Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 30, 2013

ကပ္ပလီဆန်ပြီး အစွန်းရောက်တဲ့ Hip Hop မျိုးတော့ မြန်မာပရိသတ် မကြိုက်လောက်ဘူးလို့ဆိုတဲ့ ကျော်ထွဋ်ဆွေ

ထက်ဆု
လူငယ်ဆန်တဲ့ သီချင်းလေးတွေနဲ့ Hip Hop ဂီတလောကထဲမှာ သီခြားရပ်တည်နေတယ်လို့ ပြောလို့ရတဲ့ ကျော်ထွဋ်ဆွေကို ထိုင်းဘုရင်မွေးနေ့ပွဲ သွားဆိုဖြစ်တယ်ဆိုတဲ့ သတင်းလေး သိရတာကြောင့် သူ့ရဲ့ ဂီတအမြင်၊ ဖက်ရှင်အမြင်တချို့ကို အခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး-    အစ်ကို့ရဲ့ လတ်တလောလှုပ်ရှားမှုဆိုရင်။
ဖြေ-    ဘိုဘို Entertainment (၃)နှစ်ပြည့်အတွက် သီချင်းလုပ်နေပါတယ်။
မေး-    ထိုင်းဘုရင်မွေးနေ့ပွဲအတွက် အစ်ကိုနဲ့ ဂျောက်ဂျက်နဲ့ သွားဆိုမယ်သိရတယ်။ တခြားဘယ်သူတွေ ဘာသေးလဲ။
ဖြေ-    ဟုတ်တယ်ခင်ဗျ။ တခြားဘယ်သူမှတော့ မပါဘူး။ ကျွန်တော်တို့နှစ်ယောက်ပဲ။
မေး-    အစ်ကိုတို့ နှစ်ယောက်ကိုပဲ သီးသန့်ခေါ်ဖြစ်တဲ့အကြောင်းက။
ဖြေ-    သူက မြို့နယ်အလိုက်ပေါ့။ မဲဆောက်မြို့နယ်အတွက်က ကျွန်တော်တို့ နှစ်ယောက်ပါ။ တခြားမြို့နယ်တွေအတွက်က တခြားသူတွေရှိတယ်။ ဘယ်သူတွေလဲတော့ မသိဘူး။
မေး-    Jimmy Jacob နဲ့တွဲပြီး သီချင်းလုပ်ထားတာ တွေ့ရတယ်။ ဘယ်လိုတွဲဖြစ်သွားတာလဲ။
ဖြေ-    သူနဲ့လည်း နဂိုကတည်းကခင်ပါတယ်။ သူကလည်း sample တစ်ခွေ လုပ်စရာရှိတယ် ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။
မေး-    အစ်ကိုတို့နှစ်ဦးနှစ်ဖက် ဘယ်လိုအကျိုးကျေးဇူးတွေများ ရနိုင်သလဲ။
ဖြေ-    အဓိကကတော့ သူ့ကိုကူညီပေးတာပေါ့နော်။ သူကလည်း နဂိုကတည်းက ကိုယ်တွေထက် ပိုကြိုးစားတဲ့သူဆိုတော့။
မေး-    အစ်ကို ကိုယ်တိုင်ကလည်း underground ကနေ mainstream ပေါ်ရောက်လာသူ တစ်ဦးဆိုတော့ underground ကလူတွေနဲ့ ပြန်ပြီးလက်တွဲရတဲ့အခါ ဘယ်လိုခံစားရလဲ။
ဖြေ-    ပျော်ပါတယ်။ ငယ်ငယ်တုန်းကလို ပြန်ခံစားရတာပေါ့။
မေး-    Hip Hop လောကမှာ အခုတလော တစ်ဖွဲ့နဲ့တစ်ဖွဲ့ beef လေးတွေရှိနေတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ-    ဒါကတော့ရှိမှာပါပဲ။ ဒီ Hip Hop မှမဟုတ်ပါဘူး။ ဘယ်မှာမဆိုရှိပါတယ်။ လူငယ်တွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သည်းမခံကြဘူးပေါ့။
မေး-    Hip Hop မြူးဇစ် အနည်းငယ်ပြောင်းလဲလာတဲ့အခါ မြန်မာနိုင်ငံမှာရော ဘယ်လို Hip Hop အမျိုးအစားတွေ ခေတ်စားလာနိုင်တယ်လို့ ထင်လဲ။
