Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

အာရှနှင့်ဥရောပတိုက်ကို ဆက်သွယ်ပေးမည့် ပထမဆုံး ပင်လယ်ရေအောက် ဥမင်ရထားလမ်း တူရကီဖောက်လုပ်မည်

foreign_ashorp_skyscrapercity-com
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂၈
တူရကီနိုင်ငံသည် အာရှတိုက်နှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးမည့် ကမ္ဘာ့ ပထမဆုံး ပင်လယ်ရေအောက် ဥမင်ရထားလမ်းကို ဖောက်လုပ်တော့မည် ဖြစ်ကြောင်း AFP သတင်းဌာနတွင် ဖော်ပြထားသည်။
တူရကီနိုင်ငံသည် အစ္စတန်ဘူလ် ရေလက်ကြားကိုဖြတ်၍ ဖောက်လုပ်မည့် အဆိုပါ ပင်လယ်ရေအောက် ဥမင်ရထားလမ်း စီမံကိန်းကို အောက်တိုဘာလ ၂၉ ရက်နေ့ တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။
အစ္စတန်ဘူလ်မြို့၏ အာရှတိုက်ဘက်ခြမ်းနှင့် ဥရောပတိုက်ဘက်ခြမ်းကို ဆက်သွယ်ပေးမည့် ပင်လယ်ရေအောက် ဥမင်တစ်ခု တည်ဆောက်ရန် အော်တိုမန်အင်ပါယာ၏ ဘုရင်တစ်ပါး ဖြစ်သော အက်ဘ်ဒေါလ် မတ်ဂျစ်က ၁၈၆၀ ပြည့်နှစ်ကတည်း ကြံစည်ခဲ့ခြင်း ဖြစ်သော်လည်း နည်းပညာနှင့် ဘဏ္ဍာငွေ လိုအပ်ချက်များကြောင့် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိချေ။
ထို့အတူ အစ္စတန်ဘူလ်မြို့တော်ဝန် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသော တူရကီနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ဖြစ်သူ အာဒိုဂန်က ၂၀၀၄ ခုနှစ်တုန်းက အစ္စတန်ဘူလ် ရေလက်ကြားကို ဖြတ်၍ ပင်လယ်ရေအောက် ဥမင်ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်း အပါအဝင် အခြားဆောက်လုပ်ရေး စီမံကိန်းများ ပါဝင်သော မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း တစ်ခုကို အကောင်အထည်ဖော်ရန် ကြိုးစား ခဲ့သေးသော်လည်း အတိုက်အခံများ၏ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် မစတင်နိုင်ခဲ့ချေ။
အာဒိုဂန်၏ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကြောင့် မြို့သူ၊ မြို့သား အများအပြား၏ နေအိမ်များ ဆုံးရှုံးရနိုင်ပြီး မြို့တော်၏ စိမ်းလန်းစိုပြည်သော နေရာများလည်း ပျက်စီးနိုင်သည် ဟုဆိုကာ အတိုက်အခံများ က ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ပင်လယ်ရေအောက်ဥမင် ရထားလမ်းစီမံကိန်းကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဆိုသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများကို အပြည့်အဝ စတင်လုပ်ဆောင်နိုင်ဦးမည် မဟုတ်ကြောင်း အစ္စတန်ဘူလ် မြို့ပြစီမံကိန်း ရေးဆွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီစီမံကိန်းမှာ ပါဝင်တဲ့ လုပ်ငန်း ဆောင်တာတွေကို လုပ်ဆောင်နိုင်ဖို့ အကန့်အသတ်တွေ အများကြီး ရှိနေပါတယ်။ လုပ်ငန်းနှောင့်နှေးနိုင်တဲ့ ပြဿနာ အများအပြားနဲ့ မကြာခင် ကြုံတွေ့ရနိုင်ပါတယ်။ ဒီစီမံကိန်းကို ဘာကြောင့် ဒီလောက် မြန်မြန်ဆန်ဆန် ဖွင့်လှစ်တယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး” ဟု အစ္စတန်ဘူလ် မြို့ပြစီမံကိန်း ရေးဆွဲရေးဌာန၏ ဥက္ကဋ္ဌ တေဖန်ခါရာမန်က ပြောကြားသည်။
ထို့အပြင် ယခုဖောက်လုပ်မည့် ဥမင်ရထားလမ်းမှာ ပင်လယ်ကြမ်းပြင်အောက် မီတာ ၅၀ ကျော်အနက်တွင် ဖောက်လုပ်ရမည် ဖြစ်သဖြင့် ငလျင်ဒဏ်ကို ခံနိုင်ရည် ရှိရန်လည်း လိုအပ်မည် ဖြစ်သည်။
ခန့်မှန်းခြေ ယူရိုသုံးဘီလီယံခန့် ကုန်ကျမည့် တူရကီနိုင်ငံ၏ အဆိုပါ ပင်လယ်ရေအောက် ဥမင်ရထားလမ်း စီမံကိန်းကို ဂျပန်နိုင်ငံ ဗဟိုဘဏ်က ယူရို ၇၃၅ သန်း ထည့်ဝင်ပေးပြီး ဘဏ္ဍာငွေ အဓိက ထောက်ပံ့သူအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် စီမံကိန်းဖွင့်ပွဲသို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလည်း တက်ရောက်မည်ဖြစ်သည်။
လူဦးရေ ၁၅ သန်းကျော်ရှိပြီး လူ နှစ်သန်းကျော်က အစ္စတန်ဘူလ် ရေလက်ကြားကို တံတားနှစ်စင်း ပေါ်မှနေ၍ နေ့စဉ် ဖြတ်သန်းလျက်ရှိသော အစ္စတန်ဘူလ်မြို့ အတွက် ယာဉ်ကြောပိတ်ဆို့မှုမှာ အဓိက ပြဿနာတစ်ရပ် ဖြစ်လျက်ရှိသည်။
သို့သော် အစ္စတန်ဘူလ်မြို့၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ဆက်သွယ်ပေးမည့် ပင်လယ်ရေအောက် ဥမင်ရထားလမ်း ပြီးစီးသွားပါက တစ်နာရီလျှင် လူပေါင်း ၁၅၀,၀၀၀ ခန့်ကို အစ္စတန်ဘူလ် ရေလက်ကြားကိုဖြတ်၍ ပို့ဆောင်ပေးနိုင်မည် ဖြစ်သဖြင့် ယခုကြုံတွေ့နေရသော သယ်ယူပို့ဆောင်ရေး ပြဿနာများ ပြေလည်သွားနိုင်သည်ဟု လက်ရှိအစ္စတန်ဘူလ် မြို့တော်ဝန် ကာဒီးရ်တော့ဘက်စ်က ပြောကြားသည်။
http://thevoicemyanmar.com/voice/%E1%80%A1%E1%80%AC%E1%80%9B%E1%80%BD%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%A5%E1%80%B1%E1%80%9B%E1%80%AC%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%80%E1%80%AD%E1%80%AF/

No comments:

Post a Comment