တွေက ကျိုင်းတုံ-မိုင်းလားလမ်း ၀မ်ဆိုင်းကျေးရွာ လမ်းဆုံမှာ စုပုံထားတဲ့ ပိုင်ရှင်မဲ့ ဖမ်းမိပစ္စည်းတွေပါ။ ဒါက ပညာပေးကာလမှာ ပထမဆုံးဖမ်းမိပြီး ပထမဆုံး မီးရှို့လိုက်တဲ့ တရုတ်မုန့်တွေပါ” ဟု ၎င်းကဆိုသည်။

ကလေးငယ်များအတွက် အန္တရာယ် ရှိနိုင်သော စားသောက်ကုန်များကို ကျိုင်းတုံမြို့ ဈေးကွက်အတွင်း တင်သွင်း ရောင်းချနေသော်လည်း လက်ရှိအချိန်အထိ အသိပညာပေးခြင်းနှင့် သတင်းထုတ်ပြန် တားမြစ်ရေးတို့ မရှိသေးကြောင်း ကျိုင်းတုံဒေသခံ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

အန္တရာယ်ရှိ သရေစာမုန့်များ ကျောင်းမုန့်ဈေးတန်းနှင့် ကျောင်းပတ်ဝန်းကျင် အနီးတစ်ဝိုက် ရောင်းချမှုများကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျန်းမာရေး ဝန်ကြီးဌာန၊ စီးပွားကူးသန်း ဝန်ကြီးဌာနနှင့် အရပ်ဘက် အဖွဲ့အစည်းများက လိုက်လံ စစ်ဆေးလျက်ရှိသည်။

ပန်းပွင့်ပုံဝေဖာ၊ ရွှေစံအိမ် ရှုးရှဲ လက်ဖက်နှင့် YIMAO-FOOD ဖလိတ်ပြားတို့ကို စားသုံးရန် မသင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ်လအတွင်း ထုတ်ပြန်ထားသည်။

The Voice

No comments:

Post a Comment