မလေးရှားနိုင်ငံထုတ် သတင်းစာ အများစုက မျက်နှာဖုံးပုံများကို
အနက်ရောင်ဖြင့် ထုတ်ဝေလိုက်ကြသည်။ ဘေဂျင်းရှိ မလေးရှား သံရုံးရှေ့တွင်
ငိုကြွေးသံ၊ ဒေါသတကြီး အော်ဟစ်ရန်တွေ့သံများ ဆူညံနေသည်။ MH370 ခရီးသည်တင်
လေယာဉ်သည် သမုဒ္ဒရာထဲတွင် ပျက်ကျသွားပြီဟု တနင်္လာနေ့က မလေးရှား ဝန်ကြီးချုပ်
ဒါတက်ခ် ဆီရီ နာဂျစ်ဘ် ရာဇက်ခ်က ကြေညာလိုက်ပြီးနောက် သီတင်းနှစ်ပတ်ကျော်ကြာ
အောင့်အီးမျှော်လင့်ထားရမှုများ အားလုံးသည် ရေစုန်မျော ပျက်ပြယ်သွားပြီ ဖြစ်သည်။
ဝန်ကြီးချုပ်က “လေယာဉ်ပျောက်ဆုံးမှုတွေမှာ ဘယ်တုန်းကမှ အသုံးမပြုဖူးတဲ့
နည်းစနစ်တွေကိုတောင် အသုံးပြုပြီး ရှာဖွေခဲ့ကြပါတယ်။ ဂြိုဟ်တုက
ရိုက်ကူးထားတဲ့ ပုံရိပ်တွေအရ MH370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာအလယ်၊
ပါ့သ်မြို့ရဲ့ အနောက်ဘက်မှာ နောက်ဆုံး တွေ့လိုက်ရပါတယ်။ ဒါကြောင့်
စိတ်မကောင်းခြင်း ကြီးစွာနဲ့ပဲ ကျွန်တော် ပြောချင်တာကတော့ တွေ့ရှိချက်
အသစ်တွေအရ MH370ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာပဲ အဆုံးသတ်သွားခဲ့ပါပြီ”ဟု
ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက် အပြီးမှာပင် ပျောက်ဆုံးနေသည့် လေယာဉ်ပေါ်
လိုက်ပါသွားသူများ၏ ဆွေမျိုးမိသားစုများက အပြင်းအထန် ဒေါသတကြီး
ဝေဖန်ခဲ့ကြသည်။ တရုတ်နိုင်ငံသား ထက်ဝက်မျှ လိုက်ပါသွားသည့် လေယာဉ်ကို
ရှာဖွေခဲ့သည့် ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းများကို ထုတ်ပေးရန်
တရုတ်အစိုးရကလည်း မလေးရှားထံ ချက်ချင်း တောင်းဆိုခဲ့သည်။
နာဂျစ်ဘ်က “ပြီးခဲ့တဲ့ သီတင်းပတ်တွေကတော့ အသည်းကွဲကျေ နာကျင်စရာပါပဲ။
ခုဖြစ်ရပ်ကို လက်ခံဖို့ ခက်ခဲနေဦးမှာပါ။ မီဒီယာတွေ အနေနဲ့ နစ်နာထိခိုက်ရသူ
အားလုံးရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လေးစားမှု ထားကြဖို့
မျှော်လင့်ပါတယ်။ လက်ရှိ ခက်ခဲပင်ပန်းလွန်းတဲ့ အခြေအနေမှာ မိသားစုတွေအတွက်
နေရာပေး စာနာကြပါလို့ တိုက်တွန်း လိုပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ မလေးရှား
အစိုးရ၏ ကြေညာချက်ကြောင့် MH370ပေါ် လိုက်ပါသွားသူများ ဆက်လက်
အသက်ရှင်နိုင်သေးကြောင်း မျှော်လင့်ချက်အားလုံး အဆုံးသတ်သွားသည့်
