Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 12, 2014

သန်းခေါင်စာရင်းထပ်တိုးကာလ ပြီးဆုံးသော်လည်း ဘင်္ဂါလီများကို အပြည့်အ၀ စာရင်းမကောက်နိုင်



ဟိန်းကိုစိုး| သောကြာနေ့၊ ဇွန်လ ၁၃ ရက်၊ ၂၀၁၄ ခုနှစ်

သန်းခေါင်စာရင်းကောက်ယူမှု ထပ်တိုးကာလ ပြီးဆုံးသွားသော်လည်း ရခိုင်တွင် ဘင်္ဂါလီဦးရေ နှစ်သောင်းခန့်သာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး ၁ ဒသမ ၀၃ သန်းကို ကောက်ခံနိုင်ခြင်း မရှိဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းမြင့်က မဇ္ဈိမကို ဇွန် ၁၂ ရက်တွင် ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီဆယ်သိန်းငါးသောင်း (၁ ဒသမ ၀၅ သန်း)ထိ နေထိုင်နေပြီး မတ်လ ၃၀မှ ဧပြီ ၁၀ရက် ထိကောက်ခံခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် ဘင်္ဂါလီနှစ်သောင်းသာ ကောက် ခံနိုင်ခဲ့သည်။

ယင်းအရေအတွက်သည် သံတွဲနှင့် ကျောက်ဖြူခရိုင်ရှိ ဘင်္ဂါလီအများဆုံးပါဝင်သည်ဟုသန်းခေါင်စာရင်းဗဟို ကော်မရှင်ထံမှ သိရသည်။

မောင်တော၊ မြောက်ဦးနှင့် စစ်တွေခရိုင်တို့ရှိ ဘင်္ဂါလီများကိုမူ ထပ်တိုးကာလအတွင်း လုံးဝမကောက်ခံနိုင်ခဲ့ပေ။

“ထပ်တိုးတဲ့အချိန်မှာ တစ်ဦးမှကောက်လို့ မရပါဘူး။ တစ်အိမ်တက်ဆင်းလည်း ကျွန်တော်တို့က မကောက်တော့ဘူး၊ ကျန်နေတဲ့သူတွေကို ခန့်မှန်းနဲ့ပဲထည့်သွားမှာပါ။ အခုတိုးတဲ့ကာလကလည်း ပြည့်သွားပါပြီ။ စာရင်းတွေ အားလုံးကိုလည်း ဗဟိုကို ပြန်ပို့လိုက်ပါပြီ” ဟု ဦးသန်းမြင့်က ဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီးသည့်နောက် ကျန်ရှိခဲ့သည့် ဦးရေကို ကောက်ခံနိုင်ရန် ဧပြီ လ ၁၁ ရက်မှစကာ ခြောက်ပတ်မှ ရှစ်ပတ်အထိတိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ထပ်တိုးကာလတွင် ကျန်ရှိနေသည့် ကချင်ရှိကေအိုင်အို ထိန်းချုပ်ဒေသနှင့် ရခိုင်ရှိဘင်္ဂါလီတို့ကို ညှိနှိုင်းဆွေးနွေးပြီးကောက်ခံနိုင်ရန်ဆောင်ရွက် သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီက မေလ ပထမအပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ထပ်တိုးခဲ့သည့် သန်းခေါင်စာရင်းကာလကို ရက်သတ္တပတ် ခြောက်ပတ်သာ တိုးမြှင့်ခဲ့သဖြင့် ယင်းကာလသည် မေလ အကုန်တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့ကို အခုနောက်ပိုင်း လာကောက်တာတော့ မရှိတော့ဘူး။ လူကြီးတွေ နှစ်ခါတော့လာ ညှိတယ်။ လူမျိုးမှာ ဘာမှမထည့်ဘဲဖြေဖို့တဲ့ ကျွန်တော်တို့ မဖြည့်ဘူး။ ကိုယ့်လူမျိုးအမည်ကို ထည့်ခွင့်ရသင့်တဲ့ အတွက်မဖြည့်ဘူး” ဟု မောင်တောမြို့နယ်နေ ရိုဟင်ဂျာဟု ခံယူထားသူ ဦးလှမောင်က မဇ္ဈိမကို ဇွန်လ ၁၂ ရက်တွင် ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment