CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 16, 2014
မြစ်ဆုံနှင့် လက်ပံတောင်း စီမံကိန်းများ၏ စာချုပ်များ၊ လုပ်ငန်း အခြေအနေများကို လွှတ်တော်သို့ တင်ပြမည်
နေပြည်တော်၊ ဇန်နဝါရီ ၁၆
တပ်မတော် အစိုးရလက်ထက်က တရုတ်နိုင်ငံနှင့် လက်မှတ် ရေးထိုးထားသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် လက်ပံတောင်းတောင် စီမံကိန်းတို့၏ မူလချုပ်ဆိုထားသော စာချုပ်များနှင့် လုပ်ငန်းများ ဆက်လက် အကောင်အထည် ဖော်နိုင်စွမ်း ရှိ မရှိ အခြေအနေကို အစိုးရအဖွဲ့အတွင်း ပြန်လည် သုံးသပ်ကာ လွှတ်တော်သို့ တင်ပြပေးမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။
ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်က ယခင်အစိုးရ လက်ထက်က လက်မှတ် ရေးထိုးထားသော မြစ်ဆုံစီမံကိန်းနှင့် လက်ပံတောင်းတောင် စီမံကိန်း အပါအဝင် အခြားစီမံကိန်းများ တွင် သဘောတူထားသည့် နားလည်မှု စာချွန်လွှာများ၊ သဘောတူ စာချုပ်များနှင့် စီးပွားရေးဆိုင်ရာ စာချုပ်များကို လွှတ်တော်သို့ ရှင်းလင်း တင်ပြပေးရန်ရှိ မရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သက်တမ်း မကုန်သေးဘဲ ကန့်ကွက် ခံနေရတဲ့ မြစ်ဆုံနဲ့ လက်ပံတောင်းတောင် စီမံကိန်းတွေရဲ့ စာချုပ်သက်တမ်းနဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေကို လွှတ်တော်ကို ပြန်တင်ပြပေးပါ့မယ်” ဟု ၎င်းကဆိုသည်။
တပ်မတော်အစိုးရ လက်ထက်တွင် ပြည်ပနိုင်ငံများနှင့် ရေးထိုးထားသော စီးပွားရေး သဘောတူစာချုပ်နှင့် စာလွှာပေါင်း ၉၈၂ ခု လက်မှတ် ရေးထိုးခဲ့ကြောင်း၊ အဆိုပါ စာချုပ်များထဲမှ စာချုပ်နှင့် စာလွှာများထဲမှ ၈၂၁ ခုမှာ လက်ရှိအချိန်အထိ သက်တမ်းကုန်ဆုံးခြင်း မရှိသေးဘဲ လုပ်ငန်း လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း ဒေါ်ခင်စန်းရီက ပြောကြားသည်။
အဆိုပါ စာချုပ်များတွင် မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း စသည့် တရုတ်နိုင်ငံနှင့် လုပ်ကိုင်သော စီမံကိန်း ၃၅ ခု ရှိကြောင်း ၎င်းကဆိုသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အများပြည်သူ ကန့်ကွက်မှု ခံနေရသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။
အဆိုပါ စီမံကိန်းကို တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက ပြန်လည် လုပ်ဆောင်ရန် မြန်မာအစိုးရနှင့် ညှိနှိုင်းလိုကြောင်း အကြိမ်အကြိမ် တောင်းဆိုထားသည်။
တရုတ်နိုင်ငံက လုပ်ဆောင်လျက် ရှိသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကိုလည်း ၂၀၁၂ ခုနှစ်က ယင်းဒေသခံများက အပြင်းအထန် ကန့်ကွက်ခဲ့သောကြောင့် အဆိုပါ စီမံကိန်း စာချုပ်ကို အသစ်ပြန်လည် ချုပ်ဆိုထားသော်လည်း မြေယာသိမ်း ပြဿနာများနှင့် လျော်ကြေးငွေ ပြဿနာကြောင့် ကန့်ကွက်မှုများ ရှိနေသေးသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများ၌ အများဆုံး ရင်းနှီးမြုပ်နှံထားပြီး ၂၀၁၃ ခုနှစ် စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် လုပ်ငန်း ၃၅ မျိုးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀၀၀ ကျော် ရှိကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။
Credit To :The Voice Weekly
မြစ်ဆုံနှင့် လက်ပံတောင်း စီမံကိန်းများ၏ စာချုပ်များ၊ လုပ်ငန်း အခြေအနေများကို လွှတ်တော်သို့ တင်ပြမည်
Reviewed by VC
on
January 16, 2014
Rating: 5
Reviewed by VC
on
January 16, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment