ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht Hotel ရေပေါ်ဟိုတယ်တွင် ဟိုတယ်ဝန်ဆောင်မှု အနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေခြင်းကို လုံးဝရပ်ဆိုင်းရန် ပြင်းထန်စွာသတိပေးသည် ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ဇူလိုင် ၂၅ တွင် ထုတ်ပြန်သည်။
ဇူလိုင် ၂၅ ရက်တွင် ယင်းဟိုတယ်တည်ဆောင်သည့် လှလှပပကုမ္ပဏီမှ တာဝန်ရှိသူများကို နေပြည် တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယဝန်ကြီးဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ပုံမှန် ဟိုတယ် ဝန်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ် ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်းရန် ပြင်းထန်စွာ သတိပေးခဲ့သည်။
အဆိုပါရေပေါ်ဟိုတယ်သည် ဟိုတယ်ဝန်ဆောင်မှုအနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ် ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေသည့်ပုံဖြင့် ကြော်ငြာမှုအဖြစ် www.agoda.com website တွင် လွှင့်တင်ထားရှိပြီးနောက် လူမှုကွန်ရက်စာမျက်နှာများ၌ မှတ်ချက်မျိုးစုံ ထွက်ပေါ်ခဲ့ရာ ဝန်ကြီးဌာနမှ ဇူလိုင် ၂၄ ရက်တွင် ဟိုတယ်သို့ သွားရောက်စစ်ဆေးခဲ့သည်။
စိစစ်ချက်များအရ ယင်းဟိုတယ်သည် အခြားဟိုတယ်များထက် တမူထူးကဲသော ၁၉၂ဝခုနှစ် ဝန်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ဝန်ဆောင်မှု (King and Queen Service)ကို ဝန်ထမ်းများအား သင်တန်းပေးလေ့ကျင့်ပေးခဲ့ပြီး ယခုဓာတ်ပုံသည်လည်း ဧည့်သည်များ စိတ်ဝင်စားအောင် ကြော်ငြာလုပ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့၌ ဤသို့ဆောင်ရွက်မှုမပေးဘဲ ဒူးကွေးညွတ်ရုံသာ အရိုအသေပေးကြောင်း တင်ပြသည်ကို စစ်ဆေးတွေ့ရှိခဲ့သည် ဟု ဝန်ကြီးဌာနမှ ထုတ်ပြန် သည်။
မြန်မာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုထက် ပိုမိုလွန်ကဲပြီး ဝန်ထမ်းများအနေဖြင့်လည်း ပုံမှန် ဝန်ဆောင်မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရခြင်းတို့ကြောင့် ယင်းဝန်ဆောင်မှုကို ရပ်ဆိုင်းရန်နှင့် ထပ်မံ ဆောင် ရွက်ကြောင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)၊ ဗိုလ်တထောင်ဆိပ်ကမ်းတွင် Vintage Luxury Yacht Hotel အမည်ရှိ ရေပေါ်ဟိုတယ်သည် လှလှပပ လီမိတက်က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သော ဟိုတယ်ဖြစ်သည်။
ယင်းဟိုတယ်၏ တစ်ညအမြင့်ဆုံးတည်းခိုခနှုန်းထားဖြစ်မှာ ဒေါ်လာ ၂၅ဝဝ ဖြစ်ပြီး ဟိုတယ်အခန်းနှုန်းထား များတွင် ဈေးနှုန်းအများဆုံးဖြစ်နေပြီး ရန်ကုန်မြို့ရှိ ထိပ်တန်းဟိုတယ်ကြီးများ၏ တစ်ညတည်းခိုခ အများဆုံး နှုန်းမှာ ဒေါ်လာ ၅ဝဝ ဝန်းကျင်နှင့် ၁ဝဝဝ အကြားတွင်သာရှိသည် ဟု ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
Credit : မဇ္ဈိမ
No comments:
Post a Comment