Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 12, 2014

(၁၁) ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်နှင့် ရခိုင်ရိုးရာ နံသာသွေးပြိုင်ပွဲ ရန်ကုန်မြို့တွင်ကျင်းပ

(၁၁) ကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်သည့် နံသာသွေးပြိုင်ပွဲကို
စတင်ကျင်းပခဲ့သည်။အဆိုပါ နံသာသွေးပြိုင်ပွဲ ကို ဧပြီ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။ ယင်းနံသာသွေးပြိုင်ပွဲတွင် အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းအသင်းများမှာ ကျောက်တော်မြို့နယ်အသင်း၊ မြောက်ဦးမြို့နယ်အသင်း၊ မောင်တောမြို့နယ်အသင်း၊ ရမ်းဗြဲမြို့နယ်အသင်း၊ ရသေ့တောင်မြို့နယ်အသင်း၊ ပေါက်တောမြို့နယ်အသင်း၊ ကျောက်ဖြူမြို့နယ်အသင်း၊ မာန်အောင်မြို့နယ်အသင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အသင်း၊ မြေပုံမြို့နယ်အသင်း၊ ဘူးသီးတောင်မြို့နယ်အသင်း၊ ရခိုင်အမျိုးသမီးအသင်း၊ ရခိုင်မောင်မယ်အသင်း၊ ရွှေပြည်သာ ရခိုင်အမျိုးသား လူမှုကူညီစောင့်ရှောက်ရေးအသင်း၊ မင်္ဂလာဒုံ ရခိုင်လူမျိုးများ ပရဟိတအသင်းနှင့် လေးဝတီကုလရက္ခိတအသင်းတို့ ဖြစ်ကြသည်။

“ဒီနံသာသွေးပြိုင်ပွဲကို ရခိုင်ရိုးရာ ယဉ်ကျေးမှုနဲ့အညီ ပြုလုပ်လာတာ ၁၁ ကြိမ်မြောက် ရှိပါပြီ။ ဒီပြိုင်ပွဲက ရရှိလာတဲ့ နံသာရေတွေကို ဗုဒ္ဓဘုရားကို ရေသပ္ပာယ်ပြီးတော့ ဘုရားရေသပ္ပာယ်ပွဲ ကျင်းပပြီးတော့ သင်္ကြန်ပွဲတော်ကို စတင်သွားမှာပါ” ဟု ရခိုင်သင်္ကြန်ဖြစ်မြောက်ရေးဥက္ကဌ ဒေါက်တာစံလှကျော်က ပြောသည်။

အဆိုပါ နံသာသွေးပြိုင်ပွဲ၏ ဆုကြေးများအဖြစ် ပထမဆု ကျပ် ၂ သိန်း၊ ဒုတိယဆု ကျပ် ၁ သိန်းခွဲ၊ တတိယဆု ကျပ် ၁ သိန်းနှင့် နှစ်သိမ့်ဆုအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းရခိုင်ပြည်နယ် ဓမ္မာရုံ၌ပင် ရခိုင်ရိုးရာဖြစ်သည့် ဘုရားရေသပ္ပါယ်ပွဲနှင့် သင်္ကြန်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ ဘောလုံးအားကစားကွင်း သင်္ကြန်ရေလောင်း မဏ္ဍပ်ဖွင့်ပွဲကို အကျနေ့၊ သင်္ကြန်ရေလောင်းပွဲကို အကြတ်နေ့၊ သင်္ကြန်ရေလောင်းပွဲနှင့် သင်္ကြန်ပိတ်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် အဆိုပါ သင်္ကြန်ပွဲတော် ကျင်းပနေသည့် ရက်များတွင်လည်း ရခိုင်စတိတ်ရိုးစင်တင် တေးဂီတများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ရခိုင်ရိုးရာ နံသာသွေးပြိုင်ပွဲ ကျင်းပနေစဉ်)

Eleven Media Group





No comments:

Post a Comment