Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 17, 2014

ခင်ပွန်းကို အမှုဆင်ရန်အတွက် အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးစားသည့် အမျိုးသမီး ထောင်ဒဏ်(၁၈)နှစ် ချမှတ်ခံရ

ခင်ပွန်း(ဟောင်း)ကို အမှုဆင်ရန်အတွက် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အဆိပ်ခတ်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို တက္ကဆက်စ် တရားရုံးတစ်ခုက ထောင်ဒဏ် (၁၈)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
Walking Dead ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ အပါအဝင် ဇာတ်ကားအချို့တွင် မထင်မရှား ဇာတ်ဝင်ခန်းအချို့မှ ပါဝင်သရုပ်ဆောင်ဖူးသည့် ရှန်နွန်ဂက်စ် ရစ်ချတ်ဆန်ကို ဓာတုလက်နက် ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း ခရိုင်တရားသူကြီး မိုက်ကယ်ရှနေးဒါးက ဆုံးဖြတ်ကာ နှစ်ရှည်ထောင်ဒဏ်အပြင် နစ်နာကြေးအဖြစ်  ၃၆၇၂၂၂ ဒေါ်လာ သီးခြားပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။
အသက်(၃၆)နှစ်ရှိ ရှန်နွန်သည် စီရင်ချက် မချမှတ်မီတွင် တရားသူကြီးကို တောင်းပန်စကား ဆိုခဲ့ပြီး “ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေဖို့ ကျွန်မ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မက လူဆိုးတစ်ယောက်လည်း မဟုတ်ဘူး။ ကျွန်မနိုင်ငံကို ချစ်သလို သမ္မတကိုလည်း လေးစားပါတယ်”ဟု ပြောကြားခဲ့သည်။ သူမသည် ကြက်ဆူစေ့မှ ထုတ်လုပ်သည့် Ricin ခေါ် အဆိပ်တစ်မျိုး သုတ်လိမ်းထားသည့် စာများကို ခင်ပွန်းဖြစ်သူ နေသန်ရစ်ချတ်ဆန်၏ အမည်ဖြင့် အိုဘားမား၊ နယူးယော့ခ် မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွမ်းဘာ့ဂ်နှင့် သေနတ်ကိုင်ဆောင်မှု လျှော့ချရေး တက်ကြွလှုပ်ရှားသူ မာ့ခ်ဂလေ့ဇ်တို့ထံ ပေးပို့ခဲ့သည်။
ပြီးခဲ့သည့်နှစ်၊ ဇွန်လက ရဲများက ဖမ်းဆီးခဲ့သည်။ ရှန်နွန် အဖမ်းခံရချိန်တွင် ခင်ပွန်းဖြစ်သူ နေသန်ကလည်း သူမကို ကွာရှင်းရန် တရားရုံးတွင် လျှောက်ထားခဲ့သည်။ ရှန်နွန်သည် အဆိပ်ပြုလုပ်ရန် လိုအပ်သည့် ကြက်ဆူစေ့နှင့် အချို့သော ပစ္စည်းများကို ခင်ပွန်းသည်၏ အမည်ဖြင့် ပြုလုပ်ထားသည့် Email အသစ်၊ PayPal Account အသစ်တို့ဖြင့် Online မှ တစ်ဆင့် မှာယူခဲ့သည်။ Ricin သည် ရှူရှိုက်မိပါက အသက်ရှူ ကျပ်စေပြီး အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသည့် ဇီဝအဆိပ်တစ်မျိုး ဖြစ်သည်။ သေစေနိုင်သည်အထိ အာနိသင်ရှိသော အဆိုပါ အဆိပ်အတွက် သီးသန့်ဖြေဆေး ထုတ်လုပ်နိုင်ခြင်း မရှိသေးချေ။
(၂၀၁၃)ခုနှစ်၊ မေလ(၂၀)ရက်နေ့က ရှန်နွန်သည် ခင်ပွန်းဖြစ်သူ အလုပ်သို့ သွားရောက်သည့် အချိန်ထိ စောင့်ဆိုင်းပြီးနောက် အိုဘားမား၊ ဘလွမ်းဘာ့ဂ်နှင့် ဂလေ့ဇ်တို့ထံ လိပ်မူသော စာ(၃)စောင်ကို ပေးပို့ခဲ့သည်။ ရန်စလှုံ့ဆော်သည့် အသုံးအနှုန်းများ ပါရှိသော အဆိုပါ စာများကို နေသန်၏ အမည်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး သူမကို အာဏာပိုင်များက ဖမ်းဆီးချိန်တွင် ရှန်နွန်က ခင်ပွန်းသည်အား အမှုဆင်ရန် အားထုတ်ခဲ့ခြင်းဟု ဝန်ခံခဲ့ရသည်။ ရှန်နွန်သည် စာများပေးပို့ပြီး (၁၀)ရက်အကြာတွင် အဆိုပါကိစ္စသည် နေသန်၏ လုပ်ကြံဖန်တီးမှုအဖြစ် ရဲများထံ သွားရောက် တိုင်ကြားခဲ့ရာမှ ဆက်စပ် စစ်ဆေးမှုများကြောင့် အမှုမှန် ပေါ်လာခြင်း ဖြစ်သည်။
ထိုဖြစ်ရပ် တစ်ခုလုံးတွင် နေသန်အနေဖြင့် တစ်စုံတစ်ရာ သိရှိပါဝင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ ရှန်နွန်တွင် သားသမီး (၆)ဦးရှိသည်။
_Ref: Channelnewsasia

http://www.7daydaily.com/story/16062#.U8gROrEzakM
 

No comments:

Post a Comment