Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 12, 2014

ကမ္ဘာ့ဖလားပွဲ မြန်မာပြည်မှာ ဘယ်ပုံဘယ်နည်း ကြည့်ရှု အားပေးကြမလဲ

12 June 2014

  ၄ နှစ်တကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်တွေ ဇွန်လ၁၂ရက်မှာ ဘရာဇီးနိုင်ငံမှာ စတင်ပါပြီ။ မြန်မာ ပြည်တွင်းက ဘောလုံး ပရိသတ်တွေ ဘယ်ပုံဘယ်နည်း ကြည့်ရှု အားပေးကြဖို့ ပြင်ဆင်ထားကြ ပါသလဲ။

၁အုပ်စုပွဲပေါင်း ၄၈ ပွဲကို ဇွန်လ ၁၂ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ တရက်မပျက် နေ့တိုင်း ယှဉ်ပြိုင်က စားကြမှာဖြစ်ပြီး ပွဲကစားချိန်တွေကတော့ မြန်မာစံတော်ချိန် သန်းခေါင်းကျော် မနက်ပိုင်း အစောပိုင်း အချိန်တွေ ချည်းလိုလို ဖြစ်ပါတယ်။

ဘောလုံးအားကစားနည်းကို အရူးအမူး အားပေးတတ်တဲ့ မြန်မာဘောလုံးပရိသတ်ကတော့ အိပ်ရေးပျက်ခံပြီး ကြည့်ကြမှာပါပဲ။ အိပ်ရေးပျက်ခံပြီး ကြည့်ကြမယ့် ဘောလုံးပရိသတ်ကြီး ဒီတကြိမ်ကမ္ဘာ့ ဖလားကို စကိုင်းနက်ပုဂ္ဂလိက ရုပ်သံတခုတည်းကပဲ ကြည့်ခွင့်ရကြမှာပါ။

ဘရာဇီးဘောလုံးပွဲ ထုတ်လွှင့်မှုတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဆီကနေ စကိုင်းနက်ရုပ်သံကပဲ ၀ယ်ယူထားတာကြောင့် စကိုင်းနက်ကပဲ ကြည့်ဖို့ဖြစ်လာတာပါ။

ဒီလိုလုပ်ထားတာဟာ စည်းမျဉ်းချိုးဖောက်တာလို့ ပြည်တွင်းဂျာနယ်တွေမှာ ဝေဖန်သုံးသပ် ချက်ဆောင်းပါးတွေ ရေးသားနေတဲ့ ဆောင်းပါးရှင် စည်သူအောင်မြင့်က ပြောပါတယ်။
“တတ်နိုင်သလောက် စုံစမ်းရင်းနဲ့ တခုပြီးတခု ပေါ်လာတယ်။ သူတို့ ဖီဖာမှာ ဘယ်လိုပုံစံနဲ့ ၀ယ်သလဲဆိုတာကို ပြည်သူကိုလည်း ဘာမှ မပြောဘူး။ အခု ထိုင်းမှာဆိုရင် ကြော်ငြာနေပြီ။ ဖီဖာက ၀ယ်တဲ့ဟာက ၂၂ ပွဲကို ဘယ်နိုင်ငံမှာမဆို Free to Air လွှင့်ပေးရတယ်။ သူကလည်း ဒီနိုင်ငံမှာ အဲဒီအတိုင်းကို ၀ယ်ခဲ့ပုံရတယ်။ ဒါပေမယ့်သူက Free to Air မပေးချင်ဘူး။ မပေးချင်တော့ လုံးဝ သူမကြေညာဘူး။ ဒီအတိုင်းပဲ သူထားတယ်။ ထားပြီးတော့မှ Sky Net set of box တွေကို အကြီးအကျယ် သူရောင်းတယ်။ တကယ်လည်း ရောင်းကောင်းတယ်။ တနိုင်ငံလုံးမှာ အကြီးအကျယ် သူရနေတာပေါ့။ မနေ့တုန်းကမှ ဒီမိုကရေစီ တူဒေးမှာ တရားဝင်သဘောမျိုးနဲ့ သူက ကြော်ငြာတယ်။ သူ့ရဲ့ Myanmar National TV (MNTV) ကနေပြီး တော့ Free to Air လွှင့်မယ်ဆိုပြီး ကြော်ငြာတယ်။ ဒါပေမယ့် ပြဿ နာက MNTV ကနေပြီးတော့ Free to Air ကြည့်နိုင်တာက မန္တလေးနဲ့ စကိုင်း မိုင် ၆၀ ပတ်လည်ပဲ ရှိတယ်။ ဒါက လိမ်ပြီး ကြော်ငြာသလို ဖြစ်နေတယ်။ ရန်ကုန်မှာ လွှင့်ဖို့ဆိုတာက သူတို့ တာဝါတိုင် မပြီးသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူက လုပ်တယ်။ သူက ဘာပြောသလဲဆိုတော့ ဗိုလ်လုပွဲလောက် မီချင်မီမယ်ပေါ့။ ၂၂ ပွဲလောက်ကို Free to Air လွှင့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ တကယ်တော့ ဒါ နိုင်ငံတကာစည်းကမ်းလည်း ချိုးဖောက်တယ်။ ကျနော်တို့နိုင်ငံရဲ့ ပြည်သူတွေကို စော်ကားရာ ရောက်တာပေါ့။”