သဘောဖြစ်သည်။ လေယာဉ်ကို ရှာဖွေနေဆဲဖြစ်သည့် လုပ်ငန်းများသည် ရာသီဥတု
အခြေအနေကြောင့် ကြန့်ကြာနေသလို ရက်ပိုင်းအတွင်း တစ်စထက်တစ်စ
ရုပ်သိမ်းသွားဖွယ်လည်း ရှိနေသည်။
ဘေဂျင်းတွင် မလေးရှားသံရုံးရှေ့၌
ရဲများက ပိတ်ဆို့ထားပြီး ဆန္ဒပြသူများကို တားဆီးနေရသည်။ ပူဆွေးဝမ်းနည်းစွာ
ငိုကြွေးနေသော ဆန္ဒပြသူများက “မလေးရှားအစိုးရဟာ လူသတ်သမားတွေ”ဟု ဒေါသတကြီး
အော်ဟစ်နေကြသည်။ လေယာဉ် ပျက်ကျသည် ဆိုသော်လည်း မည်သည့် အစိတ်အပိုင်း
အထောက်အထားမျှ မတွေ့ရသလို ရုပ်အလောင်း တစ်ခုမျှလည်း ပြန်မရဘဲ လက်လွတ်စပယ်
အဆုံးသတ်လိုက်ခြင်းကို မိမိတို့ လက်မခံနိုင်ကြောင်း ဆန္ဒပြသူများက
ကြွေးကြော်ကြသည်။ ဩစတြေးလျ ဒုတိယ စစ်ဦးစီး မာ့ခ်ဘင်စကင်ကလည်း လေယာဉ်ကို
ဆက်လက်ရှာဖွေရန်မှာ အလွန်ခက်ခဲသွားပြီဟု ဝန်ခံခဲ့သည်။
“ကျွန်တော်တို့ဟာ ကောက်ရိုးပုံထဲက အပ်ကို လိုက်ရှာနေတာ မဟုတ်ဘူး။
ကောက်ရိုးပုံကိုတောင် ခုထိ ရှာမတွေ့သေးတဲ့ သဘောပါပဲ”ဟု ၎င်းက ဆိုသည်။ Boeing
777 လေယာဉ်သည် မတ်လ(၇)ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းရင်း
တောင်တရုတ်ပင်လယ် ရေပြင်ထက်တွင် အဆက်အသွယ် ပြတ်သွားကာ ထိုမှတစ်ဆင့်
ထူးထူးဆန်းဆန်း လမ်းကြောင်းလွဲချော် ပျံသန်းသွားခြင်းဟု ယုံကြည်ရသည်။ MH370
ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် အကြောင်းရင်းတို့ကို လုံးဝ
မခန့်မှန်းနိုင်သေးချေ။ ဘေဂျင်းရှိ မလေးရှား သံရုံးရှေ့တွင်မူ
သောကဗျာပါဒမီး တောက်လောင်နေသည့် လူပေါင်း(၂၀၀)ကျော်ကို စိတ်မချမ်းမြေ့ဖွယ်
တွေ့ရှိရမည် ဖြစ်သည်။ “ငါတို့ အမျိုးတွေကို ပြန်ခေါ်ပေး”၊ “မလေးရှား
အစိုးရဆိုတာ လူသတ်သမားတွေပဲ”ဟု လူအများက အော်ဟစ်နေချိန်တွင်
အသက်(၆၈)နှစ်ရှိ အဖွားအို ဝမ်ဝန်ချန်းကမူ “ငါ့သား၊ ငါ့သားကို ပြန်ပေးပါ”ဟု
ရေရွတ်ရင်း ငိုကြွေးလျှက်ရှိသည်။ တရုတ်အစိုးရသည် သာမန်အားဖြင့်
ဆန္ဒပြမှုများကို ဖိနှိပ်လေ့ ရှိသော်လည်း ပြည်ပရေးရာနှင့် ဆက်စပ်ပြီး
တရုတ်ပြည်သူများ ထိခိုက်ခံစားရသည့် အခြေအနေများတွင် ခြွင်းချက်ထား
ဆန္ဒပြခွင့် ပေးထားသည်။
မလေးရှားထုတ် New Straits Times သတင်းစာသည်
မျက်နှာဖုံး တစ်ခုလုံးကို အနက်ရောင် ခြယ်လိုက်ပြီး လေယာဉ်၏
ကောက်ကြောင်းပုံရိပ်ကို အဖြူရောင်ဖြင့် ပုံနှိပ်ကာ ထုတ်ဝေရောင်းချခဲ့သည်။
