Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 3, 2014

မန္တလေး သဇင်ဘီစကစ်စက်ရုံ နေ့စားအလုပ်သမား ၁၀၀ ဦးကျော် ဆန္ဒထုတ်ဖော်

မန္တလေး၊ ဇန်နဝါရီ ၂

မန္တလေးစက်မှုဇုန်ရှိ သဇင်ဘီစကစ် စက်ရုံတွင် တနင်္ဂနွေနေ့၌ အလုပ်မဆင်းသော စက်ရုံအလုပ်သမား ၂၅ ဦးနှင့် နေ့စား အလုပ်သမား ၁၀၀ ကျော်တို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က အလုပ်ဆင်းခွင့် မပေးတော့သည့်နောက် အဆိုပါ နေ့စား အလုပ်သမား ၁၀၀ ဦးကျော် တို့သည် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း အဆိုပါပွဲတွင် ဦးဆောင်သူ ဦးအောင်နိုင်ထံမှ သိရှိရသည်။
“လောလောဆယ်တော့ မြို့နယ် ဖျန်ဖြေရေးတွေနဲ့ အလုပ်ပိတ်ရက် ကိစ္စကို ဆွေးနွေးနေပါတယ်။ ည ၇ နာရီအချိန်ထိတော့ သဘောတူညီချက် တစ်ခုမှ မရသေးပါဘူး” ဟု ဦးအောင်နိုင်က ဆိုသည်။

ပြည်ကြီးတံခွန်မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးထားသော ၁၅ ချက်ပါ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်ထဲမှ တနင်္ဂနွေနေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားခြင်းကို အလုပ်ရှင်ဘက်က ဖောက်ဖျက်ခြင်း ဖြစ်ပြီး စက်ရုံ ပိတ်ရက်ကို တနင်္ဂနွေနေ့ ပိတ်မှသာ သဘောတူမည် ဖြစ်ကြောင်း ဦးအောင်နိုင်က ထပ်မံပြောကြားသည်။
“လောလောဆယ်တော့ အလုပ်သမားဘက်က ခေါင်းဆောင်တွေနဲ့ မြို့နယ် ဖျန်ဖြေရေးက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေပါတယ်။ ဒီမှာက ပိတ်ရက် အများစုက ဥပုသ်နေ့ ပိတ်စေချင်တယ်။ သူတို့က တနင်္ဂနွေနေ့ ပိတ်ချင်တာ ဥပုသ်နေ့ ပိတ်ချင်တဲ့လူက အများစု ဖြစ်နေတော့ အများဘက်ကို လိုက်ပြီး ပိတ်ပေးရတာပါ” ဟု သဇင်ဘီစကစ် စက်ရုံပိုင်ရှင် ဦးအောင်စိုးဝင်းက ဆိုသည်။

သဇင်ဘီစကစ် စက်ရုံနှင့် အလုပ်သမားများအကြား ဒီဇင်ဘာလ ၁၆ ရက်နေ့က ချုပ်ဆိုထားသော စာချုပ်အပိုဒ် (ဇ) တွင် တနင်္ဂနွေနေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားရာ ဒီဇင်ဘာလ ၂၂ ရက် တနင်္ဂနွေနေ့က အလုပ်ဆင်းရန် ငြင်းဆိုခဲ့ပြီး နောက်တနင်္ဂနွေ ဖြစ်သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အလုပ်ဆင်းရန် ငြင်းဆန်သဖြင့် အဆိုပါနေ့တွင် အလုပ်မဆင်းသည့် စက်ရုံ အလုပ်သမား ၂၅ ဦးကို ဒီဇင်ဘာလ ၂၈ ရက်နေ့က အလုပ်ထုတ်လိုက်ပြီး နေ့စားဝန်ထမ်း တစ်ရာကျော်ကို အလုပ်ဆင်းခွင့် မပေးတော့ကြောင်း အလုပ်ထုတ်ခံရသူ ဦးအောင်နိုင်ကျော်က ထပ်မံပြောကြားသည်။

သဇင် ဘီစကစ်စက်ရုံရှိ အလုပ်သမား ၂၀၀ ဦးကျော်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ဆိုကာ ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့ တိုင်ကြားခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလုပ်သမားများနှင့် အလုပ်ရှင်တို့ ရှေ့မှောက်တွင် အချက် ၁၅ ချက်ပါ သဘောတူညီချက်များ ရယူပြီး ပြေလည်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့နှင့် အလုပ်ရှင် အလုပ်သမားများ ဒီဇင်ဘာလ ၁၆ ရက်နေ့က သဘောတူညီထားသော သဘောတူညီချက်များ၏ အပိုဒ် ၂ တွင် နှစ်ဖက် သဘောတူစာချုပ်ကို တောင်းဆိုသူ အလုပ်သမားကဖြစ်စေ၊ တောင်းဆို ခံရသူ အလုပ်ရှင်ကဖြစ်စေ တစ်ဖက်ဖက်က ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွန်ကြားချက်များအရ အရေးယူခံရမည် ဖြစ်ကြောင်းကိုပါ ထည့်သွင်းသဘော တူညီထားကြောင်း မြို့နယ် ဖျန်ဖြေရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရှိရသည်။

No comments:

Post a Comment