Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 14, 2014

ဘုန်းကြီးကိုလေးစားရမယ်လို့ နွားတကောင် သဘောပေါက်


  ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှာ နွားကြီးတကောင်ဟာ ရဟန်းသံဃာကို တွေ့တာနဲ့ ရှိခိုး ကန်တော့လေ့ရှိပါတယ်။ 

တိရိစ္ဆာန်ပေမယ့် ရဟန်းသံဃာကို ရိုသေရှိခိုးရမှန်းသိတဲ့ နွားကြီးနာမည်ကတော့ နောင်ဖြူလို့ခေါ်ပြီး ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကြီးကျေးရွာမှာရှိတဲ့ ဓမ္မဒူတ ရွှေညောင်ပင်ရိပ်သာကျောင်းတိုက်မှာ မွေးမြူထားတာပါ။

ကျောင်းထိုင်ဆရာတော်ကတော့ ဓမ္မဒူတ အရှင် ဥာဏလင်္ကာရဖြစ်ပါတယ်။ ကျောင်းထိုင် ဆရာတော်ကို နွားကြီးက အမြဲရှိခိုးဦးချလို့ နွားဦးတိုက်ဆရာတော်ဆိုပြီး ဧရာဝတီတိုင်းမှာ လူသိများပါတယ်။

“ဒီနွားကြီးက ဘုန်းဘုန်း ရဟန်းဝါ ၇ ၀ါ အရောက်မှာ ဘုန်းဘုန်းတို့ဇာတိဖြစ်တဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း အနောက်ကမ်းကျေးရွာကို ပြန်တဲ့အချိန်မှာ ဘုန်းဘုန်းကိုတွေ့တာနဲ့ သူက ရှေ့ခြေနှစ်ဖက်ကို ချက်ခြင်းဝပ်ချပြီး ရှိခိုးတော့တာ။ အဲဒါနဲ့ နောက်ပိုင်းမှာ ဘုန်းဘုန်း ကျောင်းထိုင်တဲ့ ကျုံပျော်ကို ကားနဲ့တင်ခေါ်လာပြီး ကျောင်းမှာပဲ မွေးမြူထားတဲ့တာ” လို့ ဆရာတော် ဥာဏလင်္ကာရက ဧရာဝတီကို ရှင်းပြတယ်။

ရွှေညောင်ပင်ရိပ်သာကျောင်းတိုက်ကို ဧည့်သည်တွေလာရောက်လို့ အခါအခွင့်သင့်တဲ့အချိန်မှာ နွားကြီးရဲ့ ယဉ်ကျေးလိမ္မာပုံကို ဆရာတော်က ဧည့်သည်တွေရှေ့မှာပဲ လက်တွေ့ပြသလေ့ရှိပါတယ်။

နွားကြီးကလည်း ဘယ်အချိန်မဆို ဆရာတော်တွေ့တာနဲ့ ဆရာတော်ဆီကို တန်းတန်းမတ်မတ်လာပြီး ရှေ့ခြေ ၂ ချောင်းကို ၀ပ်ချပြီး ဦးတိုက်လေ့ရှိကြောင်း သိရပါတယ်။

“ဒီနွားကြီးက ဆရာတော်တရားပွဲတွေဆိုလည်း ပွဲခင်းထဲမှာ လိုက်နာတယ်။ ဆရာတော်ကလည်း ကားနဲ့တင်ပြီး တရားပွဲတော်တော်များများကို ခေါ်သွားတယ်။ တရားပွဲစဖို့ ဆရာတော် ပလ္လင်ပေါ်မှာ နေရာယူတာနဲ့ သူက ပွဲခင်းထဲလျှောက်ဝင်လာပြီး ပလ္လင်ရှေ့မှာ ဦးတိုက်တယ်။ ပြီးတော့မှ သူ့အတွက် ပေးထားတဲ့နေရာမှာ နေပြီးတော့ တရားနာတယ်” လို့ ဇရစ်ရိုးကြီးကျေးရွာက ဒေသခံတဦးက ပြောပြပါတယ်။

ဒေသခံတွေ ခန့်မှန်းချက်အရ ဒီ  နွားထီးကြီးရဲ့  အသက် ၁၈ နှစ်ခန့်ရှိပါပြီ။

နွား ဆိုတဲ့သတ္တ၀ါမျိုးက အမြဲတမ်းဟိန်းဟောက်ပြီး ထိမ်းကျောင်းနေရတဲ့ တိရိစ္ဆာန်ပါ။
 လယ်ထွန်တဲ့အချိန်မှာတောင် ကောင်းကောင်း မလုပ်လို့ လယ်သမားတွေက ကြိမ်လုံးကိုင် အော်ဟစ်ပြီး “တောက်” တခေါက်ခေါက်နဲ့ ခိုင်းရတဲ့တိရိစ္ဆာန်မျိုး ဖြစ်ပါတယ်။

ဒါပေမယ့် နွားကြီးနောင်ဖြူကတော့ ရဟန်းသံဃာ ဆိုရင်  ရိုရိုသေသေ ရှိခိုးဦးတိုက်တာက အင်မတန် ထူးခြားတဲ့အချက်ဖြစ်ပါတယ်။

နွားလိုတိရိစ္တာန်တောင် ရဟန်းသံဃာဆိုရင် ရိုသေရမယ်ဆိုတာ သိနေပါတယ်။
 ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကတော့ ၂၀၀၇ ခုနှစ်မှာ လမ်းပေါ်ထွက် မေတ္တာပို့ လမ်းလျှောက်တဲ့ ရဟန်းသံဃာတွေကို သေနတ်နဲ့ပစ်၊ နံပါတ်တုတ်နဲ့ရိုက်၊ စစ်ဖိနပ်နဲ့ကန်၊ နှိပ်စက်၊ မဟုတ်မတရားစွပ်စွဲ၊ သင်္ကန်းချွတ်ပြီး ထောင်ချပစ်တဲ့ဖြစ်ရပ်တွေရှိခဲ့တော့…. အင်း … ဆက်မပြောတော့ပါဘူး။ ဧရာဝတီဘလော့ စာဖတ်ပရိသတ်တွေပဲ ကိုယ့်အတွေးနဲ့ကိုယ် ဖြည့်စွက်ပြီး ဖတ်ရှုလိုက်ပါတော့။

ဆလိုင်းသန့်စင်



 
ဆက်စပ်သတင်း
http://blog.irrawaddy.org/2014/06/blog-post_1836.html
http://blog.irrawaddy.org/2014/06/blog-post_5330.html





No comments:

Post a Comment