ကန့်ဘလူ ဧပြီ ၂
ကန့်ဘလူမြို့နယ် ထန်းကုန်း ကျေးရွာ၌ ဧပြီ ၉ ရက် ညနေ ၄ နာရီခွဲက မိုးသက် လေပြင်းများ တိုက်ခတ်မှုကြောင့် အစိုးရ အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်များတွင် အမိုးများ၊ ဒိုင်းမြားတန်းတို့ လန်ကျကာ ပျက်စီးမှု ရှိကြောင်းနှင့် လူ၊ ကျွဲ၊ နွားတိရစ္ဆာန်များ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။
ထန်းကုန်း အထကကျောင်း အတွင်းရှိ မူလတန်း တစ်ထပ် ကျောင်းဆောင် သွပ်မိုးများ၊ ထန်းကုန်း ရဲကင်းရဲစခန်းမှ တပ်ဖွဲ့ဝင်နေအိမ် လိုင်းခန်း လေးခန်းတွဲတွင် သုံးခန်းရှိ အရှေ့ဘက်ခြမ်း သွပ်မိုးများ၊ ရတနာ့ ဗိမာန် ဘုန်းတော်ကြီးကျောင်း သွပ်မိုးများ လေလန်ကျပြီး မုခ်ဦး ပြုတ်ကျခြင်း၊ သိမ်ပန်းဆွဲကွာကျခြင်း၊ ထန်းကုန်း ကျေးရွာ ကွန်ကရစ် ဆိုင်းဘုတ် ပြုတ်ကျခြင်းနှင့် လူနေအိမ် သွပ်မိုးများ သွပ်ဆိုက်စုံ ၁၄၀၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံ ဦးမောင်မျိုးက ပြောသည်။
ထို့အပြင် ခါးတောက်ရင်း ကျေးရွာအုပ်စု ကန်ရိုး ကျေးရွာတွင် အလက ကျောင်းဆောင် သွပ်မိုး လေးခန်း ပျက်စီးပြီး ကျေးရွာ စာကြည့်တိုက် (၂×၃)ခန်းတွဲပါ သွပ်မိုးများ လန်ကျ၍ ပျက်စီးခဲ့သည်။ ကြိုးကြာ ကျေးရွာအုပ်စု မင်းကုန်း (ခ) ကျေးရွာတွင် ဦးမောင်ကျော် (၃၀ နှစ်)သည် ၎င်းနေအိမ် (၃_၂)ခန်း သွပ်မိုး ပျဉ်ထောင် ရှေ့တွဲ သက်ငယ်မိုး အောက်ခုံ တန်းလျားတွင် ထိုင်နေစဉ် နေအိမ်ဝင်းရှေ့ရှိ ထန်းပင် လဲကျသဖြင့် နေအိမ်အရှေ့ဘက်စွန်း သွပ်မိုးတွဲပေါ်ကျရာ ဦးမောင်ကျော်ကို ပိမိပြီး ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိ၍ ကန့်ဘလူမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများသို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလွင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးမိုးမိုး၊ ဦးညွန့်ဝင်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် အင်ဂျင်နီယာ ဦးသောင်းတို့ ဧပြီ ၁၀ ရက်က သွားရောက် ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
MOI Webportal Myanmar

No comments:
Post a Comment