ဘယ်လိုပဲဖြစ်ဖြစ် ဘောလုံးပရိသတ်ကတော့ ကြည့်ကြမှာပါပဲ။ မန္တလေးမြို့က ဒီဗွီဘီ သတင်းထောက် ကိုကျော်ဇေက သူတို့ဆီမှာ ဘောလုံးပွဲပြတဲ့ ရုံတွေမှာ သွားကြည့်ကြတာ များမယ်လို့ ပြောပါတယ်။

“မန္တလေးမှာဆိုရင် ရုံတွေမှာ သွားကြည့်တဲ့သူတွေက ပိုများထင်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို ကမ္ဘာ့ဖလားမဟုတ်ပဲနဲ့ ပရီးမီးယားလိဂ်တွေ ဘာတွေမှာတောင် ဘောလုံးပွဲရုံတွေမှာ ကြည့်ကြတာ များတယ်။ မန္တလေးရဲ့ လိဂ် ပုံစံမျိုးဖြစ်နေကြတယ်။ ဘောလုံးပွဲရုံတွေ၊ စားသောက်ဆိုင်တွေမှာ ကြည့်ကြတာ များတယ်။ အိမ်တွေမှာ ကြည့်တာ နည်းကြတယ်။ လူကြီးပိုင်းတွေပဲ ကြည့်ကြတယ်လို့ ကျနော်မြင်ပါတယ်။”

သီးသန့်ခန်းတွေမှာ လူတဦး ကျပ် ၁၅၀၀-၂၀၀၀ လောက် ပေးကြည့်ကြသလို လူအများစု ရုံးကြည့်တဲ့ ရုံတွေမှာတော့ ကျပ် ၅၀၀ လောက် ပေးရတယ်လို့လည်း ပြောပါတယ်။

ရန်ကုန်မှာလည်း လက်ဖက်ရည်ဆိုင်တွေမှာ စုရုံးကြည့်ကြတယ်လို့ မြန်မာလက်ရွေးစင်ဘောလုံး သမားဟောင်း ဦးမျိုးလှိုင်ဝင်းက ပြောပါတယ်။

“အရင်ကတည်းကိုက ပရီးမီးယားလိဂ်တို့၊ စီးရီးအေတို့ တော်တော်များက တချို့ဆိုလည်း အိမ်မှာကြည့်တဲ့ ဖီလင်က ကိုယ်တွေ လက်ဖက်ရည်ဆိုင်မှာ ကြည့်တဲ့ ဖီလင်နဲ့ မတူဘူးပေါ့။ တယောက်တမျိုးစီပေါ့။ ညင်ညင်သာသာ ကြည့်ချင်တဲ့ သူကတော့ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး ကြည့်မှာပေါ့။ တော်တော်များများကတော့ လက်ဖက်ရည်ဆိုင်တို့၊ အပြင်ဆိုင်တို့မှာ ကြည့်ဖို့များမယ်လို့ ကျနော်ထင်တာပေါ့။ စကိုင်းနက်ကလည်း တပ်မယ်ဆိုရင် နည်းတဲ့ ငွေကြေးမဟုတ်ဘူးလေ။ ဆိုင်တိုင်းမှာ တီဗွီ စခရင် ကြီးကြီး ၂ လုံး ၃ လုံး တောင် တချို့ဆိုင်တွေမှာ ရှိတယ်ဆိုတော့ ဘောလုံးပွဲကြည့်ဖို့ ပြည်သူလူထုအနေနဲ့ အရင်ခေတ်နဲ့ စာရင် တော်တော်လေးအဆင်ပြေလာတယ်လို့ ထင်တယ်။”