ဖြေ-    မြန်မာနိုင်ငံမှာကတော့ မြန်မာပြည်သူတွေနဲ့လိုက်တဲ့ Hip Hop တွေ ခေတ်စားမှာပေါ့။ အရမ်းကြီး အစွန်းမရောက်တာပေါ့။ ကပ္ပလီအရမ်းဆန်ပြန်တော့လည်း မြန်မာတွေက ကပ္ပလီမှ မဟုတ်တာ။ လိုက်နားထောင်လို့ အဆင်ပြေမယ့် ဟာမျိုးပေါ့။
မေး-    အစ်ကို့သီချင်းတွေကို အခု ဘယ်သူတွေနဲ့တီးဖြစ်လဲ။
ဖြေ-    အခုနောက်ပိုင်းကတော့ ကိုယ့်ဟာကိုယ်တီးတယ်။ မတီးရင် ထိန်ဝင်းတီးပေးတယ်။
မေး-    KHS production ကပဲ ဖြန့်တာလား။
ဖြေ-    ဟုတ်ပါတယ်။
မေး-    အနဂ္ဂ က မြန်မာနိုင်ငံရဲ့ DJ တွေ မလုံလောက်သေးဘူးလို့ ပြောထားတဲ့အပေါ် အစ်ကို ဘယ်လိုမြင်လဲ ။
ဖြေ-    DJ တွေမလုံလောက်သေးဘူးဆိုတာတော့ ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာက DJ ဆို လူတွေကလည်း သိပ်အလေးမထားဘူး။ DJ ဆို DVD စက်နဲ့ play နှိပ်တာလောက်ပဲထင်တာ။
မေး-    သူတို့ ရပ်တည်မှုအပိုင်း ခက်ခဲတာမျိုး ရှိလား။
ဖြေ-    ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက်လုပ်ကွက်က ဘာမှမရှိဘူး။ ညဘက်ဆို ကလပ်တွေမှာ ဖွင့်တာလောက်ပဲရှိတာ။ ကလပ်ကလည်း လက်ချိုးရေလို့ရတယ်။ အဲ့တော့ DJ ကလည်း လက်ချိုးရေလို့ရတယ်။ ရပ်တည်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
မေး-    ဒါဆို အစ်ကိုတို့ သီချင်းဆိုတဲ့အခါမျိုး၊ ရှိုးဆိုတဲ့အခါမျိုးမှာ DJ အခက်အခဲ ရှိတတ်လား။
ဖြေ-    ကျွန်တော်တို့ကတော့ DJ ကိုညီညီဆွေနဲ့ ရှိုးပွဲတွေမှာ အများဆုံးလုပ်ဖြစ်တယ်။ ရှိုးတွေ ဘာတွေမှာ သူပဲပါလာတာများတော့ နောက်ပိုင်းခင်သွားတာပေါ့။ သူနဲ့ပဲ အများဆုံးလုပ်ဖြစ်ပါတယ်။
မေး-    သီချင်းရေးရင် ကိုယ်ကိုယ်တိုင်ရေးတာများတယ်နော်။ ဘယ်အပေါ်မှာ အခြေခံ အိုင်ဒီယာ ယူပြီးရေးလဲ။
ဖြေ-    ဟုတ်ကဲ့။ အများဆုံးကတော့ ကိုယ်တွေ့အဖြစ်အပျက်ပေါ့။ ကျွန်တော် ကြုံတွေ့ရတာလေးတွေ ရေးဖြစ်ပါတယ်။
မေး-    အစ်ကို လက်တွဲလုပ်ချင်တဲ့ ဆန္ဒရှိနေတဲ့ rapper (ဒါမှမဟုတ်) အတီးသမား တစ်ယောက်လောက်များ ရှိလား။
ဖြေ-    တွဲမလုပ်ဖူးတဲ့ rapper တွေ အကုန်လုံးနဲ့ တွဲလုပ်ချင်ပါတယ်။
မေး-    အစ်ကို ကူညီပြီး လုပ်ပေးဖြစ်နေတဲ့ အဖွဲ့အသစ်လေးတွေ ရှိလား။
ဖြေ-    ကူညီတယ်လို့တော့ မဟုတ်ပါဘူး။ ဒီလိုပဲ ကျွန်တော့်ဆီလာတော့ တွေ့ရင်းနဲ့ လုပ်ဖြစ်သွားတာပေါ့နော်။ Lil Z တို့ဘာတို့ရှိတယ်။ နောက်ပိုင်းကောင်လေးတွေပေါ့။ တော်တော်လည်းမိုက်တယ်။ ကိုယ်တွေထက်တောင် မိုက်သေးတယ်။
