CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 12, 2014
မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက်ပြီး မြန်မာမိန်းမ၀ယ်ယူရန်လာရောက်သူ တရုတ်နိုင်ငံသားသုံးဦးကို လောက်ကိုင်မြို့၌ ဖမ်းဆီးရမိ
Wednesday, August 13, 2014
မြန်မာနိုင်ငံအတွင်းသို့ မြန်မာမိန်းမဝယ်ယူရန် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား သုံးဦးကို လောက်ကိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဩဂုတ် ၈ ရက်က လောက်ကိုင်မြို့နေ အသက် ၁၉ နှစ်အရွယ်ရှိ မ-----အား တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် တရုတ်အမျိုးသားသုံးဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးတို့က သွေးဆောင်စည်းရုံးနေကြောင်း သတင်းပေးချက်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် (လောက်ကိုင်) မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ လောက်ကိုင်မြို့ အမှတ် ၁ ရပ်ကွက်တွင် တရုတ်နိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသူတစ်ဦးတို့က မ---- အား ခေါ်ဆောင်လာသည်ကို တွေ့ရှိသဖြင့်မေး မြန်းရာ မ-----အား ယခင်တစ်ရပ်ကွက်တည်းနေ တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျနေသူက တရုတ်ယောက်ျားနှင့်ယူပါက ကောင်းမွန်စွာနေထိုင်ရမည်ဖြစ်ပြီး မိဘများကိုလည်း တစ်လလျှင်ယွမ် ၂ဝဝဝဝ ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း စည်းရုံးသဖြင့် သဘောတူလက်ခံကာ ယခုကဲ့သို့ လာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ယင်းသို့ လာရောက်ခေါ်ဆောင်သူ တရုတ်အမျိုးသားသုံးဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးတို့ကို လောက်ကိုင်မြို့နယ် တုံချိန်နယ်မြေရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် ဩဂုတ် ၉ ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
အဆိုပါအမှုမှ တရုတ်နိုင်ငံသားသုံးဦးမှာ မြန်မာနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ခိုးဝင်လာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာကို ၂ဝဝ၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံးများကိုလည်း မူဆယ်-ရွှေလီ ၌ ၂ဝဝ၇ ခုနှစ်တွင်လည်းကောင်း၊ လွယ်ဂျယ်-ကျန်းဖုန်း နယ်စပ်ဆက်ဆံရေးရုံးကို ၂ဝဝ၈ ခုနှစ်တွင်လည်းကောင်း၊ လောက်ကိုင်-နမ့်ဆန်နယ်စပ် ဆက်ဆံရေးရုံးကို ၂ဝ၁၃ ခုနှစ်တွင်လည်းကောင်း အသီးသီးဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
နယ်စပ်ဆက်ဆံရေးရုံးများ၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကြောင့် ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ လူကုန်ကူးအမှုပေါင်း ၁၁၃ မှု ဖော်ထုတ်နိုင်ခဲ့ပြီး လူပွဲစား ကျား ၁၃၆ ဦး၊ မ ၂၂၃ ဦးကို ဖမ်းဆီးနိုင်ကာ လူကုန်ကူးခံရသူ ၂ဝ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်တွင် လူကုန်ကူးမှု ၁ဝ၂ မှု ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသို့ ဦးတည်လူကုန်ကူးမှု ၅၉ မှု ဖြစ်ပွားပြီး အဆိုပါ ၅၉ မှုတွင် အဓမ္မမွေးစားမှု နှစ်မှု၊ အဓမ္မ အလုပ်စေခိုင်းမှုနှစ်မှုဖြစ်ကာ ကျန် ၅၅ မှုမှာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားသည့်အမှုများဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများအနက် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုမှာ ၉၃ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသဖြင့် မြန်မာအမျိုးသမီးများအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်မည်ဆိုပါက စဉ်းစားဆင်ခြင်သင့်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတိပေးသုံးသပ်ထားကြောင်း သိရသည်။
Eleven Media Group
လွိုင်ကော်မြို့ အဝေးပြေးကားဂိတ်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဆိုင်းဘုတ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက်ပြီး မြန်မာမိန်းမ၀ယ်ယူရန်လာရောက်သူ တရုတ်နိုင်ငံသားသုံးဦးကို လောက်ကိုင်မြို့၌ ဖမ်းဆီးရမိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 12, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 12, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment