Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

စပိန်နိုင်ငံ၏ တယ်လီဖုန်းခေါ်ဆိုမှု အကြိမ် သန်း ၆၀ ခန့်ကို အမေရိကန်ထောက်လှမ်းရေး စောင့်ကြည့်ခဲ့ဟု သတင်းထွက်ပေါ်

foreign_spnnetlp_AFP
မက်ဒရစ်၊ အောက်တိုဘာ ၂၈
အမေရိကန်နိုင်ငံသားများ သာမက အနောက်ကမ္ဘာ နိုင်ငံများမှ ပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှု များနှင့် ရင်ဆိုင်နေရသော အမေရိကန်အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) သည် စပိန်နိုင်ငံမှ တယ်လီဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း သန်း ၆၀ ခန့်ကို တစ်လအတွင်း လျှို့ဝှက်စွာ စောင့်ကြည့် ခဲ့သည်ဟု စပိန်မီဒီယာတစ်ခုက ရေးသား ဖော်ပြလိုက်သည်။
ထိုသို့ စပိန်နိုင်ငံမှ တယ်လီဖုန်းခေါ်ဆိုမှု အကြိမ်ရေ သန်း ၆၀ ခန့်ကို NSA က စောင့်ကြည့်ခဲ့သည် ဟူသော စွပ်စွဲ ဖော်ပြချက်သည် NSA ကန်ထရိုက်တာဟောင်း နှင့် လက်ရှိ ပြည်ပြေးဘဝဖြင့် နေထိုင်လျက်ရှိသူ အက်ဒဝပ်စနိုးဒန်က ပေးပို့သည့် သတင်းအချက်အလက် များကို ကိုးကားဖော်ပြခြင်း ဖြစ်သည်ဟု သတင်းကဆိုသည်။
NSA သည် တယ်လီဖုန်းနံပါတ်များ၊ ခေါ်ဆိုသူများနှင့် ခေါ်ဆိုခြင်းခံရသူ တို့၏ တည်နေရာများကို ရယူခဲ့ခြင်း ဖြစ်သော်လည်း ပြောဆိုသည့် အကြောင်းအရာများကို ရယူခဲ့ခြင်း မဟုတ်ကြောင်း စပိန်မီဒီယာက ဆိုသည်။
ထိုသို့ စပိန်နိုင်ငံမှ တယ်လီဖုန်း ခေါ်ဆိုမှုများကို NSA ကစောင့်ကြည့်သည် ဟူသော သတင်းသည် အမေရိကန်ပြည်ထောင်စုသို့ ဥရောပသမဂ္ဂ ပါလီမန် ကိုယ်စားအဖွဲ့ သွားရောက်ပြီး ဆွေးနွေးပွဲများ တက်ရောက်ရန် ပြင်ဆင်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုသို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ လျှို့ဝှက်စွာ သတင်းအချက် အလက်များ ရယူသည့်ကိစ္စနှင့် ပတ်သက်၍ အီးယူပါလီမန်၏ အရပ်ဘက် လွတ်လပ်မှုများ ဆိုင်ရာ ကော်မတီမှ အရာရှိများက အမေရိကန်ကွန်ဂရက် အဖွဲ့ဝင်များကို ထုတ်ဖော် ပြောဆိုသွားရန် စီစဉ်ထားသည်။
တစ်ချိန်တည်းမှာပင် ဂျပန်သတင်း အေဂျင်စီတစ်ခု၏ ရေးသားဖော်ပြချက် အရ အာရှပစိတ်ဖိတ် ဒေသတစ်ခုလုံးမှ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းအချက်အလက် များကို ရယူနိုင်သည့် ဖိုင်ဘာဖန်ကြိုးမျှင် ကေဘယ်ကို ဂျပန်နိုင်ငံမှတစ်ဆင့် စောင့်ကြည့်ရာ၌ အကူအညီပေးရန် NSA က ဂျပန်အစိုးရ ကို ပြောဆိုခဲ့ဖူးကြောင်း သိရသည်။
အဆိုပါသတင်းကို Kyodo သတင်းဌာနက ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်းချက်သည် တရုတ်နိုင်ငံအပေါ် သူလျှိုလုပ် စောင့်ကြည့်ရန် ဦးတည်ခြင်းဖြစ်ကြောင်း၊ သို့သော် ဥပဒေ ကန့်သတ်ချက်များနှင့် ဝန်ထမ်းအင်အား နည်းပါးခြင်းကြောင့် ဂျပန်နိုင်ငံက ယင်း ကိစ္စကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။
စပိန်သတင်းစာနှစ်စောင် ဖြစ်သော El Pais နှင့် El Mundo တို့၏ စပိန်နိုင်ငံ အပေါ် NSA ကလျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည် ဟူသော သတင်းပေးပို့ချက် များနှင့် ပတ်သက်၍ အမေရိကန်အစိုးရက ထင်မြင်ချက် တစ်စုံတစ်ရာ ထုတ်ဖော်မှု မပြုသေးပေ။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အကြား ကာလတွင် NSA သည် စပိန်နိုင်ငံမှ တယ်လီဖုန်း ခေါ်ဆိုမှုများ၊ စပိန်နိုင်ငံသားတို့၏ မက်ဆေ့ခ်ျ ပေးပို့မှုများနှင့် အီးမေးလ်များကို လျှို့ဝှက်စွာ စောင့်ကြည့် ရယူခဲ့ခြင်း ဖြစ်သည်ဟု ယင်းသတင်းစာများက ဆိုသည်။

http://thevoicemyanmar.com/voice/%E1%80%85%E1%80%95%E1%80%AD%E1%80%94%E1%80%B9%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%81%8F-%E1%80%90%E1%80%9A%E1%80%B9%E1%80%9C%E1%80%AE%E1%80%96%E1%80%AF%E1%80%94%E1%80%B9/

No comments:

Post a Comment