မေး-    Fashion ပိုင်းမှာရော ဘယ်လိုမျိုးတွေ ခေတ်စားလာနိုင်လဲ။
ဖြေ-    Fashion ကတော့ တဖြည်းဖြည်းနဲ့ ယောက်ျားလေးတွေကတော့ ပိုပြီးတော့လုံလာမယ်။ ယောက်ျားလေးတွေက အခုနောက်ပိုင်း ဟိုးအရင်က ခေတ်ကို ပြန်သွားနေသလိုမျိုးပဲ။ ရာသီဥတုနဲ့လည်း လိုက်အောင် ၀တ်ရမှာပေါ့။ မိန်းကလေးတွေကတော့ သက်သာတယ်လေ။ (ရယ်လျက်)
မေး-    အသက်အရွယ် အပိုင်းအခြားအလိုက် သီချင်းရေးတဲ့နေရာမှာ ပရိတ်သတ်ကို ပေးချင်တဲ့ theme လေးတွေ ပြောင်းလာတာမျိုးရှိလား။
ဖြေ-    လူငယ်တွေပေါ့။ တချို့ကလေးတွေ ကျွန်တော်တို့သီချင်းနားထောင်ပြီး လိုက်လုပ်ကြတာ တွေ့ရတယ်။ ဆံပင်ပဲဖြစ်ဖြစ် ၊ အင်္ကျံပဲဖြစ်ဖြစ် သီချင်းထဲမှာ ထည့်ဆိုလို့ လိုက်ဝတ်ကြတဲ့ ကလေးတွေ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ဖြစ်စေချင်တာလေးတွေကို သီချင်းထဲမှာ တိုက်ရိုက်မဟုတ်တောင်မှ သွယ်ဝိုက်တဲ့ နည်းတွေနဲ့ ထည့်ထည့်သွားပေးရင်တော့ အကောင်းဆုံးပါပဲ။ အခုက လမ်းတွေကလဲ အကုန်ပွင့်လင်းနေပြီဆိုတော့။ ကလေးတွေကိုပဲ အားကိုးရတော့မှာပဲ။
မေး-    အခုခေတ်စားနေတဲ့ K-Pop ကိုဘယ်လိုမြင်လဲ။
ဖြေ-    ကောင်းပါတယ်။ ကမ္ဘာပေါ်မှာ K-Pop ဆိုပြီး လိုင်းတစ်လိုင်းအနေနဲ့ လူတိုင်းအသိအမှတ် ပြုအောင် သူတို့လုပ်သွားနိုင်တယ်။ တကယ်အတုယူမယ်ဆိုရင်တော့ ဒီလိုအချက်တွေကို အတုယူလို့ ရပါတယ်။ ၀တ်တာစားတာတွေ ၊ မိတ်ကပ်တွေ ၊ အိုင်းလိုင်နာတွေကို အတုယူလို့တော့မရဘူး။
မေး-    သူတို့ရဲ့ သီချင်းပိုင်းကိုပေါ့နော်။
ဖြေ-    ဟုတ်ကဲ့။ သူတို့ Korean Pop ဆိုပြီးတော့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသွားတဲ့ အချက်ကတော့ တော်တော်ကြီးကို လေးစားဖို့ကောင်းတယ်။ ကျန်တဲ့ မြူးဇစ်ပိုင်းကတော့ သူသူ ကိုယ်ကိုယ်တော့ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံလဲရှိတဲ့အတွက် ကိုယ်တွေထက် အားကောင်းတယ်။ သူတို့မြူးဇစ်ကိုက နဂိုကတည်းက Pop ဘက်ကိုအားသာတယ်။ သူတို့ ဘာသာစကားအရ သူတို့ဆိုပုံဆိုပေါက်က အဲ့လိုမျိုးဆိုမှကို အဆင်ပြေမှာ။ ကျွန်တော်တို့အနေနဲ့ ကလည်း သူတို့လိုမျိုးကြီးလိုက်လုပ်လို့ကတော့ မကောင်းဘူးလေ။
မေး-    MTV သတင်းလေးကရော။
ဖြေ-    ဆင်ဆာ တင်ထားပါတယ်။ ဘယ်တော့ကျမယ်တော့ မသိသေးဘူး။
မေး-    ဟုတ်ကဲ့အစ်ကို့ကို ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ-    ဟုတ်ကဲ့ ခင်ဗျ။

No comments:

Post a Comment