ကြေကွဲဝမ်းနည်းမှုကို ပြသသော အဆိုပါ မျက်နှာဖုံးတွင် “Good Night
MH370”ဆိုသော စာသားကိုလည်း ရေးသားထားသည်။ ယင်းသည် လေယာဉ်မှ နောက်ဆုံး
ပြန်ကြားချက် ရရှိခဲ့သည့် “Good Night, All Right”ဆိုသည့် နှုတ်ဆက်စကားအား
ရည်စူးထားခြင်း ဖြစ်သည်။ The Star သတင်းစာက MH370 R.I.Pဆိုသော
ခေါင်းစဉ်ဖြင့် လေယာဉ်ပေါ် ပါသွားသူများကို စုစည်းဖော်ပြခဲ့သည်။
တရုတ်ဘာသာစကားဖြင့် ထုတ်ဝေသည့် မလေးရှားသတင်းစာ အားလုံးလိုလိုသည်လည်း
မျက်နှာဖုံးကို ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင်များ
ပြောင်းလဲခဲ့ကြသည်။
Social Mediaများတွင် မလေးရှားနိုင်ငံသား
မြောက်မြားစွာတို့သည် ၎င်းတို့၏ Profile ဓာတ်ပုံများကို အနက်ရောင်အဖြစ်
ပြောင်းလဲခဲ့ကြပြန်သည်။ မလေးရှား၏ သယ်ယူပို့ဆောင်ရေးဌာန ယာယီဝန်ကြီး
ဒါတက်ခ်ဆာရီ ဟစ်ရှာမူဒင်က နိုင်ငံအတွင်းမှ ကိုးကွယ်မှု မတူညီသည့် ဘာသာဝင်
ပေါင်းစုံတို့ အနေဖြင့် မိမိတို့ တတ်နိုင်သည့်အလျှောက်
တောင်းဆုပြုပေးကြပါရန် Twitterမှတစ်ဆင့် ပန်ကြားခဲ့သေးသည်။
ပင်လယ်သမုဒ္ဒရာထဲတွင်မူ လေယာဉ်များသည် ပျံသန်းရင်း၊ သင်္ဘောများသည်
ခုတ်မောင်းရင်း MH370၏ အစအနဟု ယူဆရသည့် အရာတိုင်းကို လိုက်လံရှာဖွေ
ဆန်းစစ်နေဆဲ ဖြစ်သည်။
တနင်္လာနေ့တွင် ဆိုးရွားကြမ်းတမ်းလှသည့်
ရာသီဥတုကြောင့် ရှာဖွေရေး လုပ်ငန်းစဉ် အချို့ကို ရပ်ဆိုင်းထားသော်လည်း
ရာသီဥတု အတန်ငယ် တည်ငြိမ်သည်နှင့် အပြောကျယ်လှသည့် ကမ်းမမြင် လမ်းမမြင်
ရေပြင်ကြီးထဲတွင် ရှာဖွေရေး လုပ်ငန်းစဉ်ကို တစ်ကျော့ပြန် အကောင်အထည်ဖော်ရန်
ကယ်ဆယ်ရေး လုပ်သားများက နိုးကြားနေဆဲ ဖြစ်သည်။ “ကျွန်တော် ပြောချင်တာကတော့
MH370ကို ကျွန်တော်တို့ ဆက်ပြီးတော့ ရှာဖွေနေဦးမယ် ဆိုတာပါပဲ”ဟု ဝန်ကြီး
ဟစ်ရှာမူဒင်က ဖွင့်ဟပြောဆိုသွားခဲ့သည်။
Planet Myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, March 25, 2014
MH370 လေယာဉ် ပျက်ကျကြောင်း ကြေညာပြီးနောက်ဝယ်
MH370 လေယာဉ် ပျက်ကျကြောင်း ကြေညာပြီးနောက်ဝယ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 25, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 25, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment