Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

ဗိုလ်ချုပ်ကြီး လုပ်ရခြင်းထက် လွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရခြင်းကို ပိုမိုနှစ်သက်ဟု သူရဦးရွှေမန်းဆို


Friday, January 24, 2014

တပ်မတော်အစိုးရ လက်ထက်တွင် နံပါတ်သုံးအဆင့်ရှိ ထိပ်တန်း ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တာဝန် ထမ်းဆောင်ရခြင်းထက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန် ထမ်းဆောင်ရခြင်းကို ပိုမိုနှစ်သက်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခင်တပ်မတော်တွင် တာဝန် ထမ်းဆောင်စဉ်က လုပ်ပိုင်ခွင့် အကန့်အသတ်ဖြင့် လုပ်ဆောင်ခဲ့ရပြီး လွှတ်တော်ဥက္ကဋ္ဌ ဆောင်ရွက်ရာတွင် လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်သောကြောင့် ပိုမိုနှစ်သက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တရားမျှတမှုကို မြတ်နိုးတော့ လွှတ်တော်ဥက္ကဋ္ဌ လုပ်ရတာ ပိုမိုနှစ်ခြိုက်တယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

လက်ရှိတွင် လွှတ်တော်အတွင်း ပြည်ထောင်စုလွှတ်တော် နာယက တာဝန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်တို့ကို ယူထားရခြင်းကို ကျေနပ်သဘောကြပြီး ယခင်အစိုးရ လက်ထက်တွင် တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး တာဝန်ထက် အမှန်တရားကို စိတ်ကြိုက် ဆုံးဖြတ်နိုင်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် သူရဦးရွှေမန်းက ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံရပါကလည်း လက်တွဲ လုပ်ဆောင်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စက ငြိမ်းချမ်းရေး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံတော် အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေလို့ ကြိုးစား လုပ်ဆောင်သွားမှာ” ဟုလည်း သူရဦးရွှေမန်းက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံရေး ကိစ္စတွင် တွေ့ဆုံရေးကို လက်ခံသော်လည်း နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေး ဦးစီချုပ်တို့ကို တွေ့ဆုံရေးအတွက် တိုက်တွန်းရန် ၎င်းအနေနှင့် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို နိုင်ငံတော်သမ္မတက အတည်မပြုမီ လွှတ်တော်မှ ကိုယ်စားလှယ်များ၏ မဲဆန္ဒ နယ်မြေများတွင် ဒေသဖွံ့ဖြိုးရေး ကျပ်သိန်းတစ်ထောင် သုံးစွဲထားခြင်းသည် အစိုးရအဖွဲ့နှင့် လွှတ်တော်ကြား သဘောထား ကွဲလွဲမှုရှိနေသော်လည်း ပြည်သူ့ အကျိုးစီးပွားကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် ပြောဆိုနေကြသော်လည်း မိမိအနေဖြင့် ယင်းကဲ့သို့ သတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းကပြောကြားသည်။

သူရဦးရွှေမန်းသည် ၁၉၆၉ ခုနှစ်မှ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် တာဝန်ထမ်းဆောင်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း တပ်မတော်မှ နုတ်ထွက်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဇေယျာသီရိ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ်ပါ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

သူရဦးရွှေမန်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမည်ဟု ရေပန်း စားခဲ့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ်သာ ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment