မြန်မာနိုင်ငံတွင် ထူးခြားထင်ရှားသော ကျောက်တော်ကြီးဘုရား ငါးဆူရှိရာ အဆိုပါ ဘုရားငါးဆူမှာ
လေးကျွန်းမာန်အောင် ကျောက်တော်ကြီး ဘုရား၊ လောကသရဖူ ကျောက်တော်ကြီးဘုရား၊ မဟာသကျရံသီ ကျောက်တော်ကြီး ဘုရား၊ မဟာသကျမာရဇိန် ကျောက်တော်ကြီး ဘုရားနှင့် အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးတို့ ဖြစ်သည်။
လေးကျွန်းမာန်အောင် ကျောက်တော်ကြီး ဘုရားကို မြန်မာသက္ကရာဇ် ၁ဝ၈၆ ခုနှစ် ခရစ်နှစ် ၁၇၂၄ တွင် တနင်္ဂနွေ မင်းကြီးက စစ်ကိုင်းမြို့ သောတာပန် ရပ်ကွက် လေးကျွန်းမာန်အောင် စေတီအတွင်း၌ တည်ထားခဲ့ပြီး ဉာဏ်တော် ၁၃ ပေ ၁ဝ လက်မရှိသည်။
လောကသရဖူ ကျောက်တော်ကြီးဘုရားကို မြန်မာသက္ကရာဇ် ၁ဝ၉၃ ခုနှစ် ခရစ် နှစ် ၁၇၃၁ တနင်္ဂနွေမင်း လက်ထက်က ထုလုပ်ခဲ့ပြီး သားတော် မဟာဓမ္မရာဇာဓိပတိမင်း လက်ထက်တွင် ပြီးစီးသည်။ လောကသရဖူ ကျောက်တော်ကြီး ဘုရားသည် အင်းဝမြို့၌ တည်ရှိပြီး ဉာဏ်တော်မှာ ၂၅ ပေ ရှိကြောင်း သိရသည်။
မဟာသကျရံသီ ကျောက်တော်ကြီး ဘုရားကို ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရား လက်ထက် မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ် ခရစ်နှစ် ၁၈၃ဝ တွင် ထုလုပ်ခဲ့ပြီး အမရပူရမြို့ တောင်သမန်အင်း အရှေ့ဘက် အာနန္ဒာပုံတော် စေတီအတွင်း၌ တည်ထားကိုးကွယ်ခဲ့ရာ ဉာဏ်တော်မှာ ၁၇ ပေ ၉ လက်မ ရှိသည်။
မဟာသကျမာရဇိန် ကျောက်တော်ကြီး ဘုရားကို မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ် ခရစ်နှစ် ၁၈၆၄ တွင် မန္တလေးတောင်ခြေရှိ မဟာလောက မာရဇိန်စေတီတော် အတွင်း၌ တည်ထားကိုးကွယ်ခဲ့ပြီး ဉာဏ်တော်မှာ ၂၇ ပေရှိကြောင်း သိရသည်။
အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၃၆၃ ခုနှစ် ခရစ်နှစ် ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်က ရန်ကုန်မြို့ မင်းဓမ္မကုန်းတော်၌ တည်ထားပူဇော်ခဲ့ပြီး ဉာဏ်တော်မှာ ၃၇ ပေရှိသည်။
အဆိုပါ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ကျောင်းဆောင်ရှေ့၌ ထုဆစ်ထားသော မဟာအတုလပတ္တနီလာ သပိတ်တော်ကြီးမှာလည်း ထင်ရှားသည်။ ယင်းသပိတ်တော်ကြီးကို မန္တလေးမြို့နေ ပန်းတမော့ ပညာရှင် ဦးတော်တော် မိသားစုတို့က မိမိပိုင် သလင်းကျောက်ဖြင့် ထုဆစ် လှူဒါန်းခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပသည့် အခါ ယင်းသပိတ်တော်ကြီး ထဲမှ ဆွမ်းများခပ်၍ လောင်းလှူကြသည်။
အဆိုပါ သပိတ်တော်ကြီးမှာ အချင်း ၁ဝ ပေ ၄ လက်မ၊ အမြင့် ၅ ပေ ၁၁ လက်မ၊ စောက်အနက် ၅ ပေ ၂ လက်မရှိပြီး ဆန် ၆၃ တင်း ဝင်ကြောင်း သိရသည်။ ။
မြ၀တီ
https://www.facebook.com/mwdmedia

No comments:
Post a Comment