နေပြည်တော်ဘက်မှာတော့ လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ ကြည့်ကြဖို့ ရှိတယ်လို့ ဒေသခံ ကိုဖိုးသားက ပြောပါတယ်။

“ရုံခေတ်က ပျောက်သွားတယ်။ တချို့လက်ဖက်ရည်ဆိုင်ဆိုရင် ထိုင်ကြည့်ရင် ပိုက်ဆံပေးရတယ်။ တချို့ဆိုင်က လက်ဖက်ရည်သောက်ရင် အလကားကြည့်လို့ရတယ်။ တချို့ကျတော့ ဘီယာဆိုင်တွေမှာ သွားကြည့်ကြတယ်။ အိမ်မှာကျတော့ ကြည့်ရင်း ငိုအာက်တယ်၊ အပြင်မှာဆိုတော့ အဖွဲ့နဲ့ အဆင်ပြေတော့ ပိုကြည့်ကြတယ်။ များသောအားဖြင့် တချို့ လက်ဖက်ရည်ဆိုင်တွေက မိုးလင်းထိ ဖွင့်ကြတယ်။ ”

ဘောလုံးဝါသနာပါတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက သူရဦးတင်ဦးကတော့ ဘောလုံးပွဲ ကစားချိန်တွေကြောင့် ပွဲတိုင်းတော့ ကြည့်ဖြစ်မယ်မထင်ဘူးလို့ ပြောပါတယ်။

“ပွဲကြီးပွဲကောင်း တခုတလေတော့ စောစောစီးစီး အိပ်ပြီးတော့ ထကြည့်မလား စိတ်ကူးတယ်။ အရင်တုန်းကတော့ အားခဲထားတာပဲ။ ဒါပေမယ့် အချိန်က တိတဲ့ အတိုင်း ၂ ချက်တီးဆိုတော့တော့ ကိုးလိုးကန့်လန့် ကျတဲ့အချိန်ဖြစ်နေတယ်။ အသက်ကလည်း ရလာပြီ ၈၈ နှစ်ဆိုတော့ နည်းနည်း သတိထားရမလိုဖြစ်နေတယ်။ ဘာလို့ဆိုတော့ လေးနှစ်ကြာမှ တခါကြည့်ရတာ။ အင်မတန်မှ ခက်ခက်ခဲခဲ ကန်ကြတဲ့ ဘောလုံးပွဲပဲ။ အင်မတန်ကြည့်ချင်တာပေါ့။ ကျနော်လည်း ဘောလုံးဝါသနာပါတာပဲ။ ငယ်ငယ်ကတည်းက ဘောလုံးသိပ်ကန်တာကိုး။ ဒါပေမယ့် အချိန်ကလည်း ကိုးလိုးကန့်လန့်ဖြစ်နေတော့ ပွဲကြီးပွဲကောင်း သိပ်ပြီးကောင်းတဲ့ပွဲဆိုရင်တော့ ကြည့်ဖြစ်မယ်ထင်ပါတယ်။”

မြန်မာဘောလုံးပရိသတ်တွေကတော့ ပြည်တွင်းမှာသာမက ဘရာဇီးနိုင်ငံထိ ငွေကုန်ကြေးကျခံပြီး ကမ္ဘာ့ဖလားပွဲကို သွားရောက်ကြည့်ရှုကြမယ့်သူတွေလည်း ရှိနေပါတယ်။
လတ်တလော တဦးကို အမေရိကန် ဒေါ်လာ ၁၂၀၀၀ ကျော် အကုန်အကျခံပြီး သွားရောက်ကြည့်ရှု ကြမယ့် လူဦးရေ ၂၀ ၀န်းကျင် စာရင်းလာသွင်းထားတယ်လို့ ဒီအစီအစဉ်ကို ၀န်ဆောင်မှုပေးနေတဲ့ ဂန္တ၀င်ရွှေ ပုဂံခရီးသွားလုပ်ငန်းရဲ့ အော်ပရေးရှင်းမန်နေဂျာ မ၀င်းဟန်နီက ဒီဗွီဘီကို ပြောပါတယ်။

ဘောလုံးပွဲုကြည့်ရတာ ၀ါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သေချာတာတခုကတော့ ဇွန်လ ၁၂ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ တလတာအချိန်အတွင်း ကမ္ဘာ့ ဖလားဘောလုံးပွဲသံတွေ ညံနေအောင် ကြားကြရမှာပဲ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

No comments:

Post a Comment